Sunday, 26 July 2015

တပင်ရွှေထီး


 
နောက်ခံသမိုင်းကြောင်းနှင့်မွေးဖွားခြင်း
အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ပွဲအပါအဝင် နောက်ဆက်တွဲအဖြစ် နှစ်ဖက်နန်းတက်သည့်မင်းများ မှာစစ်ကို လိုလိုလားလားပင် ဆက်လက်တိုက်ခိုက်ခဲ့ကြသဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ငြိမ်သက်မှုမရှိခဲ့သည်မှာ ကြာလာသည့်နည်းတူပင် နှစ်ဖက်သော မင်းဧကရာဇ်တို့၏ ဗဟိုအာဏာမှာလည်း တစ်စစ အားနည်းကာ လက်အောက်ခံပဒေသရာဇ်များက လေးစားမှု မရှိကြတော့ဘဲဖြစ်ခဲ့ရသည်။ ဟံသာဝတီ(မွန်)တို့၏ ဒေသအတွင်းတွင်မူ ထူးခြားစွာ တိုးတက်လာသည့် ပဒေသရာဇ်ဟု မရှိခဲ့သော်လည်း အင်းဝပိုင်နက်အတွင်းတွင်မူ အင်းဝနန်းတွင်း ဘုရင်ဖြစ်သူ ရွှေနန်းကျော့ရှင်နရပတိ အားနည်းလာခြင်း၊ မြောက်ဖက်မှ ရှမ်းစော်ဘွား(မိုးညှင်းစလုံ)တို့မငြိမ်မသက်ဖြင့် အင်အားကြီးလာခြင်းတို့ကြောင့် သရေခေတ္တရာ(ပြည်)၊ တောင်တွင်းကြီး နှင့် ကေတုမတီ(တောင်ငူ)တို့မှ ပဒေသရာဇ်တို့မှာ အင်းဝ၏ ဗဟိုအာဏာစက်ကို အတိအလင်းပင် ထောက်ခံမှုမရှိကြတော့ဘဲ သီးသန့်ထီးနန်းပြိုင်အဖြစ်စိုးစံလာခဲ့ကြသည်။ ထိုသို့သော ထီးနန်းပြိုင်များအတွင်းတွင် ကေတုမတီတောင်ငူမှ မဟာသီရိဇေယျသူရဘွဲ့ခံ မင်းကြီးညိုမှာ အင်အားအကြီးဆုံးဖြစ်ကာ အင်းဝနှင့် ဟံသာဝတီနှစ်ဖက်လုံးကို ခြိမ်းခြောက်နိုင်သည်။ သို့သော် နန်းလျာဖြစ်မည့် သားတော် မထွန်းကားနိုင်ဖြစ်နေချိန်တွင် ဆင်အုံကန် ဆည်ဖို့ရာမှ ကောက်ယူလာသည့် ၀ါးနွယ်ကုန်းကျေးရွာမှ သူကြီးသမီး ခင်ဦးသည် သားတော် တပင်ရွှေထီးကို ဖွားမြင်လာခဲ့သည်။ မြန်မာမူတွင် အထွေအထူးသော နိမိတ်လက္ခာများမွေးဖွားချိန်တွင် ပေါ်ထွက်လာသည်ဟု ဆိုခဲ့ကြသည့်အပြင်၊ ထိုင်းမူတွင်လည်း မွေးဖွားရာ၌ လျှာပေါ်တွင် မဲနက်သည့် အစက်လက္ခဏာများ ပါလာသည့်အတွက် လျှာနက်မင်း ဟုပင် ခေါ်တွင် မှတ်တမ်းပြုခဲ့ကြသည်။ မွေးဖွားလာရာ ဦးထိပ်တွင် ခမည်းတော် မင်းကြီးညိုကဲ့သို့ပင် ရွှေရောင်တောက်လက်သည့် ဆံမျှင်တစ်ချောင်း ပါလာသည့်အတွက် မင်းကြီးညိုက အထွေအထူး ဗေဒင်ကျမ်းဂန်လာတို့ဖြင့် အမည်မပေးတော့ဘဲ တပင်ရွှေထီးဟု ကိုယ်တော်တိုင် အမည်ပေးခေါ်ဝေါ်စေခဲ့သည်။

နန်းတက်ခြင်း
မဟာသီရိဇေယျသူရမင်းကြီးညိုမှာ သက်တော်၇၂ နှစ်၊ နန်းသက် ၄၆ နှစ် သက္ကရာဇ် ၈၇၉၊ နတ်တော်လဆန်း ၅ ရက်၊ ကြာသာပတေးနေ့ ညဦးချိန်တွင် ရုတ်တရက်နာဖျားကာ နတ်ရွာစံလေသည်။ ထိုသို့ မင်းကြီးညိုနတ်ရွာစံလျှင် ချက်ချင်းပင် နေ့မကူးစေတော့ဘဲ ထိုည တစ်ချက်တီးအချိန်တွင် အသက် ၁၄ နှစ်သာရှိသေးသည့် တစ်ဦးတည်းသောသားတော် တပင်ရွှေထီးကို နန်းထက်သို့တင်ကြလေသည်။ ထိုသို့ နန်းတက်ရာတွင် ရာဇဘိသေက ခံခြင်းမျိုးမဟုတ်ဘဲ နန်းသိမ်းပွဲအဖြစ်သာကျင်းပခဲ့ခြင်းဖြစ်ပြီး အစစ်အမှန် ဘိသိက်ခံကာ နန်းတက်ခြင်းကို ဟံသာဝတီအားသိမ်းပိုက်လေပြီးမှ ပြုလုပ်ခဲ့သည်။ ထိုသို့အသက်ငယ်ရွယ်လှသည့်သူ စိုးစံသော်လည်း အခြားသော မင်းများက လာရောက် ရန်စစ်ပြုခြင်း မရှိခဲ့သည်ကို ကြည့်ခြင်းဖြင့် တောင်ငူ၏ အင်အားကြီးပုံကိုခန့်မှန်းနိုင်ပါသည်။
နန်းတက်သည်နှင့် တစ်ပြိုင်နက်ပင် မိမိကို နန်းရံစေမည့် မှုးမတ်များကို ဘွဲ့ထူးများ၊ စည်းစိမ်များ ပေးခြင်းပြုလုပ်လေသည်။ အထိန်းတော်လည်းဖြစ်၊ ဖခင်၏ ပြည်ထောင်ဖက်လည်းဖြစ်သည့် မင်းကြီးဆွေ (ဘုရင့်နောင်၏ ဖခင်)ကို မင်းရဲသိင်္ခသူ၊ ရှင်နီတာကို သတိုးဓမ္မရာဇာ၊ ရှင်သီဟကို စည်သူကျော်ထင်၊ ရှင်နတ်တော်ကို ဘယနန်သူ အစရှိသည့်ဘွဲ့များ ပေးပြီး မိမိနှင့် နို့စို့ဖက်ဖြစ်သူ၊ ညီအစ်ကိုအရင်းမျှချစ်ခင်သူ၊ မိမိ၏ အစ်မတော် သခင်ကြီးနှင့်ရည်ငံနေသူ ရှင်ရဲထွတ်အား ကျော်ထင်နော်ရထာ ဟူသည့်ဘွဲ့ကိုပေးကာ အစ်မတော် သခင်ကြီးနှင့် လက်ဆက်ပေးလေသည်။ (အမှန်လည်း ညီနောင်အရင်းကဲ့သို့ ချစ်ကြည်ကြသည်။ နောင်တစ်ပင်ရွှေထီးလွန်ပြီး ဘုရင့်နောင်နန်းတက်ပြီးရာတွင် မကြာခဏပင် ညီတော် မင်းတရား၊ ညီတော်မင်းတရား ဟုပြောကြားလေ့ရှိသည်။) ထို့အတူ ရှင်ရဲထွတ်၏ညီမ ခင်ဘုန်းစိုး နှင့် ရှင်နီတာ၏သမီး ခင်မြတ်တို့ကို မိဖုရားအဖြစ် ကောက်ယူကာ လက်ဝဲလက်ယာ မြှောက်စားလေသည်။ သို့သော် ဘိသိက်မခံ၊နန်းမတက်ဘဲ နေသကဲ့သို့ပင် မည်သူ့ကိုမျှ မိဖုရားကြီးအရာ မမြှောက်ဘဲနေခဲ့သည်မှာ တစ်သက်လုံးပင်ဖြစ်ကာ ၄င်းမှာ တစ်ပင်ရွှေထီး၏ ထူးခြားချက်ဖြစ်သည်။
 
နားထွင်းမင်္ဂလာပြုခြင်း
နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွားရောက်နိုင်ရန် ထောက်ခံပြီး၊ ရဲရင့်သန်မာသည့် သူရဲကောင်းများ ခြံရံလျက် သွားသင့်ကြောင်းလျှောက်ရာ လက်ခံပြီး သူရဲကောင်းရွေးစေသည်။ သူရဲကောင်းရွေးပုံမှာ လက်မကို ထောင်စေလျက် လက်သည်းကြားတွင် အပ်စိုက်ပြီး တူနှင့်ထုစေသည်။ လက်မတွန့်သူ၊ မျက်နှာမပျက်သူကိုသာ ရွေးချယ်သည်။ ထိုသို့စမ်းသပ်ရာတွင် တပင်ရွှေထီး၏ သူရဲကောင်း ဗလရဲထင်မှာ မျက်နှာပျက်၊ လက်တွန့်သဖြင့် အရွေးမခံရပဲ ရှက်လှရာ ဗိုက်ကို ကိုယ်တိုင်ခွဲသည်။ နောက် အူစကိုဆွဲထုတ်ပြီး ကျော်ထင်နော်ရထာ လက်သို့ပေးကာ ပြေးရာ အူဆုံးလျှင်သေလေသည်။ထိုအရာကိုမြင်ပြီး တပင်ရွှေထီးချသည့် မှတ်ချက်မှာ မြန်မာ့သမိုင်းတွင်သည့် စကားပင်။ “ငါ့ကျွန် ဗလရဲထင်မှာ မိုက်ကားမိုက်၏။သို့သော်သတ္တိမူမရှိ..။” ဟုဖြစ်လေသည်။ ထိုသို့ဖြင့် လက်ရွေးစင် သူရဲ ၅၀၀ ရလျှင် ရန်သူနယ်မြေအတွင်းရှိ ရွှေမောဓောဘုရားသို့သွားရောက်ကာ နားထွင်းခြင်းအမှုကို ရဲဝံ့စွာပြုလေသည်။ ကျော်ထင်နော်ရထာ ဦးဆောင်သည့် အမတ်လေးကျိပ်နှင့် သူရဲ ၅၀၀ ကစေတီတော် အောက်တွင်စောင့်ကြပ်ပြီး ပုဏ္ဏား ရှစ်ဦးက ရင်ပြင်ပေါ်တွင်တပင်ရွှေထီး ကို နားထွင်း၊ သျှောင်ထုံးခြင်းတို့ကို ပြုလုပ်ပေးလေသည်။ ထိုသို့ပြုလုပ်နေချိန်တွင် ဟံသာဝတီမှ သုရှင်တကာရွတ်ပိလည်း အမျက်ပြင်းစွာထွက်ကာ အမတ်ကြီး များဖြစ်သည့် ဗညားလောနှင့် ဗညားကျန်းတို့နှစ်ဦးကို တပ်များနှင့်စေလွတ်ကာ တိုက်ခိုက်စေသည်။ နားထွင်းမင်္ဂလာပြီးရာ ကိုယ်တိုင်ပင် သတ္တရုဇေယျ မြင်းကိုစီးလျက် ရန်သူတပ်ကို ကြုံးဝါးထိုးဖောက်ပြီး တောင်ငူသို့ပြန်လေသည်။ မွန်တပ်များမှာ တောင်ငူတပ်နောက်သို့ မလိုက်ဝံ့တော့ချေ။

နောင်ရိုးတိုက်ပွဲ
နောင်ရိုးတစ်ဖက်ကမ်းက မွန်တပ်တွေကို တိုက်ဖို့ ဘုရင့်နောင်မှာ အင်အား မလုံမလောက် ဖြစ်နေတယ်။မွန်အင်အားက သူတို့ထက် ၁၀ ဆ များပါသတဲ့။ အဲ့ဒီမှာ ဖောင်နဲ့ တစ်ဖက်ကမ်းကူး။ ပြီး ဖောင်တွေဖျက်။ဖျက်ပြီးတဲ့အခါ တပင်ရွှေထီးက သူ့ကို စောင့်ပါအုံးလို့ လှမ်းမှာတာကို “တိုက်ပွဲ အောင်နိုင်ခဲ့ပါပြီ”လို့ သတင်းပို့ ခိုင်းတယ်။ အဲ့ဒီမှာ တကယ်လို့များ မအောင်မြင်ခဲ့ရင် ဘယ်လိုလုပ်မလဲ ဝိုင်းမေးတဲ့အခါဘုရင့်နောင်က အောင်နိုင်ရင် အသက်ရှင်မည်၊ မအောင်လျှင် သေမည်။ သေပြီးသူကို အပြစ်ဘယ်လိုပေးမလဲလို့ ပြန်ပြောခဲ့ပါသတဲ့။ အင်အား ၁၀ ဆ နည်းတဲ့ သူ့တပ်တွေရဲ့ စိတ်ဓာတ်ကို ၁၀ ဆမကတိုးမြှင့်ပေး ခဲ့တာပါ။ အသက်ရှင်ချင်သလား။ နောက်ဆုတ်စရာ လမ်းမရှိ။ နိုင်အောင်တိုက်ဖို့ပဲရှိပါတယ်။
နောင်ရိုးတိုက်ပွဲအောင်နိုင်ပြီးမှ ကျော်ထင်နော်ရထာကို တပင်ရွှေထီးက ဘုရင့်နောင်ဘွဲ့ ချီးမြှင့်ခဲ့တာဖြစ်သတဲ့။ ဟံသာဝတီကို တပင်ရွှေထီး သိမ်းပြီးနောက် မွန်ဘုရင် သူရှင်တကာရွတ်ပိ နတ်ရွာစံတဲ့အခါမွန်တို့ တပင်ရွှေထီးထံ ဝင်လာကြတယ်။ အဲ့ဒီနောက် မွန်ပြည်အရပ်ရပ်ကို တဆက်တည်းသိမ်းယူခဲ့ကာဟံသာဝတီမှာ နန်းစိုက်ခဲ့ပါတယ်။


အင်းဝနဲ့ တပင်ရွှေထီးတိုက်ပွဲ
အင်းဝ အုန်းဘောင်ခုံမှိုင်းနဲ့စော်ဘွားတွေ တိုင်ပင်ကြတာက ပထမ ပြည်မှာ တပ်စွဲပြီး တောင်ငူကို တိုက်မယ်။ နောက် ဟံသာဝတီကိုဆင်းပြီး မင်းတရားရွှေထီးကို အရယူမယ်ပေါ့။ တပင်ရွှေထီးရဲ့ တပ်တွေမှာ မွန်သူရဲတွေလည်းအမှုထမ်း နေကြတယ်။ တပ်မှူး တစ်ဦးဖြစ်တဲ့ စောလကွန်းအိမ်က ကြည်းကြောင်းနဲ့ အနိုင်တိုက်ပြီးမှရေတပ်ကို ဖြိုခွင်းဖို့ အကြံပေးတယ်။ ဘုရင့်နောင်ကလည်း သူကြည်းကြောင်းက တိုက်မယ်။ တပင်ရွှေထီးကိုရေကြောင်းက ချီပေါ့။ အဲ့ဒီမှာ ပြည်ကို အခိုင်အမာပြုထားတဲ့ အင်းဝတပ်တွေ ဆုတ်ပေးရသတဲ့။ရှမ်းတပ်တွေ ၄ စုကွဲ ထွက်ပြေး ကြရပြီး တပင်ရွှေထီးတို့ စလင်းအထိ လိုက်ခဲ့ကြတယ်။ စလင်းတဝိုက်မြို့ပြတွေ ပုဂံအပါအဝင် သိမ်းယူခဲ့ပါတယ်။ သက္ကရာဇ် ၉၀၆ မှာ တပင်ရွှေထီးက နန်းတော်အတွင်းမှာရွှေလွှတ်တော် ဆောက်လုပ်ခဲ့တယ်။

တပင်ရွှေထီးရခိုင်ချီခြင်း
တဖြည်းဖြည်းအင်အား ကြီးထွားလာတဲ့ တပင်ရွှေထီးဟာ တပ်အင်အား အလုံးအရင်းနဲ့ ရခိုင်ကို ချီခဲ့တယ်။ ရခိုင်တို့ပထမ ခုခံပေမယ့် အင်အားမမျှလို့ သံတွဲကျတယ်။ အဲ့ဒီနောက် ရခိုင်ဘုန်းကြီး လေးပါးက ဝင်ရောက်စေ့စပ်ပေးတဲ့အတွက် ရခိုင်ဘုရင်ကို နန်းမချဘဲ မူလအတိုင်း နေစေကာ လက်ဆောင်ပဏ္ဍာ သွင်းစေခဲ့ပါတယ်။
ရခိုင်ကိုတိုက်နေတုံး ဟံသာဝတီမှာ အင်အားနည်း သွားတဲ့အတွက် ယိုးဒယားတို့ ထားဝယ်ကို လုပ်ကြံတယ်။ထားဝယ်စားလည်း မခံနိုင်တာနဲ့ ရေးကို ဆုတ်ရသတဲ့။ ဒါနဲ့ မုတ္တမစား စောလကွန်းအိမ်ကို တာဝန်ပေးပြီးယိုးဒယားကို ပြန်တိုက်စေပါတယ်။ ယိုးဒယား တပ်တွေလည်း တပင်ရွှေထီး ပြန်လာပြီ အထင်နဲ့ တနင်္သာရီကိုဆုတ်ခဲ့ကြသတဲ့။

တပင်ရွှေထီးယိုးဒယားချီခြင်း
ယိုးဒယားသွားမဲ့လမ်းတလျှောက်က မြို့စားတွေက စစ်သည်၊ ရိက္ခာဆက်ရတယ်။ မြို့စောင့်တပ်တွေ တာဝန်ပေးတယ်။လာမယ်ဆိုတာ ကြိုသိတော့ ယိုးဒယားက ကံပူရီကနေ ကြိုတိုက်တယ်။ ယိုးဒယားတပ် ပျက်တယ်၊ ကစဥ့်ကလျားထွက်ပြေးရာမှာ မြို့ကနေ ပြန်လည် ခုခံတိုက်ခိုက်သတဲ့။ ယိုးဒယားဘုရင့်သားနဲ့ ညီတော်ကိုဖမ်းမိခဲ့တယ်။ ယိုးဒယားမြို့က အမြင့်မှာ တည်ထားပြီး ကျုံးရှိသမို့ ရေပတ်လည်ဝိုင်းနေသတဲ့။ အမြောက်လက်နက်လည်း ထူထူထပ်ထပ် ချထားတော့ တိုက်ဖို့ မလွယ်ဘဲ တစ်လလောက် ဝိုင်းထားခဲ့ရတယ်။နောက် တပင်ရွှေထီးက အနီးအနား ယိုးဒယား လက်အောက်ခံတွေကို သိမ်းယူတာက ပိုအကျိုးရှိမယ်လို့တွက်ပြီး တပ်ကို ပြန်ရုပ်ခဲ့ပါတယ်။ မြန်မာတွေ တပ်ရုပ်တော့ ယိုးဒယားတွေ နောက်က လိုက်လံ တိုက်ခိုက်ကြပါတယ်။
ဘုရင့်နောင်တို့ရွပ်ရွပ်ချွံချွံ ပြန်လည် တိုက်ခိုက်ရာမှာ ယိုးဒယားတို့ အကျအရှုံး များစွာနဲ့ ပြန်ဆုတ်သွားရတယ်။ဒီမှာလည်း တပင်ရွှေထီးက သူ့ကိုစောင့်ပါအုံး မှာသတဲ့။ ဒါပေမယ် ဘုရင့်နောင်က နားမထောင်ပါဘူး။ယိုးဒယားတပ်တွေ ဝိုင်းလာတဲ့အခါမှာ စစ်ပွဲအနေနဲ့ တစ်ဖက်က လုံးဝပြင်ဆင်လို့ မပြီးခင်၊ကြောက်လို့ ငြိမ်နေတယ် ထင်မှတ်မှာ စိုးတာနဲ့ တိုက်ရပါကြောင်း ပြန်ဖြေခဲ့ပါတယ်။ တပင်ရွှေထီးကလည်းစစ်သဘောအရအပြစ်မယူခဲ့။

ကုလားနဲ့ပေါင်းလို့ ဘဝပြောင်းရတဲ့ တပင်ရွှေထီး
မုတ္တမစားဖမ်းမိလို့ ဆက်လာတဲ့ ဘရင်ဂျီကုလား တစ်ယောက်ကို တပင်ရွှေထီး အလွန် နှစ်သက်ခဲ့ပါတယ်။ သူကသေနတ်ပစ် အလွန်တော်သတဲ့။ ဒါနဲ့ ကိုယ်လုပ်တော်နဲ့ ပေးစားပြီး အနား ခစားစေတယ်။ ကိုယ်လုပ်တော်ကကုလား အစားအစာတွေ ချက်ပြုတ်ပြီး ဘုရင်ကို ဆက်သတယ်။ နောက်စပျစ်ရည်ကို အချဉ်ဖောက်ပြီးဆက်သတဲ့။ ဝိုင်ဖြစ်မပေါ့။ ဒါမှမဟုတ် ဒီဂရီတိုင်းတာ မရှိရင် ဝိုင်ထက်လည်း ပြင်းသွားနိုင်ပါတယ်။တစ်နေကုန် မူးယစ် နေတော့ကာ ဘုရင်လုပ်တဲ့သူ အမှားမှား အယွင်းယွင်းတွေ ဆုံးဖြတ်မိပါတော့တယ်။
ဒီလူ့မယားဟိုလူ့ပေး၊ ဟိုလူ့မယား ဒီလူ့ပေး၊ ကြားစကား ကြားရုံနဲ့ မမေးမစမ်း ကွပ်မျက် စတဲ့ အမှားမျိုးတွေတောက်လျှောက် ကျူးလွန်လာခဲ့သတဲ့။ ဘုရင့်နောင်က မမှားရလေအောင် အတတ်နိုင်ဆုံး အနားမှာနေပေးတယ်လို့မှန်နန်းက ဆိုတယ်။ ဒါပေမယ့် ဘုရင့်နောင် မရှိတဲ့အချိန် တရားစီရင်ရင်တော့ အလွဲလွဲအမှားမှားတွေ ဖြစ်နေဆဲပါ။ တကြိမ်မတော့ စစ်တောင်းစား သမိန်စောထွတ်က ကသာမှာ ဆင်ဖြူပေါ်တယ်ဆိုပြီး ခေါ်တယ်။ ဒါနဲ့ တပင်ရွှေထီး လိုက်သွားပြိး အပါးတော်မြဲ စောလကွန်းအိမ်ကိုမုတ္တမပြန်ကာ လူသူဆင်မြင်း စုရုံးစေသတဲ့။ ဘုရင့်နောင် မှာလိုက်တာက ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် ကျွန် စောလကွန်းအိမ်ကို အပါးက မခွာစေဖို့ပါ။ ဒါပေမယ့် တပင်ရွှေထီးက အန္တရာယ်မရှိကြောင်း ဆိုကာ စောလကွန်းအိမ်ကို ပြန်လွှတ်ခဲ့ပါတယ်။ အနားမှာကိုယ်ရံတော် မရှိတဲ့ ညမှာပဲ သမိန်စောထွတ်ရဲ့ ညီ လက်ဝဲဓားမှူး ရဲ့ လက်ချက်နဲ့ တပင်ရွှေထီးခေါင်းပြတ်တယ်။ မနက် ၃ ချက်တီးကလှုပ်နေတဲ့ မျက်တောင် နေ့ ၁ ချက်တီးမှ ရပ်သတဲ့။ တပင်ရွှေထီးနဲ့ပါလာတဲ့ ဆင်မြင်း လူသူတွေ၊ တစ်ချို့လည်း ထွက်ပြေး၊ တစ်ချို့လည်း စစ်တောင်းစားက ဖမ်းဆီးသိမ်းယူခဲ့ပါတယ်။


အကျဥ်းချုပ်

မင်းတရားရွှေထီး၊လျှာနက်မင်း(ထိုင်းမူ)ဟုလည်းခေါ်ကြသည့် တပင်ရွှေထီးသည် မြန်မာ့သမိုင်းတွင် အတော်ပင်ထင်ရှားသည့် ဘုရင်ဖြစ်ပြီး တောင်ငူရာဇ၀င်၊ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံ အစရှိသည့်သမိုင်းကြောင်းများတွင် အမြဲပါဝင်နေသူဖြစ်သည်။အသက် ၁၄ နှစ်အရွယ်တွင် နန်းတက်ပြီး အသက် ၃၅ နှစ်၊ နန်းသက် ၂၀ အ၀င်တွင်လုပ်ကြံခံရပြီး ကွယ်လွန်သည်။ထူးခြားချက်များမှာ မည်သည့် မိဖုရားကိုမှ တရားဝင် မိဖုရားကြီးအဖြစ် မထားခဲ့ခြင်း၊ အသက် ၈ နှစ်သာရှိသေးသည့် မွန်မိန်းမပျို ခေမနောကိုမိဖုရားအဖြစ်သိမ်းယူခြင်း၊အရက်သေစာ ခုံမြင်ကာဘ၀ပျက်ရခြင်းတို့ဖြစ်သည်။ယိုးဒယားကိုတိုက်ခိုက်သည့်ပထမဆုံးမြန်မာမင်းအဖြစ်လည်း သမိုင်းတွင်သည်။တိုက်သမျှစစ်တွင် ရှူံးသည်မရှိ အောင်နိုင်ခဲ့သည်။နန်းတွင်းအမှူထမ်း သမိန်စောထွတ်ကို အယုံကြည်လွန်ကာ ၄င်း၏လုပ်ကြံခြင်းခံရသည်။သေလွန်ချိန်တွင် ခေါင်းပြတ်မှာ မျက်တောင်ခတ်လျက်ပင်ရှိနေသေးသည်ဟုလည်းဆိုကြသည်။

No comments:

Post a Comment