Friday 27 May 2016

ရန်ကုန်စတော့အိတ်ချိန်း ဘယ်အခြေအနေ ရောက်ပြီလဲ





၁၉၉၆ ခုနှစ် ကတည်းက မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်း တည်ထောင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့်
ယခုနှစ်ဆန်းပိုင်းကျမှပဲ ရှယ်ယာ ရောင်းဝယ် မှုတွေနဲ့ စတော့အိတ်ချိန်းကို စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာကျပ်ငွေ ၃၁ ဘီလျံ ရင်းနှီးမြှုပ်နှံထား တဲ့ ရန်ကုန်စတော့အိတ်ချိန်းကို နိုင်ငံပိုင် မြန်မာ့
စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ ဂျပန် ဒိုင်ဝါသုတေသနအဖွဲ့က ၃၀ ဒသမ ၂၅ ရာခိုင် နှုန်း၊
တိုကျိုစတော့အိတ်ချိန်းက ၁၈ ဒသမ ၇၅ ရာခိုင်နှုန်း ထည့်ဝင်ပြီး အကျိုးတူပူးပေါင်း လုပ်ကိုင်နေ
တာပါ။
 ရန်ကုန်စတော့အိတ်ချိန်းမှာ ပြည်တွင်းက အများပိုင်ကုမ္ပဏီတွေပဲ စာရင်းတင်သွင်းခွင့်
ရှိပါတယ်။ အများပိုင် ကုမ္ပဏီခြောက်ခု စာရင်း တင်သွင်းခွင့် ရထားပေမဲ့ လတ်တလော မှာတော့
အများပိုင်ကုမ္ပဏီနှစ်ခုပဲ ရှယ်ယာ ရောင်းဝယ်မှုကို စတင်နိုင်ပါသေးတယ်။ ရန်ကုန်စတော့အိတ်ချိန်းရဲ့
လက်ရှိ အနေအထား၊ စာရင်းကုမ္ပဏီတွေအကြောင်း၊ စတော့ဈေးကွက်ရဲ့ ရောင်းလိုအား၊ ၀ယ်လိုအား၊
မြန်မာ့စီးပွားရေးမှာ စတော့အိတ်ချိန်း ရဲ့ အရေးပါမှု၊ အနာဂတ် အလားအလာနဲ့ ရန်ကုန်စတော့
အိတ်ချိန်းနဲ့ဆိုင်တဲ့ အချက် အလက်တွေကို ယခုသီတင်းပတ်ရဲ့ အထူး စီးပွားရေးသတင်းအဖြစ်
စုစည်းဖော်ပြ လိုက်ပါတယ်။ စာရင်းဝင်ကုမ္ပဏီများ စတော့အိတ်ချိန်း ဈေးကွက်အတွင်း တရားဝင်
ရှယ်ယာ ရောင်းဝယ်ခွင့်အတွက် အရည်အချင်းပြည့်မီကြောင်း ကြေညာခံရတဲ့ အများပိုင်ကုမ္ပဏီတွေ
ကတော့ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (FMI)၊ပထမပုဂ္ဂလိက ဘဏ် (First Private Bank)၊
Great Horkham အများပိုင်ကုမ္ပဏီ၊ မြန်မာ့လယ်ယာ စီးပွား အများပိုင်ကော်ပိုရေးရှင်း (MAPCO)၊
မြန်မာ နိုင်ငံသားများဘဏ် (Myanmar Citizen Bank) နှင့် မြန်မာသီလ၀ါအထူးစီးပွားရေးဇုန်
အများပိုင်ကုမ္ပဏီ (Myanmar Thilawa SEZ Holdings Public Limited)
တို့ဖြစ်ပါတယ်။ ရန်ကုန်
စတော့အိတ်ချိန်းမှာ ပထမဆုံး စာရင်းဝင်ပြီး အစုရှယ်ယာတွေ စတင် ရောင်းချခဲ့တဲ့ အများပိုင်
ကုမ္ပဏီကတော့ ပထမ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ(FMI) ပါ။
FMI က ၂၀၁၆ ခုနှစ်၊ မတ် ၂၅ ရက်မှ စာရင်း တင်သွင်းခဲ့တာပါ။ ပထမမြန်မာ့ရင်းနှီးမြှုပ်နှံမှု
ကုမ္ပဏီ(FMI) ကို ဆာ့ခ်ျပန်းခေါ် ဦးသိမ်းဝေ က ၁၉၉၂ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ မတည်
ရင်းနှီးငွေကျပ် ၂ ဒသမ ၃ ဘီလျံရှိပြီး၊ ထုတ်ရောင်းပြီးတဲ့ ရှယ်ယာပေါင်းက ၂၃ သန်း ကျော်ရှိပါ
တယ်။ အဓိက စီးပွားရေးလုပ်ငန်း ကြီးတွေဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်း၊ ဘဏ္ဍာရေး ၀န်ဆောင်မှု
လုပ်ငန်းနဲ့ ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းတို့အပြင် စီးပွားရေး လုပ်ငန်းအမျိုးမျိုးမှာ
ရင်းနှီးမြှုပ်နှံထားတဲ့ င်္FMI ကုမ္ပဏီမှာ ၀န်ထမ်းပေါင်း ၃,၀၀၀ ကျော်ရှိပါတယ်။ ကုမ္ပဏီရှယ်ယာ
စတင် ရောင်းချစဉ်က ရှယ်ယာတစ်စုတန်ဖိုး ကျပ် ၁,၀၀၀ ဖြစ်ပြီး စာရင်းတင်ရောင်းချချိန်မှာတော့
၂၆ ဆမြင့်တက်ပြီး ကျပ်၂၆,၀၀၀နဲ့ ဈေးစတင်ခဲ့ပါတယ်။
 မြန်မာသီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်
ကုမ္ပဏီ (MTSH) က မေ ၂၀ ရက်က စာရင်းဝင်ခဲ့တဲ့ ဒုတိယမြောက်ကုမ္ပဏီဖြစ်ပါတယ်။
သီလ၀ါအထူးစီးပွားရေးဇုန်ကို အခြေ ပြု၍ ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ တာဖြစ်ပြီး၊
ဥက္ကဋ္ဌမှာ ကုန်သည်စက်မှုအသင်း ချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်ဖြစ်သည်။ မတည် ရင်းနှီးငွေကျပ်
၃ ဒသမ ၈ ဘီလျံရှိပြီး ထုတ်ရောင်းမည့်ရှယ်ယာပေါင်း လေးသန်း နီးပါးရှိပါတယ်။ ပြင်ပဈေးကွက်မှာ
ရှယ်ယာတစ်စုကို ကျပ် ၁၀၀,၀၀၀ အထိအမြင့်ဆုံးပေါက်ခဲ့ပေ မယ့် စတော့ဈေးကွက်မှာတော့
ကျပ် ၄၀,၀၀၀ နဲ့ စဖွင့်ခဲ့ပါတယ်။
 တတိယမြောက်စာရင်းဝင်ရန် အလားအလာရှိသည့် မြန်မာနိုင်ငံ
သားများဘဏ်လီမိတက် ၀န်ကြီးဌာန၏ ရှယ်ယာတချို့ပါဝင်သော မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်မှာ
ဇူလိုင်လတွင် ရှယ်ယာများ ဈေးကွက်တင် ရောင်းချနိုင်ရန် ရည်မှန်းထားကြောင်းဘဏ်၏
အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းက ပြောသည်။

"စာရင်းဝင် ကုမ္ပဏီနှစ်ခုဖြစ်လာတဲ့ အတွက် စတော့ဈေးကွက်တစ်ခုလုံးရဲ့ အတက် အကျကို ဖော်ညွှန်းပြနိုင်တဲ့ မြန်မာစတော့ ညွှန်းကိန်း (Myanmar Stock Price Index Myanpix) ကို
စတင်တွက်ချက် ထုတ်ပြန်ပေး သွားတော့မှာပါ။ ဒီအညွှန်းဟာ နောင် တစ်ချိန်မှာ နိုင်ငံရဲ့စီးပွားရေးကို
ထင်ဟပ် လာစေမယ့် အညွှန်းကိန်းတစ်ခုလည်း ဖြစ်ပါ တယ်" လို့ ဦးယဉ်ဇော်မျိုးက ပြောပါတယ်။
အဆိုပါ အညွှန်းကိန်းတွက်ချက်မှုအရ စာရင်းဝင်ကုမ္ပဏီနှစ်ခုသာ ရှိသေးတဲ့ ရန်ကုန်
စတော့အိတ်ချိန်းရဲ့ မေ ၂၀ ရက် မြန်မာ စတော့အညွှန်းကိန်းက ၁၄၅ ဒသမ ၁၆ ရှိခဲ့ပါတယ်။















 မေ ၂၀ ရက်မှာပဲ စင်ကာပူနိုင်ငံရဲ့ စတော့အညွှန်းကိန်းကတော့ ၂,၇၆၃ ဒသမ ၈၂ ရှိနေတဲ့
အတွက် ၀ယ်လိုအား အတက်ပြ အညွှန်းကိန်းဖြစ်နေပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ရှယ်ယာ
ရောင်းဝယ်မှုဈေးကွက်မှာ ၀ယ်လိုအားမြင့် မားနေခြင်းနဲ့အတူ ဈေးနှုန်းများ မြင့်တက် နေခြင်းက
စာရင်းဝင်ကုမ္ပဏီ နည်းနေသေးတဲ့ အတွက် ဖြစ်ပါတယ်။ ရေရှည်မှာတော့ အမှန်တကယ်
ဖြစ်သင့်တဲ့ ပုံမှန်ဈေးနှုန်းနဲ့ ရောင်းဝယ်မှုအခြေအနေကို ရောက်လာမည် လို့ MTSH ၏
အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းဟန်က ပြောပါတယ်။ "ရှယ်ယာဈေးနှုန်းဆိုတာက ၀ယ်လိုအား
အနည်းအများအပေါ်မူတည်ပြီး ဈေးနှုန်း တစ်ခုဖြစ်လာတာဆိုတော့ ဘယ်ဈေးဖြစ်သင့်တယ်
ဆိုတာမျိုး မရှိနိုင်ဘူး။ အခုက စာရင်းဝင် ကုမ္ပဏီအရေအတွက်က နှစ်ခုတည်း ရှိသေးတယ်လေ။
နောက်ပိုင်း ကုမ္ပဏီတွေအများကြီး ဖြစ်လာရင် ရှယ်ယာရှင်တွေကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူလာ
နိုင်မယ်။ အဲဒီအခါကျရင် ဈေးကွက်က ၀ယ်လိုအားအတိုင်း ပုံမှန် အနေအထားတစ်ခုပြန်ရောက်သွား
မှာပါ" လို့ ဦးသိန်းဟန်က ပြောပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းမှာ FMI အစု ရှယ်ယာတွေ စတင်ရောင်းချခဲ့တဲ့နေမှ မေ ၂၅ ရက်အထိ
၃၅ ရက်တာအတွင်း အစုရှယ်ယာပေါင်း ၁,၀၁၂,၀၈၀ အထိ အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး၊ စုစုပေါင်း
တန်ဖိုး ကျပ်ငွေ ၃၅ ဘီလျံ ရှိခဲ့ပါတယ်။ သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ
အစုရှယ်ယာတွေ စတင်ရောင်းချခဲ့တဲ့ နေ့ကနေ မေ ၂၅ ရက်အထိ လေးရက်တာ အတွင်း
အစုရှယ်ယာပေါင်း ၁၁၉,၉၃၂ အရောင်းအ၀ယ် ဖြစ်ခဲ့ပါတယ်။ စုစုပေါင်း တန်ဖိုး ကျပ်ငွေ
ခုနစ်ဘီလျံ ရှိခဲ့ပြီး တစ်ရက်ကို ပျမ်းမျှအစုရှယ်ပေါင်း ၂၀,၀၀၀ ခန့် အရောင်း အ၀ယ် ဖြစ်ခဲ့
တာပါ။ မေ ၂၅ ရက်မှာ FMI အစုရှယ်ယာ တစ်ခုပေါက်ဈေးက ကျပ် ၂၇,၀၀၀ နဲ့ သီလ၀ါ
အစုရှယ်ယာက ကျပ် ၆၀,၀၀၀ နဲ့ဈေးပိတ်ခဲ့ ပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းနှင့် ပတ်သက်ပြီး
သတိထားရမည့်အချက်များ ယခင်က ငွေပိုငွေလျှံရှိသူတွေအတွက် ရင်းနှီးမြှုပ်နှံစရာနေရာက
အိမ်ခြံမြေ၊ ရွှေ၊ နိုင်ငံခြားငွေကြေးတို့သာ ရှိခဲ့တာပါ။ အဲဒီ ကဏ္ဍတွေမှာ ၀ယ်လိုအားများလို့
ဈေးတက် ရိပ်ပြတိုင်း စုပြုံဝယ်ယူရင်းနှီးမြှုပ်နှံကြတဲ့ အတွက် ဈေးကွက် ကမောက်ကမ ဖြစ်တာ
တွေလည်း ရှိခဲ့ပါတယ်။ ယခုအချိန်မှာတော့ လူတွေက ရန်ကုန်စတော့အိတ်ချိန်းမှာ ရင်းနှီး မြှုပ်နှံဖို့
ပိုပြီးမျက်စိကျလာပါတယ်။ စတော့အိတ်ချိန်းမှာ ၀င်ရောက်ရင်းနှီး မြှုပ်နှံမယ်ဆိုရင် အလောတကြီး
ရှယ်ယာ ၀ယ်ယူခြင်းထက် ဈေးကွက်ဗဟုသုတတွေ သတင်းအချက်အလက်တွေ များများသိနိုင် ဖို့
အရေးကြီးတယ်လို့ ပညာရှင်တွေနဲ့ အိတ်ချိန်း ကျွမ်းကျင်သူတွေက ထောက်ပြ ထားပါတယ်။
ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာကို ဈေးတက်ရိပ် ပြသည့်အချိန်မှာ အရင်စလိုဝယ်ယူခြင်းထက်
ကုမ္ပဏီရဲ့အခြေအနေ၊ ထုတ်ပြန်ချက် စတာ တွေကို သေချာလေ့လာထားဖို့ လိုပါတယ်။
စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီရဲ့ သမိုင်း ကြောင်း၊ ဘယ်လိုလုပ်ငန်းမျိုးတွေ လုပ်ကိုင်
နေသလဲ၊ ဆုံးရှုံးနိုင်ခြေက ဘာတွေလဲ။ နှစ်စဉ်ရှယ်ယာပေါ် အမြတ်ဝေစု ခွဲဝေပေးနိုင်လား။
အမြတ်ဝေစုမရဘူးဆိုရင် ရှယ်ယာ တန်ဖိုး မြင့်တက်နိုင်ခြေ တစ်ခုတည်းကို မျှော်လင့်နေရ
မှာဖြစ်ပါတယ်။
ရှယ်ယာပေါ် အမြတ်ဝေစု ရာခိုင်နှုန်းများလွန်းရင်လည်း ကုမ္ပဏီတစ်ခုအတွက် လုပ်ငန်းချဲ့ထွင်ဖို့ ပြန်လည်ရင်းနှီးမြှုပ်နှံရာမှာ နှောင့်နှေးစေ မှာပါ။ ၁၉၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး
လက်ရှိလည်း ကျင့်သုံးနေဆဲဖြစ်တဲ့ မြန်မာကုမ္ပဏီများ အက်ဥပဒေအရ ရန်ကုန်စတော့အိတ်ချိန်းမှာ
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံရန်ခွင့် မရှိ သေးပါဘူး။ အသစ်ပြန်လည်ရေးဆွဲထားတဲ့ ကုမ္ပဏီများအက်ဥပဒေ ပေါ်ထွက်လာမှသာ နိုင်ငံခြားသားတွေ ၀င်ရောက်ရောင်းဝယ်ခွင့် ရမှာ
ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်စတော့အိတ်ချိန်း ၀င်ရောက် ရင်းနှီးမြှုပ်နှံသူတွေက တစ်ဦးချင်း
တစ်ယောက်ချင်းအနေနဲ့သာ ရှိပါသေးတယ်။ နိုင်ငံတကာဈေးကွက်တွေမှာတော့ ပင်စင် အဖွဲ့အစည်း၊
ရှယ်ယာရောင်းချမှုကို တာဝန် ယူ ဆောင်ရွက်ပေးနေတဲ့ကုမ္ပဏီတွေ၊ အာမခံ ကုမ္ပဏီတွေက
သူတို့ရဲ့ဝင်ငွေတိုးပွားအောင် ၀င်ရောက်ရင်းနှီးမြှုပ်နှံလေ့ ရှိပါတယ်။ စတော့အိတ်ချိန်းမှာ တစ်ဦးချင်း
ရင်းနှီး မြှုပ်နှံမှုတွေက ဈေးကွက်ကို ဆန်းစစ် တွက်ချက်နိုင်မှု အားနည်းတယ်လို့ ကျွမ်းကျင် သူတွေက
ဆိုကြပါတယ်။
 ရှယ်ယာရောင်းချ
သူတွေက တံဆိပ်ခေါင်း ခွန် ကင်းလွတ်ခွင့်ရှိပေမဲ့ ကော်မရှင်ခကို တော့ ပေးသွင်းရမှာ ဖြစ်ပါတယ်။
ရှယ်ယာ ရောင်းဝယ်မှု အကြိမ်ရေများပါက အရေ အတွက်အလိုက် ကော်မရှင်ခ ပေးသွင်းရမယ်
ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ် ပါတယ်။ ကျပ်ငါးသိန်းအောက်တန်ဖိုးရှိ ရှယ်ယာ
များဝယ်ယူပါက ကော်မရှင်ခ ကျပ် ၅,၀၀၀၊ ငါးသိန်းတစ်ကျပ်မှ ကျပ်ဆယ်သိန်းအထိကို
၁ ရာခိုင်နှုန်း၊ ဆယ်သိန်းတစ်ကျပ်မှ ကျပ် ဆယ်သန်းအထိကို ၀ ဒသမ ၈ ရာခိုင်နှုန်း၊
ဆယ်သန်းတစ်ကျပ်မှ ကျပ်သန်းတစ်ရာအထိ ကို ကော်မရှင်ခ ၀ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ကျပ် သန်းတစ်ရာ့တစ်ကျပ်မှအထက်ကို ကော်မရှင်ခ ၀ ဒသမ ၅ ရာခိုင်နှုန်း ၀န်ဆောင်ခပေးဆောင်
ရမှာပါ။ မြန်မာ့စီးပွားရေးနှင့် ရန်ကုန်စတော့ အိတ်ချိန်း၏ အရေးပါမှု၊ အနာဂတ် အလားအလာ
ကုမ္ပဏီတွေကလည်း စတော့အိတ်ချိန်းမှာ ပြည်တွင်းလုပ်ငန်းတွေအတွက် ရှယ်ယာတွေ
ထုတ်ရောင်းရင်း ငွေကြေးအရင်းအနှီးရှာပြီး လုပ်ငန်းချဲ့ထွင်နိုင်တဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ ပြည်သူ တွေအတွက်လည်း ငွေပိုငွေလျှံကိုရင်းနှီးမြှုပ်နှံ ဖို့အခွင့်
တစ်ရပ်ဖြစ်ပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာ ရောင်းဝယ်နေမှု အနေအထားများကို မေ ၂၀ ရက်က တွေ့ရစဉ်။နိုင်ဝင်းထွန်း / မြန်မာတိုင်း(မ်)ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာ ရောင်းဝယ်နေမှု အနေအထားများကို မေ ၂၀ ရက်က တွေ့ရစဉ်။နိုင်ဝင်းထွန်း / မြန်မာတိုင်း(မ်)
သို့သော် ငွေပို ငွေလျှံအချို့ဘဏ်မှာ စုငွေထည့်ထားသူတွေ ကတော့ ရှယ်ယာတက်ဈေးပေါ်မှာ
ရမယ့် အမြတ်နဲ့ ဘဏ်တိုးနှုန်းနဲ့နှိုင်းယှဉ်ပြီး ဘဏ်က ငွေတွေထုတ်ကာ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်
ဆိုရင်တော့ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်နေပါတယ်။ မြန်မာ့စီးပွားရေးဘဏ်အပေါ်
အမေ ရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကနေ ယခု လလယ်ပိုင်းမှာပဲ လွတ်မြောက်ခဲ့တာကြောင့်၊
ဘဏ်ရဲ့ လက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ ရန်ကုန်စတော့အိတ်ချိန်းဟာလည်း နောက်ပိုင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့်ရရင် နိုင်ငံတကာ ရဲ့စိတ်ဝင်စားမှု ပိုမိုရလာနိုင်ပါတယ်။

Wednesday 11 May 2016

အားရော အားကြရဲ့လား

 


‘ကဲ . . . ဒီကအစ်ကိုကြီး။ ပြန်ထွက်လို့ရပါပြီ’

တာဝန်ကျ မီးသင်္ဂြိုဟ်လုပ်သားရဲ့ စကားအဆုံး မီးတောက်တွေကြားက ကျုပ်သူငယ်ချင်းရဲ့ ရုပ်အ လောင်းကို ကျောခိုင်းပြီးတံခါးပေါက်ကနေ ပြန်ထွက်လာခဲ့တယ်။

ကျုပ်လေ ရင်ထဲမကောင်းလိုက်တာဗျာ။ ဝမ်းနည်းလွန်းလို့ ရှိုက်ကြီးတငင် ငိုချလိုက်တာဗျာ။ ဝမ်းနည်း လွန်းလို့ ရှိုက်ကြီးတငင် ငိုချလိုက်ချင်ပေမယ့် မျက်ရည်တွေက မဆိုစလောက်လေးပဲ စိမ့်ထွက်လာ တယ်။ အခေါင်းတစ်လုံးကို ရဲရဲတောက်နေတဲ့ မီးညွန့်တွေပေါ် တုတ်ပိုင်းကြီးနဲ့ ထိုးတင်လိုက်တာများ အေးခင်တို့သားအမိတွေမြင်ရင် ခံနိုင်ရည်တောင် ရှိနိုင်ပါ့မလားလို့ ကျုပ်တွေးမိတယ်။ အင်းလေ ဒါကြောင့်မို့လည်း သူတို့သားအမိတွေ ဝင်မကြည့်ကြတာတူပါရဲ့။ မီးရှို့တဲ့အခန်းထဲ ကွယ်လွန်သူရဲ့ မိသားစုဝင်တစ်ယောက်၊ နှစ်ယောက်ဝင်ကြည့်ဖို့ခေါ်တော့ စိတ်မခိုင်လို့ဆိုပြီး သူတို့ကဝင်မကြည့်ကြ ဘူးလေ။ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ကျုပ်ကိုပဲဝင်ကြည့်လိုက်ပါတဲ့။

သူငယ်ချင်း မျိုးမင်းရေ၊ ဟောဒီရေဝေးသုသာန်ရဲ့ မီးတောက်တွေကြားထဲက ပြာမှုန့်ကလေးတွေထဲမှာ မင်းရဲ့ခန္ဓာ နိဋ္ဌိတံသွားတော့မှာပေါ့။ မင်းရဲ့မိန်းမနဲ့ သမီးသုံးယောက်။ ပြီးတော့ကျုပ်။ ပြီးတော့ ဟောဒီ သတ္တလောကကြီးထဲမှာရှိနေတဲ့ သက်ရှိလူသားတွေအားလုံးဟာ တစ်နေ့နေ့တော့ မင်းနောက်ကို မုချမ လွဲလိုက်လာကြမှာပါ။ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လိုပုံစံမျိုးနဲ့သာမသိသေးတာပါ။ လိုက်လာရမှာ တော့ ဧကန်ပဲလေ။ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့အေးခင်တို့သားအမိကိုကြည့်ပြီး ကျုပ်ဘယ်နှစ်သိမ့်ရ မလဲလို့ တွေးကြည့်မိတယ်။

ဒါပေမဲ့ သေချာတာတစ်ခုက ကျုပ်ကိုယ်ကျုပ်တောင် မနှစ်သိမ့်တတ်သေးဘူးလေ။ လက်ထဲမှာကိုင် ထားတဲ့ ယပ်တောင်ကလေးကို ငုံ့ကြည့်လိုက်တော့ မျက်ရည်တွေကြားကနေ ခပ်ဝါးဝါးတွေ့လိုက် တယ်။ ဦးမျိုးမင်း အသက် (၄၅) နှစ်တဲ့။ အဲဒါ ကျုပ်သူငယ်ချင်းကြီးပေါ့။ ကျုပ်နဲ့ ဟိုး လေး၊ ငါးနှစ်သား အရွယ်ကတည်းက ပခုံးဖက်ပြီးပေါင်းလာကြတဲ့ ငယ်သူငယ်ချင်း အရင်းကြီးပေါ့ဗျာ။

သူဟာ တကယ်တော်တဲ့ လူတော်တစ်ယောက်ပါ။ ဟိုးအရင်ခပ်ငယ်ငယ် ကျောင်းသားဘဝကတည်း က အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်ခဲ့တဲ့ လူတစ်ယောက်ပေါ့။ အပျော်အပါး အလေအလွင့်စိတ်ဆို တာ သူ့ဆီမျာတစ်ခါမှမတွေ့ခဲ့ဖူးဘူး။ ဘာမှလုပ်စရာမရှိရင်တောင် စာဖတ်နေတဲ့ လူစားမျိုး၊ ကျောင်း သားဘဝတုန်းကပေါ့။

အသက်ကလေးရလာလို့ အိမ်ထောင်တွေ ဘာတွေကျတော့လည်း ကြိုတင်အစီအစဉ်ချထားတဲ့ ရှေ့ ဆက်လုပ်စရာတွေက သူ့ဆီမှာမနည်းမနော။ အလုပ်နဲ့လက်နဲ့ကိုမပြတ်တာ။ ‘သူငယ်ချင်း မင်းကြည့်ရ တာ ပင်ပန်းလိုက်တာကွာ’ အဲဒီလိုကျုပ်ပြောတော့ သူဘာပြန်ပြောတယ်ထင်သလဲ။ ‘အရွယ်ရှိတုန်း ကြိုးစားထားရမယ် သူငယ်ချင်း။ အခုချိန်အပင်ပန်းခံမှ နောင်တစ်ချိန် သက်သာမှာ။ မင်းလည်းကြားဖူး ပါတယ်။ အရိပ်လိုချင်နေပူထဲကစောင့်ဆိုတာလေ။ အသက်ကြီးမှ နောင်တမရချင်ဘူးကွာ’

သူပြောတာလည်း ဟုတ်သားဗျ။ ဒါကြောင့် သူတို့မိသားစု အဆင်ပြေပြေနေနိုင်တာ။ ကျုပ်ကဖြင့် အဲဒီ လိုမဟုတ်ပေါင်။ အခွင့်အရေးရရင်ရသလို အပျော်အပါးက ခပ်များများရယ်။ အနာဂတ်အစီအစဉ်ဆို တာလည်း ကျုပ်ဆီမှာလုံးဝမရှိခဲ့ဖူးဘူး။ ဒါကြောင့်မို့ထင်ပါရဲ့။ ဆင်းရဲတဲ့မိသားစုတွေဆီက ကြီးပြင်းလာ ကြသူချင်းအတူတူ သူကပဲတစ်ဟုန်ထိုး တိုးတက်သွားတယ်။ ကျုပ်မှာဖြင့် နည်းနည်းချင်းပဲ စုဆောင်း နိုင်ခဲ့တယ်။ တစ်ခါတလေ ကျုပ်အခက်အခဲရှိရင် သူ့ဆီကတောင် ပြန်ချေးငှားနေရသေး။ အဲဒီအချိန်မျိုး ဆို သူပြောတတ်တာတစ်ခုရှိတယ်။ ‘အချိန်တွေကို အကျိုးရှိရှိအသုံးချစမ်းပါကွာ’ တဲ့။ တစ်ခါတုန်းက လည်း တရားပွဲသွားမလို့ဆိုပြီး သူ့ကိုကျုပ်ခေါ်ဖူးသေးတယ်။ ညပိုင်းလုပ်စရာအရေးကြီးတဲ့ကိစ္စတွေရှိ လို့ဆိုပြီး သူငြင်းခဲ့တယ်။ ‘အူမတောင့်မှ သီလစောင့်နိုင်မှာ သူငယ်ချင်း။ အူမတောင့်ဖို့အတွက် ကြုံ တုန်းလေး ဖြည့်ထားပါရစေဦး’ တဲ့။

အင်းလေ။ သူအဲဒီလို စီးပွားရေးလုံးပန်းခဲ့လို့လည်း သူတို့မိသားစု မတောင့်မတ မကြောင့်မကြနေနိုင် တာ ထင်ပါရဲ့။ ကျုပ်အမျိုးသမီးကဆို သူ့ကိုအရမ်းချီးကျူးတာ။ ‘ကိုမျိုးမင်းဟာ တော်တော်အလုပ်လုပ် နိုင်တယ်နော် အံ့ရော။ သူ့ကြည့်လိုက်ရင် အလုပ်နဲ့လက်ပြတ်တာ မမြင်ဖူးသလိုပဲ’။ အဲဒီလိုများပြောရင် ကျုပ်စိတ်ထဲ သိပ်မကြိုက်ချင်ဘူး။ ဒါပေမဲ့ ကျုပ်ကိုလည်းအပြစ်ပြောပြီး ဝေဖန်တာမျိုးတော့ မရှိဘူး။ ကိုယ့်ကိုယ်ကိုယ်မို့ ပြောတာမဟုတ်ဘူး။ ကျုပ်လည်း တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ခါတလေ အခက်အခဲရှိလို့ စီးပွားရေးလေးမဆိုစလောက် ကျပ်တည်းတတ်တာကလွဲပြီး ချို့ချို့တဲ့ တဲ့တော့ မဟုတ်ပါဘူး။ ကျုပ်သူငယ်ချင်းလို အုတ်ခံတိုက်အိမ်မျိုးနဲ့ မထားနိုင်ခဲ့ပေမယ့် ပျဉ်ထောင်သွပ် မိုးထက်တော့ မနိမ့်ခဲ့ပါဘူး။ ဆီအပြည့်၊ ဆန်အပြည့်နဲ့ ရွှေခံရွှေရံလေးလောက်တော့ အပိုအလျှံရှိပြီး သား။ ဘာပဲဖြစ်ဖြစ်တော့ ကျုပ်နဲ့ကျုပ်သူငယ်ချင်းက နံ့သာဆီနဲ့အီး။

ကျုပ်သူငယ်ချင်းမှာ ရွှေဖြူ၊ ရွှေဝါ၊ ရွှေခင်ဆိုပြီးတော့ သမီးသုံးယောက်ရှိတယ်။ သူအခုကြိုးစားလုပ်နေ ရတာ အိမ်ထောင်မကျသေးတဲ့ သူ့သမီးတွေ နောင်ရေးအတွက်တဲ့။ ဖခင်ကောင်းပီသတာများ ပြောပါ တယ်။ သူ့နောက်ဆုံးရည်မှန်းချက်က သူမသေခင် သူ့သမီးသုံးယောက်အတွက် အိမ်နဲ့ခြံ တစ်ယောက် တစ်ကွက်စီဝယ်ပေးထားနိုင်ဖို့တဲ့။ တော်တော်တောင် နီးစပ်နေပြီပြောတယ်။ အဲဒီရည်မှန်းချက်နဲ့ပဲ သူ့ရဲ့အချိန်ဇယားထဲမှာ အားလပ်ချိန်ဆိုတဲ့စာသား ပျောက်နေခဲ့တယ်။ ဟောအခုကြည့်။ သူ့ရည်မှန်း ချက်တွေမပြည့်ခင် ရုတ်တရက်ကြီး ဆုံးပါးသွားခဲ့ပြီ။ မအားလပ်တဲ့ကြားကပဲ ထားသွားရက်ခဲ့ပြီ။ သူငယ်ချင်းရေ ကောင်းရာသုဂတိ လားပါစေကွာ။ မင်းမရှိတဲ့နောက်ပိုင်း မင်းမိသားစုတဖြည်းဖြည်း အသားကျသွားမှာပါ။ စိတ်ဖြောင့်ဖြောင့်သာ သွားပေတော့။ ရေဝေးသုသာန်ကြီးကတော့ မီးခိုးလုံးကြီး တွေ၊ မျက်ရည်ပေါက် ကြီးငယ်တွေ၊ ဝမ်းနည်းပူဆွေးမျက်နှာတွေ၊ အော်ဟစ်ငိုယိုသံတွေနဲ့ ကြိတ်ကြိတ် တိုးလို့ပေါ့။ နောက်ထပ်နောက်ထပ် ရောက်လာကြတဲ့ အသက်မဲ့ခန္ဓာတွေထည့်ထားတဲ့ ခေါင်းတလား အပြင်ဘက်တွေမှာ ဦး၊ ဒေါ်၊ ကို၊ မနဲ့ နာမည်တွေ အမျိုးမျိုး ရေးထိုးထားကြတယ်။ အသက်အရွယ်တွေ ကလည်း ကိန်းဂဏန်းအစုံအလင်။

သြော် . . . သူတို့တွေလည်း ဒီလိုရောက်လာကြတာ အားရောအားကြရဲ့လား။

ကိန်းဂဏန်းတွေက သင့်ဘဝကို အဆုံးအဖြတ်ပေးလိမ့်မယ်

http://journeywithdestiny.com/wp-content/uploads/2014/10/life-in-numbers.jpg

၁ သင်စုဆောင်းထားတဲ့ငွေကြေးများ
၂ သင့်ရဲ့အသက်
၃ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်သောအချိန်
၎ သင်ချမှတ်ထားသော ပန်းတိုင်အတွက် အသုံးပြုချိန်
၅ သင့်ပညာရေး ရလဒ်များ

တော်တော်များဟာ ဝင်ငွေတွေကိုသာ ရေတွက်ကြပြီး ထွက်ငွေတွေကျတော့ မသိချင်ယောင်ဆောင်ထားကြတယ်။
နေ့စဉ် ထွက်ငွေတွေကို အမျိုးအစားအလိုက် မှတ်သားသွားဖို့လိုတယ်။ လကုန်ရက် စာရင်းချုပ်ကြည့်ရင် အသုံးထက်အဖြုန်းများနေသလား၊ ဒီနေရာမှာ မသုံးဘဲ ဟိုနေရာလေးသုံးလိုက်ရင်ပိုကောင်းမလား၊ သုံးသပ်ပြီး နောက်လတွေအတွက် ပိုမိုကောင်းမွန်တဲ့ အစီအစဉ် တွေချနိုင်တာပေါ့။

သင့်ဘဝအောင်မြင်တိုးတက်ချင်ရင် ပန်းတိုင်တွေချမှတ်၊ ပန်းတိုင်အတွက် အစီအစဉ်တွေချမှတ်၊ အစီအစဉ်တွေအတွက်လိုအပ်တဲ့အချိန်တွေ မြှုပ်နှံရမယ်။
တစ်နေ့တာအချိန်တွေ ဘယ်လိုကုန်လို့ကုန်မှန်းမသိတဲ့သူအဖို့ ပန်းတိုင်တွေအလှမ်းဝေးနေဦးမှာပဲ။
ကျန်းမာရေးကိုလည်းမေ့ထားလို့မရပြန်ဘူး။ စိတ်သွားတိုင်းကိုယ်ပါနိုင်ဖို့ ကျန်းမာဖို့လိုတယ်။ တစ်နေကုန် ထိုင်ပြီးအလုပ်လုပ်နေရတာလား။ လှုပ်ရှားမှုတော့ရှိပါရဲ့ စိတ်ဖိစီးမှုတွေနဲ့လား။ ဒီလိုဆိုရင် ပိုကောင်းမွန်တဲ့ အစီအစဉ်လေးတွေတော့လိုနေပြီ။

သင့်ပညာရေးအတွက်ကရော ဘယ်လိုအစီအစဉ်တွေရှိသလဲ။ ညဘက်အိမ်ပြန်ရောက်ချိန်နောက်ကျလို့ ပင်ပန်းနေလို့ဆိုတဲ့ ဆင်ခြေတွေပေးနေမိလား။ facebook သုံးဖို့အချိန်ရှိသလား။ တနင်္ဂနွေနေ့ တွေလည်း ဒီတစ်ရက်လေးပဲနားရလို့ ဆင်ခြေပဲလား။ မနက် ၅နာရီထရင်ရော အိပ်ရေးပျက်လို့လား။ ညဥ့်နက်ထိ တီဗီကြည့်တာ မလုပ်လို့မရဘူးလား။ ဆင်ခြေတွေကပဲ နည်းလမ်းတွေကို အမှောင်ဖုံးစေတယ်။

ဒီတော့ ဘယ်လိုတွေလုပ်ရမလဲ

သင့် ကိန်းဂဏန်းတွေကိုစမှတ်ပါတော့။
ဝင်ငွေထွက်ငွေတွေစမှတ်မယ်။ ဘတ်ဂျတ်တွေသတ်မှတ်မယ်။ ပန်းတိုင်၊ အစီအစဉ်တွေအတွက် အသုံးပြုတဲ့ အချိန်တွေမှတ်မယ်။ လေ့ကျင့်ခန်းလုပ်ချိန်တွေမှတ်မယ်။ ပညာရေးအတွက်အသုံးပြုချိန်တွေမှတ်မယ်။
တစ်လတစ်ခါ ကိန်းဂဏန်းတွေကို သုံးသပ်လိုက်ရင် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေချမှတ်ဆောင်ရွက်နိုင်ပါလိမ့်မယ်။
ကိန်းဂဏန်းတွေက သင့်ကိုမလိမ်ပါဘူး။ မှန်မှန်မှတ်သွားဖို့ပဲလိုတာပါ။