Tuesday 30 June 2015

အမေ့ခံ အင်းဝ တံတားအို

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6MJMjUudTrmRw8EgmpubMVDsv2AtX1_kqxvt4nvRTHCNTotYgVA7FYr42W0NKHkiFO28aLXSrA5IE26852PxcMNxKq-ABASATkOyQSrIGrX76iL29UATwSt0zPVSlUt3EzcjD-kVDqtoH/s640/IMG_1060.JPG
ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေ ကိုယ်တိုင် တည်ဆောက်ခဲ့ပြီး သူတို့ ကိုယ်တိုင်ပဲ ပြန်လည် ဖျက်ဆီးပစ်ခဲ့တဲ့ သမိုင်းဝင် တံတားကြီး တစင်း။ မြန်မာနိုင်ငံ အတွင်းက အဓိက မြစ်ကြီး ဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ပထမဆုံး စတင် တည်ဆောက် ခဲ့တဲ့ သမိုင်းဝင် မြစ်ကူး တံတားကြီး တစင်း။ အင်မတန်လှပတဲ့ အတွက် ရှုမငြီးနိုင်တဲ့ သမိုင်းဝင် တံတားကြီး တစင်း။
အဲ့ဒီဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့ တံတားကြီးကတော့ အင်းဝတံတားလို့ ခေါ်တဲ့ စစ်ကိုင်းတံတားကြီးပဲ ဖြစ်ပါတယ်။
တချိန်က လျှမ်းလျှမ်းတောက် နာမည် ကျော်ကြားပြီး မြန်မာနိုင်ငံ အတွက် အရေးအပါဆုံး ဖြစ်ခဲ့ပေမယ့် ခုအခါ သူ့နံဘေးမှာ ဧရာဝတီတံတား (ရတနာပုံ) ဆိုတဲ့ အမည်နဲ့ တရုတ်ဒီဇိုင်း တံတားအသစ် တစင်းကို စစ်အစိုးရက တည်ဆောက် လိုက်တာကြောင့် အင်းဝတံတားကြီးက ညှိုးမှိန်သွားတယ်။ အပစ်ပယ်ခံ အဖြစ်နဲ့ ရှိနေရတဲ့ အဲ့ဒီ နာမည်ကျော် တံတားကြီးကို စာဖတ်သူတွေနဲ့ ဒီတပတ်မှာ ပြန်လည်ထိတွေ့ပေးလိုက်ပါတယ်။
မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ကို အပြန်အလှန် ဆက်စပ်ပေးထားတဲ့ တံတားကြီး ဖြစ်ပြီး အင်းဝ မြို့ဟောင်းနဲ့လည်း နီးကပ်စွာ တည်ရှိနေတဲ့ အတွက် အင်းဝတံတား (တနည်း) စစ်ကိုင်းတံတားလို့ ခေါ် ကြပါတယ်။
တံတားကြီးပေါ်ကနေ ကြည့်လိုက်ရင် အနောက်ဘက်မှာ စစ်ကိုင်းမြို့ကြီးနဲ့ ဖြူဖြူဖွေးဖွေး ဘုရား စေတီတွေနဲ့ စိမ်းမြမြ စစ်ကိုင်းတောင်ကြီးက ပနံရ လှပပါတယ်။ မြောက်ဘက်က ဧရာမြစ်နဖူးမှာ ကြက်ညီနောင်လို့ တင်စားကြတဲ့ ရွှေကြက်ယက် ရွှေကြက်ကျဘုရားတို့ ရှိတယ်။ တောင်ဘက်မှာတော့ မယ်နုအုတ်ကျောင်းနဲ့ နန်းမြင့်မျှော်စင်တို့ရှိတဲ့ အင်းဝမြို့ဟောင်း ကြီးကို မှုန်မှိုင်းပျပျ မြင်တွေ့ရပါမယ်။ အနုပညာအခံဓာတ် ပိုရှိတဲ့သူ ဆိုရင်တော့ ဧရာဝတီမြစ်နဲ့ ဒုဋ္ဌဝတီမြစ်တို့ ဆုံတဲ့နေရာ တဝိုက်က ရှုခင်းရှုကွက်တွေကိုပါ အပီအပြင် ခံစားမိမယ်။ ဆရာမြို့မငြိမ်းကတော့ ဧရာဝတီ၊ စမုံ၊ ဒုဋ္ဌဝတီ၊ ဇော်ဂျီ၊ ပန်းလောင်ချောင်း မြစ်ငါးလီ ပေါင်းလို့ ဆုံကြသည်လို့ ဒီနေရာတဝိုက်ကို စာဖွဲ့ခဲ့တယ်။
တံတားကြီးရဲ့ အရှေ့ဘက် အခြေမှာတော့ အင်းဝခံတပ် (ခေါ်) သပြေတန်းခံတပ်ကို အထင်းသား တွေ့ရမယ်။ စိတ်ဝင်စားရင် ခဏတဖြုတ် ဝင်ရောက် လေ့လာနိုင်သေးတယ်။ နံနက်အရုဏ်ဦး အချိန်မှာတော့ စစ်ကိုင်းဘက် အခြမ်းကနေ ဆွမ်းခံထွက်လာတဲ့ သံဃာတော်တွေကို ဖူးတွေ့ရမှာ ဖြစ်ပြီး ညနေစောင်း အချိန်တွေမှာတော့ မြစ်ဆိပ်မှာ အဖွဲ့လိုက်အဖွဲ့လိုက် ရေချိုးဆင်းနေကြသူတွေ ကိုပါ တွေ့ရပါဦးမယ်။
ဒီ အင်းဝတံတားကြီးကို ၁၉၃၄ ခုနှစ် ဇန်နဝါရီ ၂ ရက်က မြန်မာဘုရင်ခံ ဆာဟူးဂ်ျ လင်းစဒေါင်း စတီဖင်ဆန် ကိုယ်တိုင် အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့တာပါ။ တံတားကြီး ဖွင့်လှစ်ခဲ့ချိန် ကတည်းက မှတ်မှတ်ရရ အဖြစ်ပျက်တွေကလည်း ရှိခဲ့တယ်။ အုတ်နီနီရဲရဲတွေနဲ့ အခြေပြု တည်ဆောက်ထားလို့ အဝေးက ကြည့်လိုက်ရင် ဧရာဝတီမြစ်ကြီးပေါ်မှာ မိကျောင်းကြီးတကောင် ကန့်လတ်ဖြတ် ရောက်နေတယ် ဆိုပြီး နာမည် ကျော်ကြားခဲ့တယ်။ အဲ့ဒီမိကျောင်း ကိစ္စနဲ့ ဆက်စပ်ပြီး အင်းဝတံတားကြီး ဖွင့်ပွဲဟာ အထက်မြန်မာနိုင်ငံမှာ အုတ်အော်သောင်းတင်း ပွဲကြီးပွဲကောင်းတပွဲ ဖြစ်ခဲ့တာ ပေါ့။
အောက်ရပ်က လူတွေ၊ အညာက လူတွေသာ မကဘဲ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းလို တောင်ပေါ် အရပ်ဒေသက လူတွေကပါ တံတားဖွင့်ပွဲကြီးကို လာရောက်ဆင်နွှဲခဲ့ကြတယ်။
အင်းဝတံတားကြီးဟာ အမြင့်ပေ ၁၀၂ ပေ၊ အရှည် ၃၉၄၈ ပေ ရှည်လျားတယ်။ ပေါင်းကူး တံတားအမျိုး အစားဖြစ်ပြီး ယက်မကြီး ၉ ခု၊ ယက်မ လတ် ၁ ခုနှင့် ယက်မငယ် ၆ ခုစီ ပါရှိပါတယ်။ စတင် တည်ဆောက်ချိန် ကာလကတော့ ကျပ်ဒင်္ဂါး ၁၄၃ သိန်း ( စတာလင်ပေါင် ၁၀ သိန်းခန့်) ကုန်ကျ ခဲ့တယ်လို့ ဆိုကြတယ်။
အဲ့ဒီတံတားကြီး မရှိခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ဆယ် ဝန်းကျင်လောက်ကတော့ ပြည်နယ်တခုနဲ့ တခု အချင်းချင်း သွားလာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်သွယ်ရေးတွေ ခက်ခဲခဲ့တာ၊ တံတားကြီး တည်ဆောက်ပြီးချိန် မှာတော့ အားလုံး အလုံးစုံ အစစအရာရာ အဆင်ပြေခဲ့တယ်။ အချုပ်ပြောရရင် မရှိမဖြစ် အရမ်းကို အရေးပါခဲ့တဲ့ တံတားကြီး အဖြစ် တည်ရှိခဲ့တာ ပေါ့။
အင်းဝတံတားကြီး မရှိသေးခင် ကတော့ စစ်ကိုင်းနဲ့ မန္တလေးကို လှေကူးတို့နဲ့ ကူးသန်းခဲ့ကြရတာပါ။ တံတားကြီး ဆောက်ပြီးကာစ အချိန်မှာတော့ မြစ်ဟိုဘက် ဒီဘက် ကူးပို့ပေးတဲ့ ကူးတို့ လှေသမား အများစု အလုပ်လက်မဲ့ ဖြစ်သွားတာက လွဲလို့ လူတွေအတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုကောင်းမွန် လာကြတယ်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိတဲ့ စစ်ကိုင်းဘက်ခြမ်း ကနေ မြစ်အရှေ့ဘက်မှာ ရှိတဲ့ မန္တလေး၊ မိတ္ထီလာ၊ ရှမ်းပြည် ဘက်ခြမ်းတွေ အထိ ကုန်စည်စီးဆင်းမှုတွေ အောင်မြင်စွာ ဖြစ်ထွန်းခဲ့တယ်။
စစ်ကိုင်းတံတားကြီးကို အခြေပြုပြီး စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်း၊ ရှမ်းပြည် တွေနဲ့အထိ ကုန်စည်စီးဆင်းမှုတွေဟာ ကျယ်ပြန့်ခဲ့ကြတယ်။ အခုခေတ်စကားနဲ့ ပြောရရင်တော့ စစ်ကိုင်း တံတားကြီးနဲ့ တံတားကိုအသုံးပြုပြီး ကုန်စည်သယ်ပို့ရောင်းချသူတွေ၊ လူမှုစီးပွားလုပ်သူ တွေဟာ အရမ်းကို စည်းလုံးခဲ့ကြတယ် ပေါ့။ အရမ်းကို ရင်းနှီးခဲ့ကြတာပေါ့။
ဒါပေမယ့် အဲ့ဒီလို အပြန်အလှန် ရင်းနှီးကျွမ်းဝင် ခဲ့ရတဲ့ အချိန်ကာလတွေဟာ အရှည်လျားကြီးတော့ မဟုတ်ခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တံတားကြီးကို စတင်တည်ဆောက်ခဲ့တဲ့၊ မွေးဖွားခဲ့တဲ့ အင်္ဂလိပ်တွေ ကိုယ်တိုင်ကိုက တံတားကြီးကို ပြန်လည်ဖျက်ဆီးခဲ့ကြလို့ ပါပဲ။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လို့ မြန်မာပြည်ထဲက အင်္ဂလိပ်တပ်တွေ ဆုတ်ခွာတော့မယ့် ၁၉၄၂ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့မှာပဲ တံတားကြီးရဲ့ ပေါင်းကူး အမှတ် (၇) နဲ့ (၈) ကို ဒိုင်းနမိုက်တွေနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့ကြတယ်။ တံတားကြီးဟာ ဒဏ်ရာတွေ ဗရပွနဲ့ အသုံးပြုလို့ မရတော့တဲ့ အခြေအနေကို ရောက်သွားတယ်။
အဲဒီ ဒဏ်ရာတွေနဲ့ တံတားအပျက်ကြီး ကိုလည်း ဒီအတိုင်းပဲ ထားခဲ့ကြတာ ဆယ်စုနှစ် တခုနီးပါး ကြာခဲ့ပြန်တယ်။ ၁၉၅၄ ခုနှစ် အောက်တိုဘာလမှသာ ဝန်ကြီးချုပ် ဦးနု ဦးဆောင်ပြီး အဲ့ဒီခေတ်က ငွေကျပ် ၅၇ သိန်း ကျော် အကုန်အကျ ခံကာ ပြန်လည်ပြုပြင် ပြီးစီးခဲ့တယ်။ ပြီးစီးတဲ့အချိန်မှာလည်း နိုင်ငံတော် သမ္မတကြီး ဒေါက်တာဘဦး ကိုယ်တိုင် ပြန်လည်ဖွင့် လှစ်ပေးခဲ့တယ်။
တံတားကြီးရဲ့ အလယ်ကြောမှာ မီးရထားလမ်း ပါတဲ့ အတွက် ကားရော၊ စက်ဘီး ဆိုင်ကယ်ရော သာမက မီးရထားတွေပါ အတူတူဖြတ်သန်းသွားလို့ ရတယ်။ ကားဆိုင်ကယ်သွားတဲ့ လမ်းရဲ့ နံဘေးမှာမှ လူသွားလမ်း လေးပါသေး လို့ တံတားကြီးပေါ် လမ်းလျှောက်ပြီး ဟိုဘက်ဒီဘက် ရှုခင်းကြည့်ရတာက လည်း အင်မတန်မှ အရသာ ရှိလှတယ်။ တံတားကြီး ပေါ်က ကားနဲ့ ဖြတ်ရင်ကို ကားမောင်းသူကို ဖြည်း ဖြည်းလေးမောင်းပြီး ဖြတ်ခိုင်းကြတယ်။ ကားစီးရင်း ရှုခင်းရှုကွက်တွေ ကြည့်ကြရအောင်ပေါ့။
ရှုခင်း ကြည့်ရင်း စစ်ကိုင်းတံတားကို ဖြတ်ကူးရတဲ့ အရသာ ဟာလည်း တကယ်ကို ဘာနဲ့မှ မတူပါဘူး။ မျက်စိထဲကို ရှုခင်းတွေ ရောက်လာလိုက် တံတားကြီးရဲ့သံမဏိ ကိုယ်ထည်အစိတ်အပိုင်း တံတားပေါင်ကြီးတွေ ရောက်လာလိုက်နဲ့ ရှုခင်းကို ကန့်ကန့် ပေးသလို အင်မတန် ကြည်လို့ ကောင်းလှတယ်။ အခုအချိန်ထိ လည်း တံတားကြီးပေါ်က ကြည့်ရင် ရှုခင်းတွေဟာ ဆွဲဆောင်မှု ရှိနေဆဲပါပဲ။ ကြည့်လို့ လှနေဆဲပါ။
ဒါပေမယ့် တံတားကြီးပေါ် ကနေ အလှတရား တွေကို ကြည့်တတ်တဲ့ မျက်စိရှိသူ အရေအတွက်ကတော့ ပြည်တွင်းမှာ နည်းသွားပြီ။ ဒီနေ့အချိန်မှာ ဒီတံတားကြီးကို တန်ဖိုးထားပြီး လာရောက်ကြည့်ရှုသူ အများစုဟာ နိုင်ငံခြားသားတွေသာ ဖြစ်သွားပြီ။ သူတို့တွေက တံတားကြီးနဲ့ တွဲပြီး ဓာတ်ပုံရိုက်တယ်။ တံတားကြီးရဲ့ ပတ်ဝန်းကျင်မှာ ကျန်ရှိနေသေးတဲ့ သမိုင်း အထောက်အထားတွေ၊ မှတ်တိုင်တွေ၊ ကျောက်စာတွေကို ဓာတ်ပုံရိုက်ယူကြတယ်။ တံတား ကြီးပေါ် ကားတစီးစီး ဖြတ်သွားရင် သက်တမ်း နှစ် ၈၀ ကျော်လာလို့ တံတားကြီး လှုပ်လီလှုပ်လဲ့ ဖြစ် ဖြစ်သွားတဲ့ ခံစားမှုကို သဘောကျကြတယ်။
အဲ့ဒီ အင်းဝတံတားအိုကြီးရဲ့ အနီးမြောက်ဘက်မှာ ကပ်လျက် သစ်လွင်တဲ့ ဧရာဝတီတံတား (ရတနာပုံ) ဆိုတဲ့ အမည်နဲ့ တံတားသစ် တစင်းကို စစ်အစိုးရလက်ထက်၂၀ဝ၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့မှာ စတင်တည် ဆောက်တယ်။ ၂၀ဝ၈ ခုနှစ်၊ ဧပြီ ၄ ရက်နေ့မှာ ဖွင့်လှစ်အသုံးပြုခဲ့တယ်။ ဧရာဝတီတံတား (ရတနာပုံ) ရဲ့ အရှည်ဟာ ၅၆၇၄ ပေရှိတဲ့ အတွက် အရင် စစ်ကိုင်းတံတား အဟောင်းထက် ပိုရှည်ပါတယ်။ ဒါပေမယ့် တံတားအသစ်မှာ မီးရထားလမ်း ကတော့ ထည့်သွင်း မထားပါဘူး။ မြစ်ကြီးနားရထား၊ မုံရွာရထားတွေက အင်းဝတံတားကပဲ မြစ်ကို ဖြတ်ကူးရတယ်။
ညအချိန်မှာ လာကြည့်ရင်တော့ သမိုင်းဝင် အင်းဝတံတားကြီးရဲ့ မျက်နှာငယ်နေရမှုကို အတိုင်းသား တွေ့မြင်ကြရ မှာပဲ ဖြစ်ပါတယ်။ တံတားအသစ် ကလေးကို မီးပြိုးပြိုးပျက်ပျက် ဖြိုးဖြိုးလက်လက်တွေနဲ့ တန်ဆာဆင် ပေးထားပြီး တံတား အိုကြီး ကိုတော့ အဖြူရောင်မီးသီး ကွက်ကျားလေး တွေလောက်နဲ့သာ ဖိုသီဖတ်သီ ဆင်ယင်ပေးထားတယ်။
တံတား ၂ စင်းကို ခွဲခြား ဆက်ဆံထားတာဟာ အစိုးရဌာန တာဝန်ရှိသူတွေချည်း မဟုတ်ပါဘူး။ ပြည်သူတွေလည်း ခွဲခြား ဆက်ဆံတဲ့ထဲမှာ ပါပါတယ်။ တံတားသစ်လေး ဆောက်ပြီးကတည်းက အရင်က တံတားအိုကြီးကို အကျွမ်း တဝင် အသုံးပြုခဲ့ဖူးသူ တွေဟာ စိမ်းစိမ်းကားကား ဖြစ်သွားလိုက်ကြတာ။ မိတ်ဆွေဟောင်းကြီးကို လူမမာသွားမေး သလိုတောင် ဝင်ရောက်ခြင်း အလျင်း မပြုကြတော့ပါဘူး။ အသစ်မြင်တော့ အဟောင်းမေ့ဆို သလိုပါပဲ။
အခု ချိန်မှာတော့ မီးရထားတွေနဲ့ ဘတ်စ်ကား လိုင်းကားတွေ လောက်သာ တံတားအိုကြီးပေါ်က တခါတလေ ဖြတ်သန်းကြတယ်။ ၁၅ တန် အထက် ယာဉ်တွေ မဝင်ရဘူးဆိုပြီး တံတားကြီးကို ထိန်းသိမ်းဖို့ စီမံထားကြတယ်။ တံတားအိုကြီး ပေါ်ကနေ တခါဖြတ်သန်းရင် ဖြတ်သန်းခ ကြေးငွေ ပေးရတယ်။ ဒါပေမယ့်လည်း တံတားအိုကြီး အတွက် နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းများပြုလုပ်ဖို့ အားနည်း နေတာကိုလည်း တွေ့ခဲ့ရပါတယ်။
ရတနာပုံ မြစ်ကူးတံတား အသစ် မဆောက်ခင်က အင်းဝတံတားဟောင်းကြီးကို ရုပ်ပိုင်းဆိုင်ရာ အမြင်လှဖို့ ငွေရောင် ဆေးတွေ နှစ်စဉ်သုတ်လိမ်းပေးခဲ့ ပေမယ့် ဒီနေ့အချိန်မှာတော့ ဆေး မသုတ်တာကြာပြီမို့ တံတားကြီးရဲ့ အပေါ်ယံ အရေပြားလို့ ဆိုရမယ့် ငွေရောင်ဆေး တွေက ကျွတ်တဲ့နေရာ ကျွတ်နေပြီး အောက်ခံ ဆေးနီညိုတွေ တချို့တဝက်ကို မြင်နေရတယ်။ မော်တော်ယာဉ် အများစုကတော့ တံတား အသစ်ဘက် ကနေသာ သွားလာ ကြတာများတယ်။ တံတားအသစ်မှာက အခကြေးငွေ ပေးစရာ မလိုဘဲ တံတားပေါ်က ဖြတ်နိုင်တယ် လေ။ မီးရထားလမ်း မပါတော့ လမ်းပိုကျယ်တယ်။
ဖြစ်နိုင်ရင် သမိုင်းဝင် အမေ့လျော့ခံ အင်းဝတံတား အဟောင်းကြီးဘက်ကို လေညင်းခံရင်း ဖြစ်ဖြစ်၊ မတော်တဆ လမ်းကြုံလို့ပဲ ဖြစ်ဖြစ်၊ လမ်းမကြုံဘဲပဲ ဖြစ်ဖြစ် သွားရောက် လည်ပတ်ကြပြီး၊ မိတ်ဆွေ တံတားအအို အဟောင်းကြီးကို သွားရောက် အားပေး ကြစေချင်ပါတယ်။ အခုလောလောဆယ်မှာတော့ စစ်ကိုင်းတံတား အဟောင်းလို့ ခေါ်တဲ့ အင်းဝ တံတားကြီးဟာ ဧရာဝတီတံတား (ရတနာပုံ) လို့ ခေါ်တဲ့ နောက်ပေါက် တံတားအသစ်ကလေးရဲ့ ဘေးမှာ မျက်နှာငယ် နေရပါတယ် ဆိုတာ စာဖတ်သူတွေ သတိ ပြန်ရကြစေချင်ပါတယ်။ ။

ရေငံမှရေချို ပြောင်းလဲထုတ်လုပ်သည့်စက် WRTC မှ စတင်မိတ်ဆက် အကောင်အထည်ဖော်

 http://www.wrtcmyan.org/wp-content/uploads/2012/05/Product-of-Moerk-Water-Solution.jpg
လူသားများ အသက်ရှင်နေထိုင်ရေးအတွက် ရေသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထို့ကြောင့် ရေကို လုံလောက်စွာ အသုံးပြုနိုင်ပြီး ကျေးရွာလူထု ဆင်းရဲမွဲတေမှု လျော့နည်းစေရေးအတွက် ရေချို လုံလောက်မှုမရှိသော နေရာများတွင် ရေငံမှရေချို ပြောင်းလဲ ထုတ်လုပ်သည့် စက်ကိုတပ်ဆင်ရန်WRTC မှ စတင်မိတ်ဆက် အကောင်အထည် ဖော်လျက် ရှိပါသည်။ ၄င်းစက်များ ကို သြစတြေးလျနိုင်ငံ၊ Moerk Water Solution မှ ထုတ်လုပ်ပါသည်။ ထိုကုမ္ပဏီမှ အာရှပစိဖိတ်ဒါရိုက်တာ Mr. Adam Leddy သည် မတ်လ(၂၂)ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်၍ WRTC အဖွဲ့သား များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးရှိ မာလာမုန်တိုင်းဒဏ်ခံထားရသော သဇင်ကျေးရွာ၊ ဖုန်းမောင်ကြိုင်ကျေးရွာနှင့် ဂျိုင်လယ်ကျေးရွာများသို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်များရှိ ရေချိုရှားမှု အခြေအနေများကို သွားရောက်လေ့လာကွင်းဆင်းခဲ့ပါသည်။
ထိုကဲ့သို့ ကွင်းဆင်းလေ့လာမှုများအရ ၄င်းကျေးရွာများတွင် ရေချိုထွက်ရှိမှုလုံးဝမတွေ့ရဘဲ ရေငံများသာ ထွက်ရှိကြောင်းတွေ့ရသည်။ ထို့ကြောင့် ရေငံမှရေချိုပြောင်းလဲ ထုတ်လုပ်သည့် နည်းပညာမှာ ရေချို ရှားပါးသော နေရာဒေသများအတွက် အလွန်အသုံးဝင်သော စက်ဖြစ်သဖြင့် မိုးရာသီ ကုန်ဆုံးသော သီတင်းကျွတ်လမှ စတင်၍ ရေချိုထုတ်လုပ်သောစက်များကို တပ်ဆင်ပြီး စတင်လည်ပတ် အသုံးပြုနိုင်ရန်အတွက် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။ တဆက်တည်းမှာပင် နည်းပညာပိုင်း၊ စက်ကို ကိုင်တွယ် အသုံးပြုနည်းစ နစ်နှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ လက်တွေ့ သင်တန်းများကို ရေ၊ သုတေသနနှင့်လေ့ကျင့်ရေး ပညာဌာန (WRTC) နှင့် မြို့ပြ၊ ဘူမိနှင့် ရေဆိုင်ရာအင်ဂျင်နီယာ ပညာရေးဝန်ဆောင်အဖွဲ့ (ICEWE) တို့မှ ပို့ချသွားမည် ဖြစ်ပါသည်။
နေရောင်ခြည်နှင့် လေရဟတ်တို့မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်၍ ရေချိုထုတ်စက် ကို မောင်းနှင်အသုံးပြု မည် ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ နေရာ တိုင်းတွင် တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်ပြီး ပင်မလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ လျှပ်စစ် ဓါတ်အားသွယ်ကြိုးများ မရောက်နိုင်  သောနေရာများ အထိ သွားရောက်တပ်ဆင်ပေးနိုင်မည် ဖြစ်ပါသည်။
WRTC Website 
https://www.youtube.com/watch?v=9eWbhZt8WIY

ဆိုလာ လေယာဉ် ပစ္စိဖိတ် သမုဒ္ဒရာ ဖြတ်ကျော်နေ


ကမ္ဘာပတ် ခရီးစဉ် ပျံသန်းနေတဲ့ နေစွမ်းအင်သုံး ဆိုလာ လေယာဉ်ဟာ အရှည်ဆုံး ခရီးပိုင်း ဖြစ်တဲ့ ပစ္စိဖိတ် သမုဒ္ဒရာ ဖြတ်ပျံတဲ့ ခရီးကို ဒုတိယမြောက် ကြိုးပမ်းမှု အဖြစ် ပျံသန်းခဲ့ရာမှာ အခုတော့ ပြန်လှည့်ဖို့ မဖြစ်နိုင်တော့တဲ့ အကွာအဝေးကို ရောက်ရှိ ကျော်ဖြတ်ခဲ့ပြီလို့ သိရပါတယ်။

Solar Impulse လေယာဉ်ဟာ ဂျပန်နိုင်ငံ နာဂိုယာ မြို့ကနေ ဒေသ အချိန် တနင်္ဂနွေနေ့ ညနေပိုင်းက စတင် ထွက်ခွာ ခဲ့တာ ဖြစ်ပြီး ဟာဝိုင်ယီကို ရောက်ရှိဖို့ ၅ ရက်ကြာ ပျံသန်းရမှာ ဖြစ်ပါတယ်။

ဒီခရီးပိုင်းမှာ အရေးပေါ် အခြေအနေ ကြုံခဲ့ရင် ဆင်းသက်စရာ ကုန်းမြေ မရှိတဲ့ အတွက် လေယာဉ်မှူး အနေနဲ့ စွန့်စွန့်စားစား ပျံသန်းနေရတာ ဖြစ်ပါတယ်။


အရေးပေါ် ဆင်းသက်စရာ ကုန်းမြေ မရှိတဲ့အတွက် လေယာဉ်မှူး အတွက် စွန့်စားရတဲ့ ခရီးဖြစ်။ 
ဒါပေမယ့် မိုးလေဝသ ခန့်မှန်းချက်တွေ ကောင်းမွန် နေတဲ့အတွက် လေယာဉ်မှူး André Borschberg အနေနဲ့ ခရီးပန်းတိုင်ကို ရောက်ရှိ နိုင်မယ်လို့ ယုံကြည်ကြောင်း ခရီးစဉ် စီစဉ်သူတွေက ပြောကြပါတယ်။

ဆိုလာ လေယာဉ်ဟာ အခုလ အစောပိုင်းက မိုးလေဝသ အခြေအနေ ဆိုးရွားမှုကြောင့် ကြိုတင် စီစဉ်မထားဘဲ ဂျပန်နိုင်ငံမှာ အရေးပေါ် ဆင်းသက် ခဲ့ရတာ ဖြစ်ပြီး ဒီခရီးပိုင်းကို ဆက်ဖို့ သီတင်း ၃ ပတ်ကျော်ကြာ စောင့်ဆိုင်းနေခဲ့ရတာ ဖြစ်ပါတယ်။

လေယာဉ်မှူး André Borschberg ဟာဝိုင်ယီကို ချောချောမွေ့မွေ့ ရောက်ရှိခဲ့မယ် ဆိုရင်တော့ လေယာဉ် ပျံသန်းမှု သမိုင်းမှာ တစ်ဦးတည်း အချိန်အကြာဆုံး ပျံသန်းမှု ဖြစ်လာမှာ ဖြစ်သလို နေစွမ်းအင် တစ်ခုတည်းနဲ့ ခရီးအရှည်ဆုံး ပျံသန်းမှုလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ပစ္စိဖိတ် သမုဒ္ဒရာ ဖြတ်ပျံတဲ့ ခရီးဟာ ဆိုလာ လေယာဉ်ရဲ့ ကမ္ဘာပတ် ခရီးစဉ် အတွင်း ၈ ခုမြောက် ခရီးပိုင်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဒလတံတား တည်ဆောက်ရန် နိုင်ငံတကာ တင်ဒါခေါ်ယူသွားမည်

 
ရန်ကုန်မြို့နှင့် ဒလမြို့ကို ဆက်သွယ်မည့် ရန်ကုန်မြစ်ကူး ကြိုးဆိုင်းတံတားစီမံကိန်းအတွက်
ပုံစံထုတ်ရေး၊ တည်ဆောက်ရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းများအား နိုင်ငံတကာတင်ဒါစနစ်ဖြင့်
ရွေးချယ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်က ပြောကြားလိုက်
သည်။
"ဒီတံတား တည်ဆောက်ရေးအတွက်ကို ပုံစံထုတ်မယ့်၊ ကြီးကြပ်မယ့်၊ အင်ဂျင်နီယာပိုင်းဆိုင်ရာကို
ကြီးကြပ်မယ့် အတိုင်ပင်ခံ အဖွဲ့ကို အင်တာနေရှင်နယ်တင်ဒါနဲ့ ရွေးမှာ ဖြစ်ပြီးတော့ ဒါကိုလည်းပဲ
ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့
စည်းမျဉ်း စည်းကမ်းတွေ ရေးဆွဲထားတာ ပြီးပါပြီ။ မကြာခင်မှာ တင်ဒါခေါ်ယူဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်" ဟု ဆောက်လုပ်ရေး ၀န်ကြီးရုံးတွင် ဇွန်လ ၂၄ ရက်နေ့က ပြုလုပ်သောရှင်းလင်းပွဲ၌
ဝန်ကြီးဌာန၏အမြဲတမ်း အတွင်းဝန် ဦးကျော်လွင် ကပြောသည်။
"နောက်တစ်ခုကတော့ ဆောက်လုပ်မယ့်ကန်ထရိုက်တာ ရွေးချယ်ရေးပဲဖြစ်ပါတယ်။ ဒါကိုလည်းပဲ
သုံးဦးသုံးဖလှယ်ပြီးတော့ အင်တာနေရှင်နယ်တင်ဒါနဲ့ ရွေးချယ်မှာဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။
တံတား တည်ဆောက်ရေးစီမံကိန်းမှ မြန်မာအင်ဂျင်နီယာများအတွက် အတတ်ပညာဆိုင်ရာများ
သင်ကြားမျှဝေသွားမည့် အစီအစဉ်လည်း ထည့်သွင်းထားသည်။
အဆိုပါတံတားအား တောင်ကိုရီးယားနိုင်ငံနှင့် ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ်
တည်ဆောက်မည်ဖြစ်ရာ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ချေးငွေ(အီးဒီစီအက်ဖ်)ဖြင့်
အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈ သန်း ချေးပေးမည်ဖြစ်သည်။
မြန်မာနိုင်ငံက မူ ဒေါ်လာ ၃၀ ဒသမ ၄ သန်းနှင့် ညီမျှသော မြန်မာကျပ်ငွေထည့်ဝင်ရမည်
ဖြစ်သည်။
ချေးငွေရရှိရေးအတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာနနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါချေးငွေ ရယူရန်အတွက် ပြည်ထောင်စုလွှတ်တော်ကလည်း မေလ ၂၈ ရက်နေ့က
သဘောတူ အတည်ပြုခဲ့ပြီးဖြစ်သည်။
ချေးငွေအတွက် အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် သုည ဒသမ၀ ၁ ရာခိုင်နှုန်း ဖြစ်ပြီး ဆိုင်းငံ့ကာလ
၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်ဖြစ်သဖြင့် ချေးငွေသက်တမ်း နှစ် ၄၀ ဖြစ်သည်။
ဒလဘက်တွင် ကြုံတွေနေရသော သောက်သုံးရေအခက်အခဲအတွက် တံတားတွင် ရေပိုက်
သွယ်တန်းခြင်းစနစ်လည်း ပါဝင်မည်ဖြစ်သည်။
တံတားသည် ရေလမ်းကင်းလွတ် အမြင့်ပေ ၁၆၀ ရှိမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင်
ရေလမ်းကင်းလွတ်အမြင့်ဆုံး တံတားလည်း ဖြစ်သည်။
ထို့ပြင် အကျယ်အားဖြင့်လည်း ၈၂၃ ပေရှိမည်ဖြစ်ရာ တန်ချိန်တစ်သောင်းခွဲ တင်ဆောင်သော
သင်္ဘောများ တံတားအောက်မှ လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်သည်။
တံတားတည်ဆောက်ရေး စီမံကိန်းသည် အကြမ်းဖျင်းအားဖြင့် ငါးနှစ်ကြာမည်ဟု
ရည်မှန်းထားသည်။

စိတ်ဓာတ်ကျနေသလား သူငယ်ချင်း?

 
အရင်ဆုံးပြောချင်တာကတော့ စိတ်ဓာတ်ကျတယ်ဆိုတာသူငယ်ချင်းတစ်ယောက်ထဲမဟုတ်ပါဘူး။ကျွန်တော်
တို့လူသားအားလုံး စိတ်ဓာတ်ကျတတ်ကြပါတယ်။ပိုက်ဆံမရှိလို့၊ ချစ်သူနဲ့အဆင်မပြေလို့မိသားစုနဲ့အဆင်
မပြေလို့၊ အလုပ်မှာအဆင်မပြေလို့၊စာမေးပွဲကျလို့၊ ရုပ်မလှလို့ အမျိုးမျိုးကိုစိတ်ဓာတ်ကျနေတတ်ကျပါတယ်။
စိတ်ဓာတ်ကျတာ ဆင်းရဲချမ်းသာမရွေးပါဘူး။ပိုက်ဆံချမ်းသာတဲ့သူတွေတော့ စိတ်ချမ်းသာမယ်လို့သင်ထင်မှာ
ပေါ့။

တကယ်တော့သင်ထင်သလိုမဟုတ်ပါဘူး။ ဥပမာဆိုပါစို့သင်ကသိပ်မချမ်းသာဘူးသာမန်ရုံးဝန်ထမ်းတစ်
ယောက်သင့်မှာသင်အရမ်းကြိုက်တဲ့ Iphoneလေးရှိတယ်ဆိုပါစို့။အဲဒိIphoneလေး taxiပေါ်မှာမေ့ကျန်ခဲ့
တယ်ဆိုပါစို့။သင်ဘယ်လိုခံစားရမလဲ? ခနလောက်တွေးကြည့်လိုက်ပါ။၇သိန်း ၈သိန်းလောက်တန်တဲ့ပစ္စည်း
တစ်ခုအတွက်တောင် သင်အဲ့လောက်စိတ်သောကတွေရောက်ပြီးစိုးရိမ်ပူပန်တတ်နေရင် သိန်းထောင်ပေါင်း
များစွာချမ်းသာတဲ့သူတွေရောဘယ်လိုစိတ်ထဲမှာဖြစ်နေမယ်ထင်လဲ? သူတို့တွေကဒီလောက်ချမ်းသာရင်
တော်ပါပြီဆိုပြီးရပ်သွားတဲ့သူမရှိပါဘူး။ဒိထက်ပိုချမ်းသာအောင်လုပ်နေကြတဲ့သူတွေချည်းပါပဲ။
သူတို့မှာရှိတဲ့ ချမ်းသာမှုတွေကိုမပျောက်ပျက်အောင်အမြဲထိန်းသိမ်းနေရပါတယ်။

တကယ်တော့အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုပါ။လူတွေက ပျော်ရွှင်မှုရဖို့ ပိုက်ဆံကအဓိကကျတယ်လို့သတ်
မှတ်လိုက်တယ်။အဲဒိတော့ ပိုက်ဆံ=ပျော်ရွှင်မှုဆိုတဲ့ ညီမျှခြင်းနဲ့ သူတို့ဘ၀ကိုဘောင်ခတ်ပစ်လိုက်တယ်။
သူတို့အဲဒိဘောင်ထဲမှာနေထိုင်ကြတယ်။ဒါပေမဲ့သူတို့ ပျော်ရွှင်ခြင်းအစစ်အမှန်ကိုမရရှိကြဘူး။သူတို့ဘ၀တွေ
ကိုလောဘတွေနဲ့ အနားသတ်လိုက်တယ်။သူတို့ရဲ့ညီမျှခြင်းကလောဘ+ပိုက်ဆံ=ပျော်ရွှင်မှုဖြစ်လာတယ်။

ကြာလာတော့ ညီမျှခြင်းရဲ့တစ်ဘက်ခြမ်းက ပျော်ရွှင်မှုသူတို့ဆီမှာမရှိတော့ဘူး။သူတို့ဆီမှာကျန်ခဲ့တာက
လောဘ+ပိုက်ဆံ ဖြစ်သွားတယ်။သူတို့ရဲ့ဘ၀တွေကဘာနဲ့တူလဲဆိုတော့ ကျောက်တုံးအကြီးကြီး တစ်တုံးကို
အရမ်းမတ်တဲ့တောင်ကုန်းပေါ်ကိုတွန်းတင်နေရသလိုပဲသူတို့တက်တာမြင့်လာလေလေ အဲဒိကျောက်တုံး
ကြီးကိုနောက်ပြန်မကျအောင်အားပိုစိုက်ရလေလေ။ တစ်ချို့ကလည်း အဲဒိကျောက်တုန်းကြီးတွန်းနေတုန်း
အရမ်းလှတဲ့ကြယ်လေးတွေရယ် ပတ်ဝန်းကျင်ကငှက်ကလေးတွေရဲ့တေးဆိုသံတွေကို မခံစားမိလိုက်ကြဘူး။

တစ်ချို့ကလည်း မနိုင်တဲ့ကျောက်တုန်းကြီးမို့လို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျကြတယ်။ တစ်ချို့ကလည်း
ချွေးသံတရဲရဲနဲ့။ တစ်ချို့ကတော့ထိပ်ဆုံးရောက်သွားကြတယ်။ ဒါပေမဲ့ နောက်ထပ်တက်ရမဲ့တောင်တွေ
အများကြီးရှိမှန်းအပေါ်ဆုံးရောက်မှ သိခွင့်ရလိုက်တယ်။ ပိုက်ဆံနဲ့သတ်မှတ်ထားတဲ့အောင်မြင်မှု နောက်ကို
လိုက်ရင်း ဘ၀မှာအရေးကြီးဆုံးအရာအားလုံးကိုဆုံးရှုံးလိုက်ရတယ်။

ပိုက်ဆံအရေးမကြီးဘူးလားလို့မေးရင်တော့ အရေးကြီးတာပေါ့။ဒါပေမဲ့ပျော်ရွှင်မှုရဲ့ အဓိကအကြောင်းရင်း
တော့မဟုတ်ဘူးဗျ။သူကအစိတ်အပိုင်းတစ်ခုထက်မပိုဘူးဗျ။ ဒါကသတ်မှတ်တဲ့သူပေါ်မှာတော့မူတည်တာ
ပေါ့။ သင်ကပိုက်ဆံကပျော်ရွှင်မှုလို့သတ်မှတ်ရင်တော့ပိုက်ဆံတွေရှာပြီး ပျော်အောင်စမ်းကြည့်ပေါ့နော်။

ကဲစိတ်ဓာတ်ကျပြီးမပျော်မရွှင်ဖြစ်နေတယ်ဆိုရင်
အောက်ပါနည်းလမ်း(၃)မျိုးအတိုင်းစမ်းကြည့်ရအောင်.

(၁) အတွေးတွေပြောင်းလဲကြည့်လိုက်ပါ။

ကျွန်တော်တို့ဘုရားရှင်ကပြောတယ်”The mind is everything. What you think you become”-Buddha
စိတ်ကအရာရာပဲဗျ။ ဥပမာ သင်ကြုံဖူးလား သင်မှန်ထဲကြည့်လိုက်တော့တခါတလေချောနေတယ်လေ။
အဲဒိအချိန်ဆို ကိုယ့်ကိုအားရနေပါတယ်။ လူရှေ့သူရှေ့ကိုထွက်တော့လည်း ယုံကြည်မှုအပြည့်နဲ့လေ။
ပြီးတော့အဲ့လိုနေ့မျိုးဆို ဘာပဲလုပ်လုပ်အောင်မြင်တာများတယ်။ဒါပေမဲ့ကျွန်တော်တို့တွေက မှန်ကြည့်ပြီး
ကိုယ့်အပြစ်ကိုယ်အရှာကြဆုံးလူသားမျိုးနွယ်တွေလေ။ နှာခေါင်းမလှဘူး၊နားရွက်ကားတယ်မျက်လုံးကဆွေ
တယ် ကိုယ့်ကိုကို တမုန်းကဲ့ရဲ့ပြီး စိတ်ဓာက်ကိုအောက်ဆုံးထိဆွဲချလိုက်ကြတယ်လေ။ အဲဒိလိုနေ့မျိုးဆို
စိတ်ဓာတ်တွေကျလို့ပေါ့။ ကိုယ့်ကိုကိုယုံကြည်မှုကကျသွားတယ်။အကျိုးဆက်အနေနဲ့တစ်နေ့လုံးကို
ဘာလုပ်လုပ်အဆင်မပြေတော့ဘူး။

ပြန်သုံးသပ်ကြည့်ရအောင်။ သင့်ရုပ်ကဒီရုပ်ပဲ။ ပြောင်းသွားတာသင့်စိတ်။သင့်စိတ်က သင့်ကိုအကျဉ်းချပစ်
လိုက်တယ်။ သင်ကလည်းအကျဉ်းချခံရအောင်ကို မရမကလိုက်တွေးတယ်။ အဲဒိတော့ကျွန်တော်တို့ဘုရား
ရှင်ပြောတာမမှန်ဘူးလား? စိတ်ကအရာရာပဲတဲ့သူဘာသာလေထဲမှာလွင့်မျောနေတဲ့တိမ်တွေကိုလည်း
ဆင်ရုပ်တွေ၊ကျားရုပ်တွေ အဖြစ်မြင်ကြည့်လိုက်လို့ရတယ်။ ညဘက်ခေါင်းရင်းမှာထောင်ထားတဲ့ဖျာလိပ်ကြီး
ကိုလည်း သရဲလို့တွေးပစ်လိုက်လို့ရတယ်။အဲဒိတော့ သေချာပြန်စဉ်းစားရင် ပျော်ရွှင်မှုရဖို့ဆိုတာစိတ်ကိုပြင်
ရမှာပါ။ပိုက်ဆံမဟုတ်ပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ညီမျှခြင်း ချချင်ရင်လည်းရပါတယ်။ဒါပေမဲ့ အဲလိုစဉ်းစားရင်
တော့ စိတ်ချမ်းသာဖို့ ပိုက်ဆံအရင်ရှာလိုက်အုံးနော်။

ကဲဒီစာကိုဖတ်နေကတည်းကသင်စိတ်ဓာတ်ပြန်တက်ချင်တဲ့သူဆိုတာသေချာတယ်။သင့်အတွေးတွေ
နည်းနည်းလောက်ပြောင်းကြည့်ပါ။သင့်ရဲ့အထက်ကသူတွေချည်းပဲမကြည့်ပါနဲ့။ သင်စိတ်ဓာတ်ကျနေ
တယ်ဆိုရင်Busကားတွေကြားထဲပြေးလွှားပြီးပန်းရောင်းနေတဲ့ကလေးတွေ၊သူများကျောင်းစိမ်းဝတ်စုံလေး
တွေကိုငေးကြည့်နေတဲ့ကလေးတွေ၊တစ်နေ့လုံးမှာထမင်းတစ်နပ်ပဲစားရတဲ့သူတွေ၊ အာဖရိကက
၂ရက်မှတစ်ခါလောက်အစားအစာစားခွင့်ရတဲ့ကလေးတွေ ကိုအားနာပါအုံး။

သင်ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ရှိတယ်လို့ထင်ရင်ဆယ်တန်းမှာသင်ခဲ့ရဖူးတဲ့ Helen Kellerကိုအားနာ
ပါအုံး။မျက်စိလည်းမမြင်နားလည်းမကြားခဲ့တဲ့ Helenတောင်ဘ၀ကိုရင်ဆိုင်နိုင်ရင် သင်ကရော။
သင့်မျက်လုံးမလှဘူးထင်ရင်တစ်ခါလောက်မျက်စိမှိတ်ပြီးလမ်းလျှောက်ကြည့်ပါအုံး။ မျက်စိမမြင်တဲ့
သူတစ်ယောက်ဆိုရင်ရောဘယ်လိုနေမလဲ?သင်အရမ်းကံကောင်းပါတယ်။ သင်ဒီစာကိုဖတ်နေနို်င်တယ်
လေ။ဘ၀ရဲ့အလှအပတွေကိုခံစားနိုင်တယ်လေ။မနက်ဖြန်ဆိုတာမသေချာတဲ့အရာမို့လို့ လက်ရှိအချိန်ကို
လေးစားပါ။

ဘယ်တော့မှ မကောင်းတဲ့စိတ်ဓာတ်နဲ့အရာရာကိုမကြည့်ပါနဲ့။အဲဒါဟာ စိတ်ဓာတ်ကျရခြင်းရဲ့အဓိက
အကြောင်းရင်းတစ်ခုပါ။”အချုပ်ခန်းထဲက အကျဉ်းကျခံထားရတဲ့အကျဉ်းသား၂ယောက်က
ပြတင်းပေါက်အပြင်ဘက်ကိုပြိုင်တူကြည့်လိုက်တယ်။ပထမတစ်ယောက်ကပြောတယ် အပြင်မှာ
ရေဗွက်တွေချည်းပဲတဲ့စိတ်ပျက်ဖို့ကောင်းလိုက်တာတဲ့ဒုတိယတစ်ယောက်ကပြောတယ် ဒီညလသာ
တယ်နော်။ကြယ်တွေလည်းစုံပြီးအရမ်းလှလိုက်တာတဲ့” လူတွေရဲ့အတွေးတွေဟာလူတွေရဲ့ပျော်ရွှင်မှုပါပဲ။
အရာရာကိုအတတ်နိုင်ဆုံးအကောင်းမြင်ကြည့်ပါ။ သင်အရင်ထက်စိတ်ချမ်းသာလာတာတွေ့ရလိမ့်မယ်။

(၂) သင့်ကိုသင်ချီးကျူးပါ။
သင့်ကိုယ်သင်အမြဲအပြစ်ရှာနေတာကိုခနလောက်ရပ်ပြီးသင့်ကိုသင်ချီးကျူးပါ။ သင်ဘာပဲလုပ်လုပ်တစ်ခုခု
အောင်အောင်မြင်မြင်ပြီးဆုံးသွားရင်သင့်ကိုယ်သင်ချီးကျူးဖို့မမေ့ပါနဲ့။ လူတိုင်းလူတိုင်းမှာ ပင်ကိုယ်အရည်
အချင်းရှိပါတယ်။သင့်မှာလည်းရှိပါတယ်။ သင့်မှာချီးကျူးစရာတစ်ခုမှမရှိဘူးလို့သင်ထင်လို့လား?ချီးကျူးစရာ
တစ်ခုရအောင်ဖန်တီးပါ။ ဥပမာ စိတ်သဘောထားကောင်းအောင်နေကြည့်ပါ။ဒါဟာအတော်ကိုချီးကျူးစရာ
ကောင်းတဲ့အရာမျိုးပါ။ ဒါမှမဟုတ် ကိုယ့်ကိုကိုနှိမ့်ချပြီးနေကြည့်ပါ။ ဒါဟာလည်းလူတိုင်းမလုပ်နိုင်တဲ့အရည်အ
အသွးပါ။ဒါမှမဟုတ်အချိန်လေးစားတဲ့သူတစ်ယောက်ဖြစ်အောင်နေကြည့်ပါ။ဒါကလည်းတော်တော်ကိုချီးကျူး
စရာကောင်းတဲ့အချက်ပါ။အဲဒါတွေလုပ်ဖို့ သင်ပိုက်ဆံတစ်ပြားမှမလိုဘူးနော်။ သင်လုပ်ချင်ဖို့ပဲလိုတာ။
နောက်တစ်ချက်အရေးကြီးတာက သူများကိုလည်းချီးကျူးပါ။ရိုးရိုးသားသားချီးကျူးတာကချီးကျူးခံရသူလည်း
စိတ်ချမ်းသာပါတယ်။

(၃) ဘောင်ထဲမှာမနေပါနဲ့။

သင့်ကိုသင်ဘောင်ခတ်ထားတာအရမ်းဆိုးပါတယ်။ တစ်ခုခုကိုမလုပ်နိုင်ဘူး၊အခက်အခဲတစ်ခုကိုမဖြတ်ကျော်
နိုင်ဘူး စသဖြင့်တွေးရတာအရမ်းလွယ်ပါတယ်။ဒါပေမဲ့ အဲ့ဒီလိုတွေးတာဟာ ဘာမှကိုအသုံးမ၀င်ပါဘူး။
သင့်ရဲ့ comfort zone ထဲကထွက်ကြည့်ပါ။ ဥပမာ သင်က Englishစာသင်တန်းတစ်ခုမှာအမြဲတမ်းရှေ့ထွက်
ပြီးမပြောရဲဘူးဆိုပါစို့။ တစ်ခါလောက်ထွက်ပြောဖြစ်အောင် ထွက်ပြောပါ။အဲ့ဒိလိုများများလုပ်ပေးမှ သင့်ကို
သင်ယုံကြည်မှုတက်လာမှာပါ။ အကျိုးဆက်အနေနဲ့သင့်ကိုသင်ချီးကျူးဖို့အရာတွေတိုးလာမှာပါ။ သင့်ကိုသင်
လက်ခံပါ။ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ သင်အသားမဲသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊၀သည်ဖြစ်စေ
၊ပိန်သည်ဖြစ်စေ သင့်ကိုသင်လက်မခံသေးသ၍ ဖုံးကွယ်ဖို့ကြိုးစားနေသ၍သင်မလုံခြုံမှုတွေနဲ့ စိတ်ဆင်းရဲနေ
အုံးမှာ။ လောကကြီးနဲ့အသားကျဖို့ဆိုတာ အရင်းဆုံး ကိုယ်ကိုကိုလက်ခံရပါတယ်။ သင့်ကိုယ်သင်လက်ခံသွား
ရင်သင့်ရဲ့ရုပ်ရည်ဟာသိသိသာသာကိုပြောင်းလဲသွားပါလိမ့်မယ်။ယုံကြည်မှုအပြည့်နဲ့အရမ်းကိုကြည့်ကောင်း
နေပါလိမ့်မယ်။အမေရိကန် လူမည်းRapperတွေကိုတွေ့ဖူးမှာပေါ့။ အသားမည်းမည်းနဲ့ရုပ်ချောလို့လား?
မချောဘူးဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့အရမ်းကိုကြည့်ကောင်းပါတယ်။သင့်ကိုယ်သင်ယုံကြည်မှုဟာ သင့်ရဲ့ရုပ်
ရည်ကိုပါ အများအမြင်မှာပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ကိုသင်လက်ခံပါ။ ယုံကြည်ပါ။
ဘောင်ထဲမှာမနေပါနဲ့။ ဘောင်အပြင်ထွက်ကြည့်ပါ။ အပြင်မှာအရမ်းလှပါတယ်။

ကဲစိတ်ဓာတ်ကျနေတဲ့သူငယ်ချင်းတွေအတွက်ရည်ရွယ်ပြီးရေးပေးလိုက်တာပါ။အားလုံးပဲကိုယ့်မှာရှိတာကို
တန်ဖိုးထားတတ်ကြပါစေ။

“Some people just don’t know how to appreciate what they’ve got”

မိုးရှင်း (I.M.T)

အောင်မြင်နေသူများရဲ့ အရည်အချင်း သို့မဟုတ် ဓလေ့စရိုက်

 
အောင်မြင်နေသူများလည်း ထမင်းစားတယ်။ သင်လဲ ထမင်းစားတယ်။ ကျုပ်လည်း ထမင်းစားတယ်။ ဒါဆို ဘာများ ကွာသလဲပေါ့။ လူချင်းတူပေမယ့် ဥာဏ်ချင်းမှ မတူတာလို့လည်း ပြောကြပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် တော်ပြီး အောင်မြင်နေအများစုရဲ့ သာမန်လူနဲ့ မတူတဲ့ ဓလေ့စရိုက်များကို သိထားတော့ ကိုယ်လည်း တစ်စုံတစ်ယောက် ဖြစ်လာနိုင်တာပေါ့။ မိမိတို့ အလုပ်မှာလည်း ကိုယ့်ထပ် သာနေသူတွေ၊ တော်နေသူတွေ တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ ဓလေ့စရိုက်များက အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁) အပြည့်အဝ တာဝန်ယူ၊ ပြီးအောင်လုပ်တတ်သူ

အလုပ်တစ်ခု တာဝန်တစ်ခု ရလိုက်ပြီဆိုရင် သူဟာ ယင်းအလုပ်တာဝန်ကို သူနဲ့ သက်ဆိုင်တဲ့အပိုငးကို အပြည့်အဝ ယူပြီးတော့ လုပ်ပါတယ်။ လုပ်ပြီဆိုရင်လည်း ဒါကို ပြီးအောင် လုပ်တယ်။ မလုပ်ခင်မှာကတည်းက “ကျနော်ဒါကို သေချာ ပြီးအောင် လုပ်ပါ့မယ်” ဆိုပြီးတော့ သတ္တိရှိရှိ ကြေညာ ပြောတတ်သူ ဖြစ်ပါတယ်။

၂) အစုံသုပ် မလုပ်

ဘမ်းစကားအရ အစုံသုပ်ဆိုပေမယ့် အသုပ်သုပ်တာကို မဆိုလိုပါဘူး။ Multitasking မလုပ်တာကို ပြောတာပါ။ အလုပ်တစ်ခုမှာ အာရုံစိုက်နေတုန်း သူ အခြား အာရုံ အဝင်မခံဘူး။ Facebook, Gmail နဲ့ ဟာသဗီဒီယိုလေးတွေ၊ အကျူဇယားတွေလည်း သူမေ့ထားတတ်တယ်။ ဘာလို့လဲဆို သူ့ခေါင်းထဲမှာ ဒီ အလုပ်တစ်ခု ပရောဂျက် တစ်ခုပြီးအောင် လုပ်ကို လုပ်ရမယ်လို့ ခေါင်းထဲ ဝင်နေတယ်။ ဒါကြောင့်မို့ အခြား လုပ်ချင်တာလေးတွေရှိရင်တောင် Task ကို တစခုဆို တစ်ခုတည်း သူအာရုံ ထားပါတယ်။

၃) အကူအညီကို အားမနာတမ်းငြင်းသူ

“သယ်ရင်းရေ.. ငါ့ကို ဒါလေး တစ်ချက်လောက်ကူညီပါအုံး” လို့ လာအကူအညီတောင်းရင် သူမအားဘူး။ လောလောဆယ် ဒါလေး ပျက်အောင် လုပ်နေလို့ ဆိုပြီးတော့ ငြင်းလွတ်တတ်တယ်။ ဘော်ဒါဘော်ချက်တွေကလည်း လာပါ၊ သွားရအောင် လာရအောင် အစရှိသဖြင့်လည်း ခေါ်လိုက်မယ်။ အခြားသော အကူညီများလာရင်လည်း သူ့အလုပ်ကို ပျက်မယ်ထင်ရင် အားနာစွာပဲ ငြင်းတတ်ပါတယ်။

၎) လူတော်ချင်း ပေါင်းတတ်သူ

အကယ်၍ သင်ဟာ အခန်းထဲမှာ အတော်ဆုံး ဖြစ်နေရင် သင်ဟာ အခန်းမှားထဲကို ရောက်နေပါတယ်တဲ့။ လူတော်၊ အလုပ်ကြိုးစား၊ ရေကုန်ရေခန်း လုပ်တတ်သူက သူတို့လို လူတွေနဲ့ပဲ ပိုပေါင်းဖြစ်ပါတယ်။ ပျင်းရိထုံထိုင်းသူ၊ အလုပ် ရေသာခိုသူတွေနဲ့ အပေါ်ယံ ဆက်ဆံရေးအရ သူ စကားတော့ ပြောလိမ့်မယ်။ ဒါပေမယ့် အပြင်အတူထွက်တာတို့၊ အတူ သောက်စားတာတို့ သူရှောင်လိမ့်မယ်။ အကြောင်းက သူဟာ လူတော်ချင်းပေါင်းမှ အတွေးအမြင်တွေ တူတယ်။ ပြောဆိုတာ တူတယ်။ အိုင်ဒီယာတွေ ဖလှယ်လို့ရတယ်ပေါ့။ ပျင်းနေသူတစ်ယောက်ကို အားကြိုးမာန်တက်ရှိနေသူတစ်ယောက်က အားကြိုးမာန်တတ် သွားပြောနေလို့ စကား ကောင်းမလာသလို၊ စကားတစ်ခုကို အလေးနက်ပြောတဲ့အခါ တစ်ဖက်စကားက သူ့အတွက်လည်း ပေါ့နေတတ်ပါတယ်။

၅) စိတ်ခံစားချက်ကို ဖယ်ထားနိုင်သူ

စိတ်ခံစားချက်ဆိုတာ ပြင်ပ ပယောဂကြောင့် ကိုယ်ဟာ စိတ်တို၊ စိတ်ဆိုးတာလည်းပါမယ်။ အလုပ်မှာ လုပ်နေရင်း လုပ်ဖောင်ကိုင်ဖက် သို့မဟုတ် အထက်က လူပြောလို့ စိတ်ဆိုးတာလည်း ရှိမယ်။ ဒါတွေကို စိတ်ဆိုးခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း အစရှိသဖြင့် စိတ်ခံစားချက် emotion ကို ထုတ်တတ်သူများ၊ ဖော်ပြတတ်သူများ၊ ပြန်လည် တုံ့ပြန်တတ်သူများဟာ အလုပ်မှာ အဆင်မပြေပါဘူး။ အဆင်ပြေရင်တောင် ပိုအဆင့်မြင့်တဲ့ level တစ်ခုရောက်ဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆို သူဟာ မရင့်ကျက်ဘူး သို့မဟုတ် အလုပ်ထပ် သူ့ခံစားချက်ကို ဦးစားပေးသူ ဖြစ်တာကြောင့် conflict of interest ဖြစ်တယ်လို့ မြင်လို့ပါ။ Super achiever များကတော့ ယင်း emotion ကို ခေါင်းထဲက ထုတ်ထားပြီး အလုပ်ကို လုပ်တတ်ကြ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

နာနတ်သီး နှင့် ကျန်းမာရေး

 
ရင်ကိုအေးမြစေသော နာနတ်သီးသည် ကိုလက်စထရော ပါဝင်မှုနဲပါးပြီး၊ လူသားတို့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်တို့  စုဝေးရာအရင်းအမြစ်လည်းဖြစ်ပါသည်။

၁။ နာနတ်သီး သည် Bromelain ဟုခေါ်သော အင်ဇိုင်းတစ်မျိုးပါဝင်သည့် တစ်ခုတည်းသော အသီးဖြစ်ပါသည်။ အထူးသဖြင့် အသီးအလယ်အူတိုင်ထဲရှိ Bromelain ဓာတ်က အောက်ပါအတိုင်းကျန်းမာရေးကိုကောင်းကျိုးပြုပါသည်။ အကိုက်အခဲပျောက်ဆေး(NSAIDs)များထက် ပိုပြီးအားကောင်းသည့် အစွမ်းသတ္တိရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းနှင့် အရိုးအဆစ်လွဲပြီးနောက်ဖြစ်တတ်သော ရောင်ရမ်းနာကျင်မှုတို့ ကို ထိထိရောက်ရောက် သက်သာစေ ပါသည်။ သွေးခဲခြင်းကြောင့် သွေးကြောပိတ်ဆို့ ခြင်းနှင့် ဆက်စပ်သောနှလုံးရောဂါများကို ကာကွယ်ဟန့် တား ပေးနိုင်ပါသည်။ သွေးလည်ပတ်စီးဆင်းမှုကိုလဲ တိုးတက်ကောင်းမွန်စေပါသည်။ ဓမ္မတာရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေပါသည်။ ဂေါက်ရောဂါ၊ အအေးမိ၊ နှာစေး ရောဂါများအပြင် ၊ လေပြွန်ရောင်ခြင်း၊ ထိပ်ကပ်နာရောဂါနှင့် ဆက်စပ်နေသော ဝေဒနာများကို သက်သာစေပါသည်။ ခွဲစိတ်ခန်းဝင်ပြီးနောက် အနာကျက်အမြန်ကျက်စေရန်အတွက် နာနတ်သီးစားပေးသင့်ကြောင်း ဂျာမနီဆေးသုတေသီ များက တိုက်တွန်းထားကြပါသည်။

၂။ နာနတ်သီးသည် သဘာဝအစာအိမ်မှထွက်သောအရည်နှင့် လွန်စွာဆင်တူသည့်အတွက် အစာချေစံနစ်ကို တိုးတက်ကောင်းမွန် စေပြီး၊ ၀မ်းဖောဝမ်းယောငင်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာအိမ်နာ နှင့် လေပူထိုးခြင်းတို့ ကို သက်သာစေနိုင်ပါသည်။ ၀မ်းချုပ်ခြင်းမှ လည်းကာကွယ်ပေးပါသည်။

၃။ ပန်းနာရင်ကြပ်ကို သက်သာပြေလျော့စေပါသည်။ ချွဲသလိပ်ကျေစေပါသည်။

၎။ နာနတ်သီးအူတိုင်ကို ပျားရည်ဖြင့်တို့ ၍ ကလေးများကိုကျွေးပါက၊ သံကျစေပါသည်။

၅။ နာနတ်သီးသည် လိမ္မောသီးကဲ့သို့ ပင် ဗိုက်တာမင်စီ ပါဝင်မှုမြင့်မားသဖြင့် အအေးမိ၊ နှာစေး၊ ချောင်ဆိးုး ခြင်းကိုတိုက်ထုတ်ပေး ပါသည်။ သို့ သော် နာနတ်သီးထဲတွင် Bromelain ဓာတ်ပါရှိနေသည့်အတွက် လိမ္မော်သီးထက် ပိုမိုအစွမ်းထက်စေပါသည်။

၆။ နာနတ်သီးထဲတွင် beta-carotene အမြောက်အများပါရှိသည့်အတွက် အမြင်အာရုံကိုကောင်းမွန်စေနိုင်ပါသည်။ နေ့စဉ် နာနတ်သီး တစ်ခွက်စာကို သုံးကြိမ်တိတိ ပုံမှန်စားခြင်းပေးခြင်းဖြင့် သက်လတ်ပိုင်း နှင့် သက်ကြီးပိုင်းရောက်သောအခါမှာ အမြင်လွှာ ယိုယွင်းမှုဖြစ်နိုင်ခြေကို ၃၆-ရာခိုင်နှုန်း ထိ လျော့နည်းပေးနိုင်ပါသည်။

၇။ သဘာဝဆီးရွှင်ဆေးအဖြစ် နာနတ်သီးကို အားကိုးနိုင်ပါသည်။ ထို့ ပြင် သုတေသနမှတ်တမ်းများအရ၊ ဆီးလမ်းကြောင်း ပိုးဝင်ပါက၊ ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ်လည်အောင်သောက်ရင်း၊ နာနတ်သီး ကိုပါတွဲဖက်စားပေးခြင်းဖြင့် ကူးစက်ပိုးများမှ အချိန်တိုအတွင်း ကင်းဝေးစေသည်ဆိုပါသည်။

၈။ နာနတ်သီးကို သီတင်းတစ်ပတ်လျှင် ၂-ကြိမ် ခန့် စားသုံးပေး သူများသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှု အခွင့်အရေး အလွန်နည်းပါးပါသည်။

၉။ သွားဖုံးကျန်းမာ မှ သွားကျန်းမာမည်ဖြစ်ပါသည်။ ဗိုက်တာမင်စီကြွယ်ဝသည့် နာနတ်သီးစားသုံးပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း နှင့် သွားဖုံးရောဂါအမျိုးမျိုးတို့ ကို မဖြစ်ပေါ်စေဘဲ၊ နှစ်ရှည်လများ သွားဖုံးခိုင်ခန့် ကောင်းမွန်စေနိုင်ပါသည်။

၁၀။ နာနတ်သီးဖျော်ရည်ကို သဘောင်္သီး၊ နွားနို့ တို့ နှင့် တွဲသောက်ပါက၊ ဗီတာမင်စီ၊ ဗီတာမင်အီး နှင့် သံဓာတ်တို့  ကြွယ်ဝစွာရရှိ စေသည့်အတွက် ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းစွာအထောက်အကူပြုပါသည်။ ဇရာကို အံတုမည့် ဖျော်ရည်အဖြစ် သောက်သုံးနိုင် ပါသည်။

၁၁။ နာနတ်သီးဖျော်ရည်ကို ငှက်ပျောသီး၊ နာနတ်သီး၊ နွားနို့ တို့ ဖြင့် တွဲသောက်ပါက ၀မ်းချုပ်ခြင်းကို တားဆီးပေးနိုင်ပါသည်။ ထို့ ပြင်ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက် အသားအရေအလှအပကို ကောင်းစွာ ပံ့ပိုးပေးပါသည်။

ထိပ်ဆုံးမှာ တွေ့ကြမယ် ….

 
* ပြင်းထန်သော ဆန္ဒဖြင့် တိကျသော ရည်မှန်းချက်ထားရှိပါ။

* ပန်းတိုင်သို့ မည်သည့်အချိန်တွင် ရောက်ရှိရမည်ဟု သက်မှတ်ပါ။

* ရည်မှန်းချက် ဘာလဲဆိုတာကို စာဖြင့်ရေးချထားပါ။

* မည်သို့ သွားရမည်ဟူသော လုပ်ငန်းစီမံချက် ချမှတ်ရမည်။

* ပန်းတိုင်သို့ ရောက်ရေးကို နေ့စဉ်တွေးပါ။

* မိမိ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိပါ။

* ရေးဆွဲထားသည့် စီမံချက်အတိုင်း မနေမနားကြိုးစားဆောင်ရွက်ပါ။

* အခြားသူတို့၏ အားလျှော့စေတတ်သော အကြံပေးချက်များကို လက်မခံပဲ နားပိတ်ထားပါ။

* မိမိအစီအစဉ်အတိုင်း ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်ရန် အားပေးအားမြှောက်ပြုမည့် မိတ်ဆွေများနှင့် ပူးပေါင်းပါ။

* အနှစ်မရှိသော အလုပ်များ ဖြင့် အချိန်ဖြုန်း ပျော်မွေ့နေသော ပတ်ဝန်းကျင်မှ ရှောင်ထွက်ပါ။

* မိမိ၏ အားနည်းချက်၊ အားသာချက်များကို သိပါ။ သိအောင်လုပ်ပါ။

* ထကြွ လုံ့လ ၀ီရီယ ရှိပါ။

* အခွင့်အရေးရတုန်းမှာ ယူထားပါ။ မလွတ်ပါစေနှင့်။ မိုးရွာတုန်းရေခံ။ မိုးရွာတာက ကံ။ ရေခံတာက ၀ီရီယ။

* ဝေဖန်မှုကို ခံယူပြီး အကျိုးရှိအောင် ပြုပြင်ပါ။ မခံချင်စိတ်အပေါ်တွင် နာကျင်မှုနဲ့ မျိုးစေ့ချ စိုက်ပျိုးပြီး အသီးအပွင့်များကို ခူးယူ စားသုံးပါ။

* ပြောသင့်တာနှင့် လုပ်သင့်တာကို ချင့်ချိန်ခွဲခြားတတ်သူဖြစ်ပါစေ။

* ငြင်းခုန်ခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။

* ငွေစုပါ။ ငွေမည်မျှ ရှာဖွေနိုင်သည်မှာ အဓိကမဟုတ်၊ မည်မျှ စုဆောင်းနိုင်သည်မှာ အဓိက ဖြစ်သည်။

* ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုကို တည်ဆောက်ပါ။

* စိတ်ဓာတ်မကျအောင် သတိပြုထိန်းသိမ်းပါ။

* မိမိကိုယ်ကို ယုံကြည်မှုရှိပါ။

* ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ တွေးရဲတောရဲ ရှိပါ။

* ဂုဏ်သိက္ခာကို သန့်ရှင်းဖြူစင်အောင် ထိန်းသိမ်းပါ။

* သိမ်ဖျင်းတဲ့ တန်ဖိုးမဲ့တဲ့ စကားမျိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်နဲ့။

* သင်၏ သီးသန့်ဘ၀ကို တသီးတသန့် ဖြစ်ပါစေ။

* သင့်လျှို့ဝှက်ချက်ကို သင့်အင်္ကျီပင် မသိပါစေနှင့်။

* အတွေ့အကြုံတိုင်းအပေါ်တွင် သင်ခန်းစာယူပါ။

* ကျောက်ခဲတစ်လုံးကိုပဲ နှစ်ခါ ခလုတ်မတိုက်မိပါစေနှင့်။

* သတိရှိပါ။ သတိသည် လုံခြုံခြင်း၏ မိခင်ဖြစ်သည်။

* ယနေ့လုပ်နိုင်တာတွေကို မနက်ဖန်လုပ်ဖို့ ချန်မထားပါနှင့်။

* အချိန်၏ တန်ဖိုးကို နားလည်ပါ။

* မိတ်ဆွေကောင်းများကို ထိန်းသိမ်းပါ။ မိတ်ဆွေများနှင့် အချေးအငှား၊ အချေးအယူ မလုပ်ပါနှင့်။

* လောင်းကစား၊ မိန်းမနှင့် အရက်ကို ဝေးဝေးကရှောင်ပါ။

* သင့်ဘ၀ကို လုပ်ငန်း၊ အဖွဲအစည်းတစ်ခုခု (သို့) လူတစ်ဦးတစ်ယောက်ထံသို့ အူလှိုက် အသည်းလှိုက် ပုံမအပ်သင့်ပဲ ပုံမအပ်ပါနှင့်။

* ခင်မင်မှုကို တန်ဖိုးထားပါ။ ချစ်ပါ။ ဒါပေမယ့် ခွဲခွာရမည်ကိုလည်း မကြောက်ပါနှင့်။

* သြဇာလွှမ်းမိုးမှု ကွန်ယက်ကို ဖြန့်ကျက်ပါ။

* တာဝန်ယူစိတ်ရှိပါ။ တာဝန်ကျေပွန်အောင် ပြင်းထန်သောဆန္ဒကို မွေးမြူပါ။

* မိမိ၏ လုပ်ရပ်သည်ရည်မှန်းချက်ကိုထိခိုက်နေပြီဟု ယုံကြည်လျှင် လျှော့လုပ်ပါ။ ရည်မှန်းချက်ကို အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြုပြင်ပါ။ အမြင်သစ်အမြင်မှန်ကို အမြဲကြိုဆိုလက်ခံပါ။

* သင်သည်နေကို မျက်နှာမူလိုက်ပါ အရိပ်များသည် အနောက်ဘက်တွင် ရောက်ရှိသွားပါလိမ့်မည်။

* စာပေ လေ့လာဆည်းပူးပါ။

* ရတနာသုံးပါးကို မမေ့ပါနှင့်။