Saturday 20 June 2015

လူတွေအတွက် သိသင့်စရာ IQ နဲ့ EQ အကြောင်း




စာသင်ကျောင်းတွေမှာကလေးတွေရဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး စစ်ဆေးကြရာမှာ အများအားဖြင့် ကျောင်းသားတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးကိုဘဲ စစ်ဆေးကြတာများပါတယ်။ဒီလိုဘဲ ကမ္ဘာတစ်ဝန်းလုံးရှိ တက္ကသိုလ်အများစု နဲ့ ကောလိပ်တွေမှာလည်း ကျောင်းသားတွေရဲ့ အရည်အချင်းကို SAT ဒါမှမဟုတ် GEC အစရှိတဲ့ ဝင်ခွင့်စာမေးပွဲတွေကိုအောင်မြင်မှ တက်ရောက်ခွင့်ရရှိကြပါတယ်။ ဒါပေမယ့် သုတေသနပညာရှင်တို့လေ့လာတွေ့ရှိထားချက်အရ ဘဝမှာ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေရရှိဖို့ IQ ဟာ ၂၀% လောက်သာ အထောက်အကူပြုနိုင်ပြီး EQ ကတော့ လူတွေနဲ့ဆက်ဆံပတ်သက်ရတဲ့အခါ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပိုမိုကျယ်ပြန့်စွာ အထောက်အကူပြုကြောင်းဖော်ပြထားပါတယ်။

IQ ဟာ လူရဲ့ ဥာဏစွမ်းရည်ပမာကိုဖော်ပြခြင်းဖြစ်ပြီး EQ ကတော့ လူရဲ့နှလုံးရည်ပမာဏ ကို ဖော်ပြခြင်းဘဲဖြစ်ပါတယ်။ ဥာဏစွမ်းရည်ဆိုတာ လူတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်မှုကိုဆိုလိုတာဖြစ်ပြီး နှလုံးရည်ဆိုတာကတော့ လူတစ်ယောက်ရဲ့ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်မှု၊ မိမိကိုယ်မိမိ ဝေဖန်ဆန်းစစ်နိုင်မှု၊ သူတစ်ပါးအပေါ် မျှဝေခံစားနိုင်မှု၊ စာနာပေးနိုင်မှုတိုကို ဆိုလိုတာဖြစ်ပါတယ်။ လူကြီးသူမတွေပြောကြတဲ့ နှလုံးရည်ကောင်းတယ်၊ဥာဏ်ရည်မြင့်တယ်ဆိုတာ IQ ၊ EQ ကောင်းတာကို ဆိုလိုခြင်းဘဲဖြစ်ပါတယ်။

ဥပမာအနေနဲ့ပြောရရင် တစ်ချို့လူတွေဟာ ပညာရပ်တစ်ခုကိုသင်ကြားကြရတဲ့အခါ ဥာဏ်ရည်မြင့်မားမှုကြောင်းအရည်အသွေးပြည့်မှီတဲ့ပညာရပ်တစ်ခုကိုရရှိနိုင်ခဲ့ကြပေမယ့် သူတို့ဟာ လုပ်ငန်းခွင်နယ်ပယ်မှာ၊ဒါမှမဟုတ် လူမှုရေးနယ်ပယ်မှာ အောင်မြင်မှုတွေမရရှိဘဲ ရှေ့ဆက်မယ့် ဘဝအရည်အသွေးတွေကို မတိုးချဲ့နိုင်ကြဘဲဖြစ်နေတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆက်ဆံပတ်သက်နေရတဲ့နယ်မြေမှာ သူတို့ကျင့်သုံးနေထိုင်တဲ့ နှလုံးရည်ဟာ အားနည်းခြင်းကြောင့်ဘဲဖြစ်ပါတယ်။ လူတွေအနေနဲ့ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ မိသားစုဝင်အတွင်းမှာဖြစ်ဖြစ်၊ လူမှုရေးဆက်ဆံနယ်ပယ်မှာဖြစ်ဖြစ် မိမိရဲ့နှလုံးရည်ဟာ များစွာ လွှမ်းမိုးမှုရှိကြောင်းသိရှိဖို့လိုပါတယ်။

IQ မြင့်လို့ ဘဝတင့်ပြီလား။

တကယ်တော့ လူတွေဟာ အဆင့်မြင့်ပညာတတ်ရုံနဲ့ ဘဝဟာတင့်တယ်ပြီ၊ပြည့်စုံပြီလို့ပြောလို့မရပါ။ ပညာရပ်တစ်ခုမှာထူးချွန်ထက်မြက်ခြင်းဟာ လူတော်တစ်ယောက်ဖြစ်နိုင်ပေမယ့် လူကောင်းတစ်ယောက်အဖြစ်ပြောလို့လည်း မရနိုင်ပါ။လူတော်တစ်ယောက်ဖြစ်သလို လူကောင်းတစ်ယောက်ပါဖြစ်ချင်တယ်ဆိုရင် နှလုံးရည်ကောင်းဖို့လိုအပ်ပါလိမ့်မယ်။ ဘဝမှာ ထိုက်တန်တဲ့အောင်မြင့်မှုတစ်ခုကိုရရှိဖို့ အဆင့်မြင့်ပညာရပ်တစ်ခုကိုတတ်ရုံနဲ့ မလုံလောက်ဘဲ စိတ်နှလုံးအရည်အသွေးပါပြည့်စုံပါမှ မိမိလိုချင်တဲ့ အောင်မြင်မှုအစစ်အမှန်ကိုရရှိနိုင်မှာဖြစ်ပါတယ်။

EQရဲ့ အနှစ်သာရ

လူတွေအနေနဲ့ မိမိရဲ့ပညာအရည်အချင်းအရ အလုပ်တစ်ခုကိုရရှိမှာ အမှန်ဘဲဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်အတွင်းမှာ နှလုံးရည်အားနည်းနေခဲ့ရင်တော့ မိမိရဲ့အလုပ်မှာ အောင်မြင်မှု ရရှိနိုင်ဖို့ခက်ခဲနိုင်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ မိမိအနေနဲ့ နှလုံးရည်အားနည်းနေခဲ့ရင် မိမိရဲ့ နှလုံးရည်အားနည်းမှုဟာ ပတ်ဝန်းကျင်အပေါ်များစွာသက်ရောက်မှုရှိစေပြီး ဘဝတက်လမ်းကို အဟန့်အတားဖြစ်စေတတ်ပါတယ်။မိမိရဲ့ စိတ်နှလုံးစွမ်းရည်ဟာ မိမိရှင်သန်ရာပတ်ဝန်းကျင်တွေအပေါ်မှာ များစွာ လွှမ်းမိုးမှုရှိသလို မိမိအတွက်လည်း များစွာ အကျိုးသက်ရောက်မှုတွေရှိစေပါတယ်။ လုပ်ငန်းခွင်တွင်း၊မိသားစု၊ လူမှုဆက်ဆံရေးနယ်ပယ်အစရှိတဲ့နယ်ပယ်အသီးသီးတွေမှာ ဒီနှလုံးရည်ပြည့်ဝမှုဟာ ပိုင်ဆိုင်တဲ့သူကို များစွာ အကျိုးကျေးဇူးများစေပါတယ်။

ဒါကြောင့် ပညာရှင်တွေက လေ့လာသုံးသပ်ပြီး IQ နဲ့ EQမှာ EQ ဟာလူတွေအတွက် ဘဝအောင်မြင်မှုကို ရရှိဖို့ အခွင့်အလမ်းများတယ်ဆိုတာ လေ့လာဖော်ပြခြင်းဘဲဖြစ်ပါတယ်။ ဥပမာ လုပ်ငန်းခွင်အတွင်းမှာ IQ အပြင် EQပါ ပြည့်စုံတဲ့သူတွေအတွက် မိတ်ဆွေအသိုင်းအဝိုင်းအလယ်မှာ ရနံ့သင်းတဲ့ပန်းလိုသင်းကြိုင်လှပါတယ်။ IQ ရှိပေမယ့် EQ မရှိတဲ့သူတွေအတွက်တော့ စိတ်ဖိစီးမှုတွေ၊ စိုးရွံထိတ်လန့်ရမှုတွေနဲ့ တစ်ကိုယ်တည်း ချောက်ချားနေရတာများလှပါတယ်။ စိတ်မလုံခြုံမှုကိုခံစားနေရစေပါတယ်။

နှလုံးရည် အားကောင်းသူတွေဟာ မိသားစု အပေါ်၊ လုပ်ဖော်ကိုင်ဖက်အပေါ်များစွာ စိတ်အေးချမ်းသာမှုကို ပေးစွမ်းနိုင်ပြီး သူကိုယ်တိုင်ကလည်း ကိုယ်စိတ်နှစ်ပါး ရွှင်လန်းကာ လူအများကိုအေးချမ်းတဲ့အရိပ်အာဝါသကို ပေးစွမ်းနိုင်ကြပါတယ်။ ဒါကြောင့်တိုးတက်နေတဲ့ခေတ်ကာလမှ တစ်ချို့လုပ်ငန်းရှင်တွေဟာ အလုပ်သမားတွေနဲ့ပတ်သက်ပြီး IQအပြင် EQ ကိုပါ ထည့်သွင်းစဉ်းစားလာကြတာရှိပါတယ်။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ အတတ်ပညာတစ်ခုတည်းနဲ့ မလုံလောက်နိုင်ဘဲ အဲဒီလုပ်ငန်းအောင်မြင်နိုင်ဖို့အင်အားစိုက်ထုတ်ပေးတဲ့ ကြိုးစားမှုဇွဲလုံ့လနဲ့အပြုသဘောဆောင်စိတ်ထားတို့များစွာလိုအပ်ပါတယ်။

IQ ကောင်းပေမယ့် EQ အားနည်းမှုကြောင့် ထိုက်တန်တဲ့ရာထူးနေရာတွေကိုလက်လျော့ကြရတဲ့အဖြစ်အပျက်တွေလည်းရှိပါတယ်။ဘာကြောင့်လဲဆိုတော့ EQနဲ့တွဲဖက်ပြီး လုပ်ကိုင်နိုင်မှ အောင်မြင်မှုကို ရယူနိုင်မယ့် လုပ်ငန်းတစ်ခုဖြစ်တဲ့အခါ EQကိုပါ အလေးအနက်ထားပြီး စစ်ဆေးကြရတာတွေမျိုးဖြစ်ပါတယ်။

ဒါကြောင့် နောင်အနာဂတ် မှာ လူကြီးဖြစ်လာမယ့် ကလေးတွေကို IQ အပြင် EQ ကိုပါ အလေးအနက်ထားပြီး လေ့ကျင့်ပျိုးထောင်ဖို့ မိဘတွေ၊ကလေးသူငယ်ပြုစုစောင့်ရှောက်သူတွေအနေနဲ့ သတိပြုရမယ့်အချက်တွေဖြစ်ပါတယ်။ဒါမှ ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်အပေါ်မှာ လူတော်လူကောင်းတစ်ယောက်အဖြစ်များစွာ အကျိုးကျေးဇူးပြုနိုင်မှာဖြစ်ပါတယ်။

မိမိကိုယ်မိမိ လေ့လာသုံးသပ်ဝေဖန်ဆန်းစစ်နိုင်စွမ်းရှိမှု၊ မိမိရဲ့စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိမှု ၊မိမိကိုယ်မိမိ အားပေးတတ်မှု၊ သူတစ်ပါးအပေါ် စာနာစိတ်ထားမှု၊ သူတပါးအပေါ် မျှဝေနားလည်ပေးနိုင်စွမ်းရှိမှုတို့ဟာ EQ ရဲ့ အရည်အသွေးတွေဘဲဖြစ်ပါတယ်။ဒါဟာ ဘဝမှာ အောင်မြင်မှုရရှိဖို့လူတွေအတွက် အင်အားပြည့်ဝတဲ့အချက်တွေဘဲဖြစ်ပါတယ်။ဒီလိုအချက်တွေကို လေ့ကျင့်ပျိုးထောင်ထားမယ်ဆိုရင် ဘဝမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို လွယ်ကူစွာနဲ့ကျော်ဖြတ်နိုင်မှာဖြစ်ပြီး ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ ဘဝခရီးလမ်းတစ်ခုကို ရရှိစေမှာဖြစ်ပါကြောင်းဖော်ပြပေးလိုက်ရပါတယ်။

No comments:

Post a Comment