Sunday 21 June 2015

လူတွေအတွက် အရေးကြီးတဲ့ စီမံခန့်ခွဲမှုပညာ


အလုပ်တွေနဲ့ရှုပ်ထွေးလွန်းတဲ့ ခေတ်ကာလမှာ လူတွေအတွက် စီမံခန့်ခွဲမှုပညာရပ်ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ လုပ်ငန်းတိုင်းမှာ စီမံခန့်ခွဲမှုပညာရပ်ဟာ မရှိမဖြစ်လိုအပ်သလို လူတွေမှာလည်း မိမိရဲ့ကိုယ်ရေးကိုယ်တာအလုပ်ကိစ္စရပ်များနဲ့ပတ်သက်ပြီး စီမံခန့်ခွဲတတ်ဖို့လိုအပ်ပါတယ်။ စီမံခန့်ခွဲမှုမရှိဘဲ လုပ်ကိုင်မိကြတဲ့အခါ မလိုအပ်ဘဲစိတ်ပင်ပန်းရခြင်း ၊ အချိန်ကုန်ရခြင်း၊ အရေးကြီးတဲ့ကိစ္စရပ်တွေကိုလက်လွှတ်ဆုံးရှုံးရခြင်းတို့ကြုံတွေ့ကြရပါတယ်။ ဒါကြောင့် အခုလိုတိုးတက်နေတဲ့ခေတ်ကာလမှာ အောင်မြင်မှုအတွက် ကြိုးပမ်းနေကြသူတွေဟာ စီမံခန့်ခွဲမှုစနစ်ကိုအလေးထားအသုံးပြုလာကြပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပါ အရေးပါအကျုံးဝင်နေတာကြောင့် စီမံခန့်ခွဲမှုကိုစနစ်တကျလုပ်ဆောင်နိုင်ကြစေဖို့ဖော်ပြလိုက်ပါတယ်။

အချိန်ကို စနစ်တကျ စီမံခန့်ခွဲပါ


အချိန်ကိုစနစ်တကျစီမံခန့်ခွဲအသုံးချမှုဟာလည်း နေ့စဉ်လှုပ်ရှားရန်ုးကန်နေရတဲ့ ဘဝတွေထဲမှာ တကယ့်ကို အရေးကြီးပါတယ်။ အချိန်ကိုအကျိုးရှိရှိ လိုအပ်တဲ့နေရာတွေမှာဘယ်လို အသုံးပြုသွားမယ်ဆိုပြီး စီမံခန့်ခွဲတတ်မှုဟာ မိမိတို့ရဲ့များပြားလွန်းတဲ့ ကိစ္စရပ်တွေကို သူ့နေရာနဲ့သူ အဆင်ပြေပြေကျော်ဖြတ်သွားစေပါတယ်။အချိန်ကို စနစ်တကျ မစီမံနိုင်တဲ့အခါ စိတ်ပျက်ရခြင်း၊ လွဲချော်မှုတွေကြုံရခြင်း ၊ အရေးကြီးတဲ့ကိစ္စရပ်တွေ လက်လွတ်ခံရခြင်း၊ မလိုလားဘဲ ငွေကုန်ခြင်း၊ လူအင်အားပြုန်းတီးစေခြင်းနဲ့ စိတ်ပင်ပန်းစေခြင်း တို့ ကြုံတွေ့ကြရပါတယ်။

နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စီမံခန့်ခွဲပါ


လူတွေမှာ မိသားစု၊ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်း အသိုင်းအဝိုင်းတွေနဲ့နေထိုင်ကြတာဖြစ်တာကြောင့် မိသားစုကိစ္စ၊ဆွေမျိုးကိစ္စ၊ သူငယ်ချင်းကိစ္စ၊ မိတ်ဆွေကိစ္စ အစရှိတဲ့ကိစ္စရပ်တွေကို အချိန်ပေးရတာတွေရှိပါတယ်။ ဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေမှာ စီမံခန့်ခွဲမှုမရှိရင့်  မလိုအပ်ဘဲ မိမိအလုပ်တွေ အချိန်ကုန်သွားရခြင်း၊ မိမိကိုယ်ကိုအားမရခြင်း ၊စိတ်ပျက်မိခြင်း မိမိကိုယ်ကိုယုံကြည်မှုအားနည်းသွားခြင်း အစရှိတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။ဒါကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလည်း စီမံခန့်ခွဲပြီးလုပ်ဆောင်ခြင်းဖြင့် မိမိရဲ့ အချိန်၊ခွန်အားနဲ့ငွေတို့ကို များစွာသက်သာစေမှာဖြစ်ပါတယ်။

ငွေကြေး ကိုစီမံခန့်ခွဲပါ

ငွေကို လူတွေက ဒုတိယဘုရားသခင်အနေနဲ့တင်စားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေက အရာရာကိုဖန်တီးဖို့ စွမ်းအားရှိတာကြောင့် ငွေကို ပိုင်ဆိုင်နိုင်ဖို့၊ မိမိတို့ဘဝကို အကောင်းဆုံးဖန်တီးနိုင်ဖို့

ကြိုးစားကြရပါတယ်။ ဒီလို ကြိုးစားကြတဲ့အခါ တစ်ချို့က ငွေရဲ့အရှင်သခင်ဖြစ်သွားကြပြီး အချို့ကတော့ ငွေရဲ့ ကျေးကျွန်ဖြစ်သွားတတ်ကြပါတယ်။ ဒါဟာ ငွေကို စီမံခန့်ခွဲမှုအပေါ်မူတည်ကွဲပြားသွားတယ်လို့ထင်ပါတယ်။ ငွေက ကိုင်တွယ်စီမံတတ်ရင် လူကိုများစွာကောင်းကျိုးပြုပြီး မကိုင်တွယ်တတ်ရင် မီးလိုဘဲ လူတွေကို လောင်ကျွမ်းလွယ်စေပါတယ်။ငွေရဲ့လောင်ကျွမ်းကိုခံရတဲ့အခါ လူဟာ ငွေရဲ့ကျေးကျွန်ဖြစ်သွားတတ်ကြပါတယ်။ ငွေကိုစနစ်တကျစီမံခန့်ခွဲမှုရှိတဲ့အခါ မိမိဟာ ငွေရဲ့အရှင်သခင်ဖြစ်သွားပြီး ငွေကို အကျိုးရှိရှိခိုင်းနိုင်မှာဖြစ်ပါတယ်။ စနစ်တကျစီမံခန့်ခွဲမှုအားနည်းတဲ့အခါ ငွေကြောင့် ပင်ပန်းဒုက္ခများရပြီး ငွေရဲ့ခိုင်းစေမှုအောက်မှာ ကျေးကျွန်သဖွယ် များစွာ ပင်ပန်းကြရပါတယ်။

လုပ်ငန်းခွင်အတွင်းမိမိအလုပ်ကိုစီမံခန့်ခွဲပါ

လူတွေ အသက်ရှင်သန်ဖို့အတွက် ဝင်ငွေဟာအဓိကကျတာကြောင့် ဒီဝင်ငွေရအောင် အလုပ်လုပ်ရခြင်းက အရေးကြီးဆုံးဘဲဖြစ်ပါတယ်။လုပ်ငန်းခွင်အတွင်းမှာ မိမိရဲ့လုပ်ဆောင်နိုင်မှုက မိမိရဲ့ဝင်ငွေလုပ်အားခကို တိုးမြှင့်စေတာကြောင့် အရေးကြီးတဲ့အချက်တစ်ချက်လို့ပြောလို့ရပါတယ်။ အလုပ်တစ်ခုကိုအောင်မြင်အောင် လုပ်ဆောင်ရာမှာ စီမံခန့်ခွဲပြီးလုပ်ဆောင်တတ်မှုကလည်း များစွာ အရေးပါပါတယ်။ စီမံခန့်ခွဲပြီး စနစ်တကျလုပ်ဆောင်တဲ့အလုပ်နဲ့ စီမံမှုမရှိဘဲ လုပ်ဆောင်တဲ့အလုပ်တို့ရဲ့ရလာဒ်ကလည်း များစွာ ကွာခြားပါတယ်။ စနစ်တကျစီမံခန့်ခွဲပြီးလုပ်ဆောင်ခြင်းဖြင့် အလုပ်ကိုအချိန်မှီပြီးစေခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုအားတိုးစေခြင်း၊ နောက်ထပ်လုပ်ဆောင်စရာတွေအတွက်ပြင်ဆင်ဖို့အချိန်ရလာခြင်းအစရှိတဲ့အကျိုးကျေးဇူးတွေရရှိစေပါတယ်။ စနစ်တကျစီမံခန့်ခွဲမှုမရှိတဲ့အခါ အချိန်မှီမပြီးစီးနိုင်ခြင်း၊ အချိန်မလုံလောက်ခြင်းကြောင့် စိတ်ပင်ပန်းရခြင်း၊ စိတ်ဖိစီးများခြင်း အစရှိတဲ့ပင်ပန်းမှုတွေခံစားရစေပါတယ်။ဒါကြောင့် လူတွေအတွက် စီမံခန့်ခွဲတတ်မှုဟာ မိမိတို့ရဲ့ကြီးပွားတိုးတက်ရေးကို များစွာအထောက်အကူပြုကြောင်းဖော်ပြပေးလိုက်ပါတယ်။

No comments:

Post a Comment