Thursday 11 June 2015

မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း စတင်နိုင်ရန် တိုင်းအစိုးရအဖွဲ့ ကြိုးပမ်း

 ရန်ကုန်မြို့ပြ စီမံကိန်း, ရန်ကုန်တိုင်း အစိုးရ, လွှတ်တော်
ပွင့်လင်း မြင်သာမှု မရှိသောကြောင့် ဝေဖန်မှု များစွာဖြင့် ရပ်ဆိုင်းခဲ့ရသည့် ရန်ကုန်မြို့သစ် စီမံကိန်း မြေနေရာများ ပါဝင်သည့် မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း အကောင်အထည်ဖော်ရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရက ဇွန်လ ၁၀ ရက် လွှတ်တော် အစည်းအဝေးတွင် အဆိုတရပ် တင်သွင်းလိုက်သည်။
တိုင်းအစိုးရအဖွဲ့မှ စည်ပင်သာယာရေး ၀န်ကြီး မြို့တော်ဝန် ဦးလှမြင့်က မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ရာ လွှတ်တော်က ကန့်ကွက်သူမရှိ ထောက် ခံခဲ့သည်။
ယခု စီမံကိန်းတွင် ဦးစားပေး ဆောင်ရွက်မည့် နေရာများအဖြစ် ပထမ ဦးစားပေးသည် ရန်ကုန် အရှေ့ မြောက်ပိုင်း မြို့သစ်၊ ဒုတိယ ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ်၊ သန်လျင်မြို့သစ်၊ ဒလမြို့သစ်၊ ထန်းတပင် မြို့သစ်၊ မှော်ဘီမြို့သစ်၊ လှည်းကူးမြို့သစ်များကို အဆင့်ဆင့် သတ်မှတ်ထားကြောင်း၊ ယင်း မြို့သစ်များ အကောင်အထည် ဖော်နိုင်ရန် မြေနေရာ စုစုပေါင်း ဧကပေါင်း ၁၁၈၇၃၂ ဧက အသုံးပြုရန် လျာထားကြောင်း သိရသည်။
ဦးလှမြင့်က“ရန်ကုန်မြို့၏ မြို့ပြ ဖွံ့ဖြိုးရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကဏ္ဍတို့တွင် ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဆိုပြု စီမံကိန်း တခုခြင်းအား အလျင်အမြန် ဆောင်ရွက်ရန် ကာလ တို၊ ကာလလတ်၊ ကာလရှည်ဆိုပြီး ၂၀၄၀ ခုနှစ်အထိ ဆောင်ရွက်ရန် အစီအစဉ် ချမှတ်ထားပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။
မြို့သစ်များ တည်ဆောက်ရန် လျာထားချက်များအရ ရန်ကုန် အရှေ့မြောက်ပိုင်းအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ဘီလီယံပေါင်း ၄၉၁.၂၃ ၊ ရန်ကုန် အနောက် တောင်ပိုင်းအတွက် ကျပ်ဘီလီယံပေါင်း ၃၀၇၀.၆၀၊ သန် လျင် မြို့သစ် အတွက် ၉၂၆.၅၂ ဘီလီယံ ၊ ဒလမြို့သစ် အတွက် ၁၈၆၈.၇၇ ဘီလီယံ၊ ထန်းတပင် မြို့သစ် အတွက် ၁၂၆၂.၈၇ ဘီလီယံ၊ မှော်ဘီမြို့သစ်အတွက် ၂၇၁.၉၇ ဘီလီယံ၊ လှည်းကူးမြို့သစ်အတွက် ၂၈၅.၅၅ ဘီလီယံ တို့ဖြင့် စုစုပေါင်း ကျပ်ဘီလီယံ ၈၁၇၇.၅၁ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက“ထူးခြားတာက ရပ်ဆိုင်း ခံထားရတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို အနောက်တောင်ပိုင်း မြို့သစ်အဖြစ် ဒုတိယ ဦးစားပေး ဆောက်ရွက်ဖို့ တင်ပြလာတာ တွေ့ရတယ်။ နောက်ပြီး ဒီနေ့တင်ပြမှုကို ကြည့်ရင် သူထောက်ပြသွားတာနဲ့ စာအုပ်မှာ ပြတာတွေက လွဲနေတယ်။ ရှင်းလင်းမှု မရှိသလို ပွင့်လင်းမြင်သာမှု မရှိတာ တွေ့ရတယ်။ နောက်ပြီး တောင်းထားတဲ့ငွေ Amount(ပမာဏ)က အရမ်းများနေတယ်”ဟု ဆိုသည်။
၂၀၁၄ ခုနှစ်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရသည် ရန်ကုန်မြို့အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်း အကြား၊ လှိုင် မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်း အကြားရှိ မြေဧက သုံးသောင်းကျော် မြေနေရာတွင် ရန်ကုန်မြို့သစ် စီမံကိန်း အမည်တပ်ပြီး တရုတ် လုပ်ငန်းရှင် ရှောက်ပန်းနှင့် ရှောက်စန်းတို့ ၂ ဦး ပိုင်ဆိုင်သော မြန်မာ့ စေတနာ မြို့သစ် ကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးခဲ့သဖြင့် ကန့်ကွက်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ထို့ကြောင့် ထိုစီမံကိန်းသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် ရပ်ဆိုင်းသွားခဲ့သည်။

No comments:

Post a Comment