Tuesday 30 June 2015

ဒလတံတား တည်ဆောက်ရန် နိုင်ငံတကာ တင်ဒါခေါ်ယူသွားမည်

 
ရန်ကုန်မြို့နှင့် ဒလမြို့ကို ဆက်သွယ်မည့် ရန်ကုန်မြစ်ကူး ကြိုးဆိုင်းတံတားစီမံကိန်းအတွက်
ပုံစံထုတ်ရေး၊ တည်ဆောက်ရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းများအား နိုင်ငံတကာတင်ဒါစနစ်ဖြင့်
ရွေးချယ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်က ပြောကြားလိုက်
သည်။
"ဒီတံတား တည်ဆောက်ရေးအတွက်ကို ပုံစံထုတ်မယ့်၊ ကြီးကြပ်မယ့်၊ အင်ဂျင်နီယာပိုင်းဆိုင်ရာကို
ကြီးကြပ်မယ့် အတိုင်ပင်ခံ အဖွဲ့ကို အင်တာနေရှင်နယ်တင်ဒါနဲ့ ရွေးမှာ ဖြစ်ပြီးတော့ ဒါကိုလည်းပဲ
ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့
စည်းမျဉ်း စည်းကမ်းတွေ ရေးဆွဲထားတာ ပြီးပါပြီ။ မကြာခင်မှာ တင်ဒါခေါ်ယူဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်" ဟု ဆောက်လုပ်ရေး ၀န်ကြီးရုံးတွင် ဇွန်လ ၂၄ ရက်နေ့က ပြုလုပ်သောရှင်းလင်းပွဲ၌
ဝန်ကြီးဌာန၏အမြဲတမ်း အတွင်းဝန် ဦးကျော်လွင် ကပြောသည်။
"နောက်တစ်ခုကတော့ ဆောက်လုပ်မယ့်ကန်ထရိုက်တာ ရွေးချယ်ရေးပဲဖြစ်ပါတယ်။ ဒါကိုလည်းပဲ
သုံးဦးသုံးဖလှယ်ပြီးတော့ အင်တာနေရှင်နယ်တင်ဒါနဲ့ ရွေးချယ်မှာဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။
တံတား တည်ဆောက်ရေးစီမံကိန်းမှ မြန်မာအင်ဂျင်နီယာများအတွက် အတတ်ပညာဆိုင်ရာများ
သင်ကြားမျှဝေသွားမည့် အစီအစဉ်လည်း ထည့်သွင်းထားသည်။
အဆိုပါတံတားအား တောင်ကိုရီးယားနိုင်ငံနှင့် ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ်
တည်ဆောက်မည်ဖြစ်ရာ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ချေးငွေ(အီးဒီစီအက်ဖ်)ဖြင့်
အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈ သန်း ချေးပေးမည်ဖြစ်သည်။
မြန်မာနိုင်ငံက မူ ဒေါ်လာ ၃၀ ဒသမ ၄ သန်းနှင့် ညီမျှသော မြန်မာကျပ်ငွေထည့်ဝင်ရမည်
ဖြစ်သည်။
ချေးငွေရရှိရေးအတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာနနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါချေးငွေ ရယူရန်အတွက် ပြည်ထောင်စုလွှတ်တော်ကလည်း မေလ ၂၈ ရက်နေ့က
သဘောတူ အတည်ပြုခဲ့ပြီးဖြစ်သည်။
ချေးငွေအတွက် အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် သုည ဒသမ၀ ၁ ရာခိုင်နှုန်း ဖြစ်ပြီး ဆိုင်းငံ့ကာလ
၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်ဖြစ်သဖြင့် ချေးငွေသက်တမ်း နှစ် ၄၀ ဖြစ်သည်။
ဒလဘက်တွင် ကြုံတွေနေရသော သောက်သုံးရေအခက်အခဲအတွက် တံတားတွင် ရေပိုက်
သွယ်တန်းခြင်းစနစ်လည်း ပါဝင်မည်ဖြစ်သည်။
တံတားသည် ရေလမ်းကင်းလွတ် အမြင့်ပေ ၁၆၀ ရှိမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင်
ရေလမ်းကင်းလွတ်အမြင့်ဆုံး တံတားလည်း ဖြစ်သည်။
ထို့ပြင် အကျယ်အားဖြင့်လည်း ၈၂၃ ပေရှိမည်ဖြစ်ရာ တန်ချိန်တစ်သောင်းခွဲ တင်ဆောင်သော
သင်္ဘောများ တံတားအောက်မှ လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်သည်။
တံတားတည်ဆောက်ရေး စီမံကိန်းသည် အကြမ်းဖျင်းအားဖြင့် ငါးနှစ်ကြာမည်ဟု
ရည်မှန်းထားသည်။

No comments:

Post a Comment