Saturday 20 June 2015

လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်သော ကူးစက်ရောဂါများ

လိင်ဆက်ဆံခြင်း , လိင်ပညာပေး , ကျန်းမာရေး
လိင်မှ တဆင့်ကူးစက်တတ်တဲ့ရောဂါ(Sexually Transmitted Diseases-STD)တွေဆိုတာ လိင်ဆက်ဆံရာမှတဆင့် တယောက်ကို တယောက် ကူးစက် နိုင်တဲ့ ရောဂါတွေ ဖြစ်ပြီးတော့ အများဆုံး ကူးစက်လေ့ရှိတဲ့ ရောဂါတွေထဲမှာပါဝင် ပါတယ်။ ဒီတပတ်ရဲ့ လိင်ဆက်ဆံမှု ဆိုင်ရာ ပညာပေးအဖြစ် လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါ တွေ အကြောင်း တင်ပြပေးလိုက်ပါတယ်။
လိင်ဆက်ဆံခြင်းမှ ကူးစက်ရောဂါ ဘယ်လောက်ရှိလဲ
အမေရိကန် နိုင်ငံ ရောဂါထိန်း ချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ ၂၀၁၀ ခုနှစ်မှာ ထုတ်ပြန်ချက်အရ STDs အမျိုးပေါင်း ၂၀ကျော် ရှိတယ်လို့ သိ ရပါတယ်။ ကူးစက်မှုက လိင်မှုကိစ္စမှာပါဝင်တဲ့ လိင်အင်္ဂါတွေ၊ စအို၊ ပါးစပ်ကနေ တဆင့်ဖြစ်ပေါ်နိုင်သလို သွေးကနေ တဆင့်လည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိနေသူရဲ့ ကိုယ်ခန္ဓာက အရည်နဲ့ တစ်သျှူးတွေကနေပြီးတော့လည်း ရောဂါမရှိသူဆီကို ကူး နိုင်ပါတယ်။ ဒါ့အပြင် စနစ်တကျ သန့်ရှင်းမှုပြုလုပ်မထားတဲ့ ဆေးထိုးအပ်တွေကို လူအများနဲ့ ခွဲဝေအသုံးပြုခြင်း ကလည်း STDs အပါအ၀င် အခြားရောဂါတွေကို ကူးစက်စေနိုင်တဲ့ အခြေအနေ တခုဖြစ်ပါတယ်။
ဒါပေမယ့် တချို့ရောဂါတွေကိုတော့ STDs လို့တရားဝင်မသတ်မှတ်တာတွေ ရှိပါတယ်။ ဥပမာအားဖြင့် အသည်းရောင် အေ၊ စီနဲ့ အီး တို့ဖြစ်ပါတယ်။ အဲဒီပိုးတွေက လိင်မှတဆင့် ကူးစက်နိုင် သလို တခြားနည်းလမ်းတွေကနေ တဆင့်လည်း ကူးစက်နိုင်တဲ့ အတွက် ပညာရှင် အချို့က STDs ထဲမှာထည့်ပြီး တချို့ကတော့ မထည့်သွင်းကြပါဘူး။
STDs ဟု အမျိုးသား အမျိုးသမီး မရွေး အရွယ်မရွေး အဆင့်အတန်း မရွေး ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာ ပြသခြင်း မရှိဘဲနဲ့လည်း မိမိတို့ရဲ့ လိင်ဆက်ဆံဖက်ထံကို ကူးစက်စေနိုင်ပါတယ်။ STDs ရှိနေပေမယ့် ရောဂါလက္ခဏာ မပြတာတွေ လည်း ရှိနိုင်ပါတယ်။ အဲဒါမျိုးကို အမျိုးသမီး အများစုမှာတွေ့ရပြီတော့ အမျိုးသား အချို့လည်း ဖြစ်လေ့ ရှိပါတယ်။
ဒါပေမယ့် ကျန်းမာရေးပြဿနာနဲ့ STD ရဲ့ ရေရှည်နောက်ဆက်တွဲဆိုးကျိုးတွေကိုတော့ အမျိုးသားတွေထက်စာရင် အမျိုး သမီးတွေက ပိုပြီးခံစားကြရပါတယ်။ Pelvic Iflammatory Disease (PID) လို့ ခေါ်တဲ့ တင်ပါးဆုံတွင်း အင်္ဂါများ ယောင် ရမ်းခြင်းလိုမျိုး တချို့ STD တွေက သားအိမ်ပြွန်နဲ့ မျိုးဥအိမ် အနာဖြစ်စေနိုင်ပါတယ်။ အဲဒီအနာကြောင့် မျိုးပွား အင်္ဂါတွေကို ထိခိုက်စေပြီးတော့ Ectopic Pregnancy လို့ ခေါ်တဲ့ သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်းမျိုး ဖြစ်လာနိုင်ပါတယ်။ အမျိုး သမီး တွေ ကလေးမရနိုင်တော့တဲ့ အထိဖြစ်သွား နိုင်သလို အသက် အန္တရာယ်တောင် စိုးရိမ်ရပါတယ်။
STD အများစုဟာ မိခင်ကနေ ကလေးငယ်ဆီကို မမွေးဖွားခင်မှာရော မွေးဖွားစဉ်နဲ့ မွေးဖွားပြီး မကြာခင်အထိ ကူးစက် နိုင် ပါတယ်။ အများအားဖြင့်တော့ STDs တွေဟာ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်လေ့ရှိပါတယ်။ ကပ်ပါးပိုး နဲ့ မှိုကြောင့်လည်း ဖြစ်တာတွေ ရှိပါတယ်။ အဖြစ်များတဲ့ STD တွေကတော့
ရှန်ကာရွိုက် (Chancroid)
ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အဖြစ်များပါတယ်။ လိင်အင်္ဂါတွေမှာ အနာဖြစ်ပြီးတော့ နာကျင်မှု ခံစားရပါတယ်။ ဘက်တီးရီးယား ကြောင့် ဖြစ်တဲ့ရောဂါပါ။ ပဋိဇီဝ ဆေးဝါးတွေနဲ့ ကုသရင် ပျောက်ကင်းပါတယ်။
Chlamydia
သူလည်း ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ STD ပါ။ အမျိုးသမီး ၈၀ ရာခိုင်နှုန်းလောက်နဲ့ အမျိုးသား ၅၀ ရာခိုင်နှုန်း လောက်မှာ ရောဂါ လက္ခဏာ မပြတတ်ပါဘူး။ ရောဂါလက္ခဏာပြမယ်ဆိုရင်တော့ အမျိုးသား၊ အမျိုးသမီး အင်္ဂါတွေက အရည်ဆင်းခြင်း သို့မဟုတ် ဆီးသွားတဲ့ အခါ ပူခြင်း၊ နာခြင်းတွေ ခံစားရမှာ ဖြစ်ပါတယ်။ ပဋိဇီဝ ဆေးဝါးတွေနဲ့ ကုသရင် ပျောက်ကင်းနိုင်ပါတယ်။
ဂနိုရီးယား(Gonorrhea)
အမျိုးသား၊ အမျိုးသမီး အင်္ဂါတွေက အရည်ကျလာမှာဖြစ်ပါတယ်။ ရောဂါရှိတဲ့ အမျိုးသမီး ၅၀ ရာခိုင်နှုန်းကျော်က ရော ဂါ လက္ခဏာ မပြတတ်ပါဘူး။ ဆီးသွားရင် နာကျင်ပါမယ်။ နောက်ဆက်တွဲအနေနဲ့ တင်ပါးဆုံတွင်း အင်္ဂါများ ယောင် ရမ်းခြင်း၊ သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်းနဲ့ အမျိုးသမီးတွေ ကလေးမရနိုင်တော့ခြင်းတွေ ဖြစ်နိုင်ပါတယ်။
Granuloma Inguinale
ပေါင်ခြံတ၀ိုက်မှာ နာကျင်ခြင်းမရှိတဲ့ အနာတွေပေါက်ပါမယ်။ ပဋိဇီဝဆေးတွေနဲ့ ပျောက်ကင်းနိုင်ပေမယ့် ပျောက်ကင်းဖို့ အနည်းဆုံး ၃ပတ်လောက်ကြာမှာဖြစ်ပါတယ်။
ဆစ်ဖလစ် (Syphilis)
ရောဂါလက္ခဏာတွေက သိပ်မထင်ရှားတဲ့ အတွက် အစပိုင်းမှာ သတိမထားမိတာမျိုး ဖြစ်လေ့ရှိပါတယ်။ လိင်အင်္ဂါ မှာ နာ ကျင်ခြင်း မရှိတဲ့ အနာတွေပေါက်လာပြီး သူ့ဖာသာပြန်ပျောက်သွားတဲ့ အတွက် အမှတ်တမဲ့ ဖြစ်တတ်ပါတယ်။ အဖု အပိမ့် ထွက်ခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အဆစ်အမြစ်တွေ ကိုက်ခဲခြင်းတွေ ခံစားရပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ် တဲ့ ရောဂါပါ။
လိင်လမ်းကြောင်း ရေယုံ (Genital Herpes)
လိင်အင်္ဂါမှာ နာကျင်တဲ့ အရည်ကြည်ဖုကလေးတွေ ထွက်လာပါတယ်။ ကလေးမွေးဖွားစဉ် မိခင်ကနေ ကလေးကို ကူး စက် နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ကုသရင်ပျောက်သွားနိုင်ပေမယ့် ပြန်ဖြစ်တတ်ပါတယ်။ လက်ရှိမှာ အနာမရှိပေမယ့် ဖြစ်ဖူးတဲ့ သူနဲ့ လိင်ဆက်ဆံရင် လူကောင်းကိုလည်း ကူးစက်နိုင်ပါတယ်။
လိင်လမ်း ကြွက်နို့ (Genital Warts )
လိင်အင်္ဂါ နဲ့ စအိုတ၀ိုက်မှာ နာကျင်ခြင်းမရှိတဲ့ အဖုလေးတွေ ပေါက်လာပါမယ်။ လိင်ဆက်ဆံရာမှနေ ကူးစက် တတ်ပါ တယ်။ မိခင်ကနေ ကလေးကို ကူးစက်နိုင်ပါ တယ်။
အသည်းရောင်ရောဂါ (Hepatitis)
အသဲရောင် ဘီ နဲ့ ဒီ က လိင်ကြောင့် ကူးစက်တတ်ပါတယ်။ အေ၊ စီ နဲ့ အီးကတော့ လိင်ကြောင့် ကူးစက်နှုန်း နည်းပါး ပါတယ်။ ကမ္ဘာပေါ်မှာ အသဲရောင် ဘီ ကူးစက်မှုရဲ့ ၃၀ ရာခိုင်နှုန်းလောက်က လိင်ဆက်ဆံရာမှ တဆင့် ကူးစက်တယ်လို့ ပညာရှင်တွေက ယူဆထားပါတယ်။ ဘီပိုး အတွက်ကတော့ ကာကွယ်ဆေးလဲရှိနေပါပြီ။ နောက်တခုကတော့ ကမ္ဘာနဲ့ အ၀ှမ်းသိပြီးသားဖြစ်တဲ့ ခုခံအား ကျဆင်းတဲ့ရောဂါ (HIV/AIDS ) ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ကုသမလဲ
မိမိမှာ STDs ရှိနိုင်တယ်လို့ ယူဆရင် သို့မဟုတ် STDs ရှိသူနဲ့ ဆက်ဆံမှုရှိတယ်လို့ ယူဆရင် ဆေးစစ်ဖို့ မဖြစ်မနေလိုအပ်ပါ တယ်။ ဆရာဝန်ဆီ အမြန်ဆုံးရောက်လေ ကောင်းလေပါပဲ။ ဒါမှလည်း နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ကူးစက်မှုတွေကို ရှောင် ရှားနိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment