Sunday 12 July 2015

ရွှေတိဂုံစေတီတော်

shwedagon1 
 မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်တွင် သင်္ဂုတ္တရကုန်းတော်ပေါ်၌ ဥက္ကလာပမင်းကြီးနှင့် ရဟန်းရှင်လူပြည်သူများ တည်ထားခဲ့သော ရွှေ တိဂုံစေတီတော်မြတ်ကြီးသည် ဥာဏ်တော်အမြင့် ၄၄ တောင်ရှိခဲ့ပြီး ခရစ်နှစ် ၁၄၃၆ ခုနှစ်တွင် ဘုရင်မကြီး ရှင်စောပုနှင့် မောင်တော် ဗညားကျန်းဒေါတို့ ဒုတိယအကြိမ် တည်သောအခါ ပစ္စယာငါးဆင့်ခံ၍ ဥာဏ်တော် ၃ဝ၂ တောင် အထိ မြင့်လာကာ ခရစ်နှစ် ၁၇၆၈ ခုနှစ်တွင် စေတီတော်ကြီး ငလျင်ဒဏ်ကြောင့် ပြိုကျသောကြောင့် အင်းဝဘုရင် ဆင်ဖြူရှင်မင်းက တတိယအကြိမ် ပြန်လည် တည် ထားသောအခါ ဥာဏ်တော် ၃၂၆ ပေအထိ မြင့်လာခဲ့ပါသည်။ ယခုအချိန်တွင် ဗုဒ္ဓဘာသာဝင်များ အမြတ်တနိုး ရှိခိုးပူဇော်နေ ကြသော ရွှေတိဂုံစေတီတော်ကြီးမှာ မူလစေတီမဟုတ်ဘဲ တတိယအကြိမ် တည်ထားသည့် စေတီတော် ဖြစ်ပါသည်။
တစ်နည်းဆိုရလျှင် အင်းဝဘုရင် ဆင်ဖြူရှင်မင်း၏ ကောင်းမှု ကုသုလ်တော် ဖြစပါသည်။ မြန်မာ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များနှင့် ကမ္ဘာ တစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များသည် ဆင်ဖြူရှင်မင်း၏ ကောင်းမှုကုသိုလ်များ ထုံမွှမ်းနေသော ရွှေတိဂုံစေတီတော်ကြီးကို အမြတ် တနိုး ရှိခိုးဦးခိုက်နေခြင်း ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်ကြီးတွင်  ပထမ ဘုရားဒါယကာ ဥက္ကလာပ မင်းကြီး၏ ရုပ်တုရှိသော်လည်း ဒုတိယအကြိမ် ပြုပြင်တည်ထားသော ဘုရင်မကြီး ရှင်စောပုနှင့် တတိယအကြိမ် ပြုပြင်တည်ထားသော ဆင်ဖြူရှင်မင်းတို့၏ အထိမ်းအမှတ် ရုပ်တုများ မရှိသဖြင့် သမိုင်းမပြည့်စုံသလို ဖြစ်နေပါသည်။ ရွှေတိဂုံစေတီတော်ကြီးကို သုံးကြိမ်တည်ထားသည့် အလှူရှင် သုံးဦးစလုံး၏ အထိမ်းအမှတ် ရုပ်တုများ၊ သမိုင်းမှတ်တမ်းများ ပြည့်ပြည့်စုံစုံ ပြသထားသင့်သည်ဟု ထင်မိပါသည်။
ခရစ်နှစ် ၁၇၆၃ ခုနှစ်တွင် နန်းတက်သော အင်းဝဘုရင် ဆင်ဖြူရှင်မင်းသည် ရွှေတိဂုံစေတီတော်၏ ဥာဏ်တော် ၃ဝ၂ ပေမှ ၃၂၆ ပေအထိ မြှင့်တင်ရန်အတွက် အောက်ခြေဖိနပ်တော် ပထမပစ္စယာကို ပတ်လည် အကျယ် ၁၄၂ဝ ပေထား၍ အမြင့် ၂ဝ.၁၁ ပေထားပြီး ရှစ်မြောင့်ချုး ကျည်းဝန်း၊ ခေါင်းလောင်း၊ ရင်စညး၊ သပိတ်မှောက်၊ ပန်းဆွဲ၊ ဖောင်းရစ်၊ ကြာမှောက်၊ ရွဲ၊ ကြာလှန်၊ ငှက်ပျော ဖူးအထိ အသစ်တစ်ဖန် တည်ထား ခြင်း ဖြစ်ပါသည်။ ထို့ပြင် မိမိ၏ ကိုယ်အလေးချိန်နှင့်အညီ ရွှေချိန် ၄၇ ပိဿာ၊ ၃၅ ကျပ်သားကို ရွှေမျက်ပါးခပ်ပြီး စေတီတော်ကြီး၏ ဆပ်သွားဖူးမှ ဖိနပ်တော်အထိ လုံးတော်ပြည့် ရွှေသင်္ကနး ကပ်လှူပူဇော်ခဲ့ပါသည်။ ထီးတော်အသစ်ကိုလည်း တင်လှူခဲ့ပါသည်။ ဥာဏ်တော် ၃၂၆ ပေ မြင့်သော ရွှေတိဂုံစေတီတော်ကြီးကို ရှိခိုး ကန်တော့သူ တိုင်းသည် တတိယ ဘုရားဒါယကာ ဆင်ဖြူရှင်မင်းကို သတိရသင့်သည်ဟု ယူဆပါသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီ တော်ကြီး သည် ထေရဝါဒ ဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲမှု၊ ထွန်းကားပြန့်ပွားမှု၏ အထိမ်းအမှတ်ဖြစ်သကဲ့သို့ ဗုဒ္ဓသာသနာ နေလိုလလို ထွန်း လင်း တောက်ပနေခြင်း၏ သင်္ကေတလည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များသည် ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးသွားလျှင် အံ့ဖွယ် ၉ ပါး၊ အံ့ဖွယ် ၁၂ ပါး စသည့် အထွတ်အမြတ်နေရာ များသို့ သွား၍ ဘုရားရှိခိုးခြငး၊ သီလ ဆောက်တည်ခြင်း၊ သမထ၊ ဝိပဿနာ ပွားများအားထုတ်ခြင်းများ ပြုလေ့ရှိကြပါသည်။ သို့သော်လည်း ရွှေတိဂုံစေတီတော်တွင် ရံစေတီ ၆၄ ဆူ၊ ဂူဘုရား ၅၄ ဆူ၊ အုတ်ပြာသာဒ်စေတီ ၁၂ ဆူ၊ တံခွန်တိုင် ၁ဝ ခု၊ အောင်မြေ ၃ ခုရှိကြောင်း သိသူ နည်းပါသည်။ ဗုဒ္ဓဘာသာသမိုင်းတွင် ပထမဆုံး တည်ထားကိုးကွယ်သော ရွှေတိဂုံစေတီတော်ကြီး၌ စေတီပေါင်း ၃၃၈ ဆူ၊ ဆင်းတုတော်ပေါင်း ၁၆၆၂ ဆူရှိရာ မည်သူမျှ ကုန် စင်အောင် မဖူးနိုင်ပါ။ ရွှေတိဂုံစေတီတော်သို့ နေ့စဉ်နေ့တိုင်း ဘုရားဖူးသွားနေသူများရှိပြီး ထိုသူတို့သည် ရွှေတိဂုံစေတီတော်နှင့် ပတ်သက်လျှင် နှံ့စပ်သူများ၊ ကျွမ်း ကျင်သူများ ဖြစ်သည်ဟု ဆိုကြပါ သည်။

No comments:

Post a Comment