Sunday 12 July 2015

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ရှင်မွေ့နွန်း မျှော်တော်ယောင် လွမ်းစေတီ

 














ကျွန်တော်သည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ခေါက်စေတီတော်သို့ ဘုရားဖူးသွားသည့်အခါတိုင်း သန်လျင်မြို့ဦးရှိ ရှင်မွေ့နွန်း ကုန်းပေါ်တွင် တည်ထားသော ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရှင်မွေ့နွန်း မျှော်တော်ယောင် လွမ်းစေတီကို လှမ်း မျှော် ကြည့်ရင်း လွမ်းသလို ဆွေးသလို ဖြစ်မိသော်လည်း အမြင့်ကို မတက် ချင်သောကြောင့် တစ်ကြိမ်တစ်ခါမျှ  ရင်ပြင်တော်ပေါ်သို့ မရောက်ခဲ့ပါ။
သန်လျင်မြို့ဦးရှိ ရှင်မွေ့နွန်းကုန်း သည် ၉၉ ပေမြင့်ပြီး သစ်ပင်များ ရှင်သန်ပေါက်ရောက်နေသဖြင့် ဥာဏ် တော် ၅၄ ပေမြင့်သော ရှင်မွေ့နွန်း မျှော်တော်ယောင် လွမ်းစေတီကို အပြည့်အဝ မမြင်ရဘဲ ငှက်ပျောဖူးနှင့် ထီးတော်ကိုသာ တစ်ပိုင်းတစ်စ မြင်ရ ပါသည်။ ယခုတစ်ခေါက်တွင်လည်း ကျွန်တော်သည် ဘွဲ့တော်တွင် 'ကျိုက်' ပါသော ဘုရားစေတီများကို ဖူးရန် စိတ်ထက်သန်နေသဖြင့် ရှင်မွေ့နွန်းမျှော်တော်ယောင် လွမ်းစေတီကို တက်ဖူးရန် မရည်ရွယ်ခဲ့ပါ။ သို့သော်လည်း ကျွန်တော်စီးလာသော ကျောက်တန်း ကားကြီးက ရှင်မွေ့နွန်း ဘုရားကုန်းအနီးရှိ ဓာတ်ဆီဆိုင်သို့ ကွေ့ဝင်ပြီး ဆီဖြည့်သဖြင့် ရှင်မွေ့နွန်း မျှော်တော်ယောင် လွမ်းစေတီကို မ မျှော်လင့်ဘဲ ဖူးခဲ့ရပါသည်။
တောင်ခြေမှ ရင်ပြင်တော်အထိ အုတ်လှေကားထစ်လေးများ ကွေ့ဝိုက်၍ တည်ဆောက်ထားပုံမှာ တက်ချင်စရာဖြစ်နေပြီး ဧည့်သည်များကို လာပါ၊ တက်ပါ၊ ဘုရားဖူးပါဟု ဖိတ်ခေါ်နေသလို ထင်မိပါသည်။ ရှင်မွေ့နွန်း ဘုရားကုန်းနှင့် အနီးဆုံးနေရာ သို့ ရောက်နေချိန်တွင် တောင်ကုန်းပေါ် မတက်လျှင် ရှင်မွေ့နွန်း မျှော်တော် ယောင်လွမ်းစေတီကို ကျွန်တော် ဖူး မြော်ကန်တော့ခွင့် ရမည်မဟုတ်ပါ။ ထို့ကြောင့် တစ်ကြိမ်တစ်ခါမျှ မဖူးဖူးသော လွမ်းစေတီကို ဖူးရန် တစ်ကြိမ်တစ်ခါမျှမတက်ဖူးသော တောင် ကုန်းပေါ်သို့ ကျွန်တော် တက်ခဲ့ပါသည်။ လွမ်းစေတီတောင်ပေါ်သို့ တက်သော အုတ်လှေကားထစ် စုစု ပေါင်း ၇၆ ထစ် ရှိကြောင်း မှတ်သား ခဲ့ရပါသည်။
တောင်ကုန်းပေါ်သို့ ရောက်သောအခါ ရှေးဟောင်း သမိုင်းဝင် ရှင်မွေ့နွန်း မျှော်တော်ယောင် လွမ်းစေ တီကို ရွှေရောင်တဝင်းဝင်းဖြင့် ဖူးတွေ့ရပါသည်။ တောင်ကုန်းပေါ်တွင် မြေညှိ၍ ကျောက်ပြားများ ခင်းထားသဖြင့် ရင်ပြင်တော် မကျယ်ဝန်းသော်လည်း ဘက်စုံပြုပြင်မွမ်းမံထားသဖြင့် ဇရပ်၊ တန်ဆောင်း၊ သိမ်၊ ကျောင်း များဖြင့် ပြည့်စုံစည်ကားနေသည်ကို တွေ့ရပါသည်။ ကျွန်တော်သ ည် မြန် မာ့သမိုင်းတွင် အလွန်ထင်ရှားသော ရှင်မွေ့နွန်းမင်းသမီးလေးနှင့် ပတ် သက်သည့် လွမ်းစေတီကို ထိုနေ့က ပထမအကြိမ် ဖူးရခြင်း ဖြစ်ပါသည်။
ရှင်မွေ့နွန်း မျှော်တော်ယောင် လွမ်းစေတီ၏ ထူးခြားချက်မှာ ပုံတော် ကြော့ရှင်းသွယ်လျခြင်း ဖြစ်ပါသည်။ ရန်စေတီများသည်လည်း ပင်မစေတီ တော်နည်းတူ ကြော့ရှင်းသွယ်လျပါသည်။ ရင်ပြင်တော် ကျဉ်းသဖြင့် စေတီကို ထုထည်ကြီးမားစွာ မတည်ဘဲ ရင်ပြင်တော်နှင့် လိုက်ဖက်စွာ တည် ထားခြင်း ဖြစ်နိုင်ပါသည်။ ယခုအချိန် တွင် ရွှေသင်္ကန်း ဝင်းလက်တောက်ပ စွာ ဖူးမြင်ရသော လွမ်းစေတီသည် မူလက ကိုးတောင်ပြည့်စေတီငယ် လေးဖြစ်ခဲ့ပြီး ဆရာတော် ဦးသီလနှင့်ဆွေတော် မျိုးတော်များက အဆင့်ဆင့် မွမ်းမံပြုပြင် တည်ထားခဲ့ကြောင်း သိ ရပါသည်။
ရှင်မွေ့နွန်းမျှော်တော်ယောင် လွမ်းစေတီသည် တောင်ကုန်းမြင့်ပေါ်တွင် တည်ထားသဖြင့် ၂ဝဝ၈ ခုနှစ်တွင် တိုက်ခတ်သော နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံခဲ့ရပါသည်။ မုန်တိုင်းဒဏ်ကြောင့် စေတီတော်၏ ပန်းလည်တိုင် ကောက်ကွေးကာ ထီး တော် ယိမ်းယိုင်ပြီး ရန်စေတီအချို့လည်း ပျက်စီးသွားခဲ့ပါသည်။ ရှင်မွေ့နွန်းလွမ်းစေတီသည် သန်လျင်မြို့ အမှတ် ၁ ရေနံချက်စက်ရုံဝင်း အတွင်း၌ တည်ရှိသဖြင့် စွမ်းအင်ဝန်ကြီးဌာနက ဦးဆောင်၍ ပြုပြင်ခဲ့ပြီး တောင်နံရံပတ်လည်တွင် ကွန်ကရစ်မြေထိန်းနံရံကြီး တည်ဆောက်လှူဒါန်းခဲ့ကြောင်း သိရပါသည်။ ဘက်စုံပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ၂ဝဝ၈ ခုနှစ် ဇူလိုင်လတွင် ပြီးစီး သဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် ဘုရားအနေကဇာတင်ပွဲ ကျင်းပနိုင်ခဲ့ကြောင်း ကမ္ပည်းကျောက် စာကို ဖတ်ခဲ့ရပါသည်။
ရှင်မွေ့နွန်း မျှော်တော်ယောင် လွမ်းစေတီတည်ထားသော ဘုရားကုန်းသည် သန်လျင်မြို့ဦးတွင် တသီးတခြား တည်ရှိသည့် တောင် ကုန်းဖြစ်သဖြင့် သန်လျင်တံတားကြီး အပါအဝင် ပတ်ဝန်းကျင် ရှုခင်းများကို လှမ်းမျှော်ကြည့်ကာ လွမ်းမိုးစွေနိုင် သောနေရာ ဖြစ် ပါသည်။ ထိုနေရာ တွင် ရှင်မွေ့နွန်း အထိမ်းအမှတ် တည်ထားသည့် စေတီတော်ကို ရှင် မွေ့နွန်း မျှော်တော်ယောင် လွမ်းစေတီ ဟု ဘွဲ့တော် ဆက်ကပ်ထားခြင်းမှာ လည်း အလွန်သင့်မြတ်သည်ဟု ထင် မိပါသည်။
ရှင်မွေ့နွန်းမင်းသမီးလေး၏ ဘဝသည် အလွန်ထူးခြားဆန်းကြယ်သဖြင့် မယုံချင်လျှင် ပုံပြင်ဟု ထင်နိုင်သော်လည်း မယုံ၍ မဖြစ်သော သမိုင်း နောက်ခံ အချစ်ဇာတ်လမ်း၊ အလွမ်း ဇာတ်လမ်း ဖြစ်ပါသည်။ မြန်မာ့သ မိုင်း ရှေးဦးပိုင်ကာလများတွင် ပေါ် ထွန်းခဲ့သော သမိုင်းဇာတ်လမ်းများ အလွန်ထူးခြား ဆန်းကြယ်သဖြင့် ပညာရှင်တို့က သမိုင်းမစ်သ်- ပြအ့ ဟု သတ်မှတ်ခဲ့ကြပါ သည်။ သမိုင်း မစ်သ်ဟူသည်မှာ သမိုင်းပုံရိပ်များ လွှမ်းမိုးနေသော်လည်း တကယ်မရှိ သော ယုံတမ်းစကား၊ ဒဏ္ဍာရီများ ဖြစ်သည် ဟု ဖွင့်ဆိုကြပါသည်။ ရှင် မွေ့နွန်း မင်းသမီးလေး၏ ဘဝဇာတ် လမ်းသည် ဒဏ္ဍာရီဆန်သော်လည်း ကျောရိုးခိုင်မာသဖြင့် မစ်သ်ဟု မထင်ဘဲ သမိုင်းဖြစ်ရပ်မှန်ဟု ထင်သူများ ရှိပါသည်။ မစ်သ်သည် ဇာတ်လမ်း ဇာတ်အိမ် ကြီးမားခိုင်ခန့်ပြီး ဇာတ် ကောင်များ အသက်ဝင်နေသဖြင့် မှန် ကန်သည်ဟု ထင်ရသော်လည်း သက်သေပြရန် အထောက်အထား ရှားပါးသည်ဟု ပညာရှင်များ ဖွင့်ဆို ကြပါသည်။
မြန်မာ့သမိုင်း၏အစသည် ဒဏ္ဍာရီများ၊ ပုံပြင်များ၊ မစ်သ်များပေါ်တွင် အခြေခံသဖြင့် မစ်သ်များကို ပစ်ပယ်ထား၍ မရနိုင် ပါ။ ကျောက်စာ၊ ပေစာများ မပေါ်မီခေတ်က အဖြစ်အပျက်များ ယခုတိုင်ရှင်သန်နေခြင်းမှာ သမိုင်းမစ်သ်များ၏ကျေး ဇူးကြောင့် ဖြစ် ပါသည်။ ရှေးဟောင်းသမိုင်း သုတေသီများသည် သမိုင်းမစ်သ်များကို စနစ်တကျ လေ့လာစူးစမ်းကာ သ မိုင်းမြှုပ်ကွက်များကို ဖော် ထုတ်နိုင်ခဲ့ပါသည်။ ရှင်မွေ့နွန် မင်းသမီးလေး၏ ဇာတ်လမ်းသည် ဒဏ္ဍာရီဆန်သော်လည်း သမိုင်းဝင်ပုဂ္ဂိုလ်များ၊ သမိုင်း ဝင် နေရာ များ ပါဝင်သဖြင့် အမှန် တကယ် ဖြစ်ပျက်ခဲ့သည်ဟု ယုံမည် ဆိုလျှင် ယုံနိုင်ပါသည်။ ရှင်မွေ့နွန်း မင်းသမီးလေး၏ ဇာတ်လမ်းတွင် အထောက်အထားမရှိဟု မပြောနိုင်ပါ။ သန်လျင် ကျိုက်ခေါက်စေတီတော် သည် သန်လျင်ဒေသတစ်ခွင်တစ်ပြင် ၌ ပေါ်ထွက်ခဲ့သော သမိုင်းမစ်သ်များ၏ အထောက်အထား သမိုင်းမှတ်တိုင်ကြီး ဖြစ်ပါသည်။ ရှင်မွေ့နွန်းမင်းသမီးလေးနှင့် ပတ်သက်သော သမိုင်း မစ်သ်များအကြောင်း ဤလွမ်း စေတီလေးကလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ စီကာ ပတ်ကုံး ပြောပြနိုင်သည်ဟု ကျွန် တော် ယုံကြည်ပါသည်။
သင်္ချိုင်းတွင် မွေးဖွားသဖြင့် မြို့ ပြင်၌ တစ်ပင်တိုင်မြနန်းနှင့် စံနေရသည့် ရှင်မွေ့နွန်းမင်းသမီးလေးနှင့် ဥက္ကလာပမင်းကြီး၏ သားတော် မင်းနန္ဒာတို့ မေတ္တာသက်ဝင်သည့် ချစ်ပုံပြင်သည် အလွန်ထူးဆန်းပြီး ကမ္ဘာပေါ်ရှိ အချစ်ဇာတ်လမ်းများအနက် ဆွတ်ပျံ့ ဖွယ် အကောင်းဆုံးဇာတ်လမ်း ဖြစ်သည်ဟု ပြောနိုင်ပါသည်။ ချစ်သူနှစ်ဦးသည် မယ်တစ်ရွာ မောင်တစ်မြို့ ဖြစ်နေသော်လည်း မင်းနန္ဒာ က ငမိုးရိပ်မိကျောင်းကြီးစီးကာ မြစ်ကိုဖြတ်ပြီး ရှင်မွေ့နွန်းကို တွေ့ဆုံ ခဲ့ပါသည်။ ကမ္ဘာကျော် အချစ်ဇာတ် လမ်းများတွင် ချစ်သူနှစ်ဦးဆုံရန်အတွက် ယာဉ်မျိုးစုံ စီးခဲ့သော်လည်း မိကျောင်းစီး၍ မြစ်ပြင်ကို ဖြတ်ကူးသူမှာ မင်းနန္ဒာတစ်ဦးတည်းသာ ရှိ ပါသည်။ ငမိုးရိပ် မိချောင်းကြီးသည် မင်းနန္ဒာ၏ စီးတော်ယာဉ်အဖြစ် အဓိကအခန်းမှ ပါဝင်ခဲ့သဖြင့် ကျွန်တော်တို့အားလုံး ငမိုးရိပ် မိကျောင်းကြီးကို မမေ့နိုင်ကြပါ။
မင်းနန္ဒာသည် ဥက္ကလာပမင်းကြီးက မည်သို့ပင်တားစေကာမူ ချစ်သူ ရှင်မွေ့နွန်းမင်းသမီးလေးထံ ပုံမှန်သွားခဲ့ပါသည်။ တစ်နေ့ တွင် မြစ်ပြင်ကို ဖြတ်ကူးနေစဉ် ငမိုးရိပ်၏ ရန်သူဟောင်း မိကျောင်းမတစ်ကောင်က ဦးဆောင်တိုက်ခိုက်သဖြင့် ငမိုးရိပ်က မင်းနန္ဒာ ကို ငုံကာ ဒဂုံဘက်ကမ်းသို့ ကူးပြေးပါသည်။ သို့သော်လည်း အသက်ရှူမဝ၍ မင်းနန္ဒာ ကွယ်လွန်သွားခဲ့ပါသည်။ ထိုသတင်းကို ကြားသောအခါ သန်လျင်ဘက်ကမ်းမှ မျှော်နေသော ရှင်မွေ့နွန်းမင်းသမီးလေး ရင်ကွဲနာကျကာ သေဆုံးသွားခဲ့ပါသည်။ မင်းနန္ဒာနှင့် ရှင်မွေ့နွန်းတို့၏ အလောင်းများကို တစ်နေ့တည်း တစ်ပြိုင်တည်း မီးသင်္ဂြိုဟ်သောအခါ ဒဂုံမှတက်လာသော မီးခိုးများနှင့် သန်လျင် မှ တက်လာသော မီးခိုးများ မြစ်လယ် ကောင်းကင်ယံတွင် ထူးဆန်းစွာ ပေါင်းဆုံသွားသည်ဟု သားစဉ်မြေးဆက် မှတ်သားခဲ့ရပါ သည်။ ချစ်သူ နှစ်ဦး သေကွဲကွဲသော်လည်း မီးခိုးများ ကောင်းကင်တွင် ပေါင်းဆုံသွားခြင်း သည် ချစ်သူနှစ်ဦး၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းနေသည်ဟု စာရေးဆရာတို့က တင်စားရေးဖွဲ့ ကြပါသည်။ မင်းနန္ဒာ၏ ခမည်းတော် ဥက္ကလာပမင်းကြီး သည် ရွှေတိဂုံစေတီတော်ကြီး၏ မူလဒါယကာဖြစ်လျှင် ရှင်မွေ့နွန်း၊ မင်းနန္ဒာဇာတ်လမ်းသည် နှစ်ပေါင်း ၂၅ဝဝ ကျော်နေပြီ ဟု ပြောနိုင်ပါသည်။
ရှင်မွေ့နွန်း၊ မင်းနန္ဒာဇာတ်လမ်းသည် အလွန်ရှေးကျသော သမိုင်းမစ်သ်ဖြစ်သဖြင့် အမည်မတူခြင်း၊ တိုင်းပြည်မတူခြင်း ရှိသော် လည်း သမိုင်းမစ်သ်တစ်ခုကို အထောက်အထား အကိုးအကားများဖြင့် စိစစ်လျှင် သမိုင်းမစ်သ်၏ရသပျက်သွား နိုင်ပါသည်။ ရှင်မွေ့နွန်း၊ မင်းနန္ဒာနှင့် ငမိုးရိပ်မိကျောင်းကြီးတို့၏ သုံးပွင့်ဆိုင်ဇာတ်လမ်းတွင် သက္ကရာဇ် အရေးမကြီးသလို မြို့အမည်၊ လူအမည် များသည် အရေးမကြီးပါ။  သမိုင်းမစ်သ်တွင် ကျောက်စာ၊ ပေစာနှင့် အိုးခြမ်းပဲ့များ၊ ဆေးတံဟောင်းများ ပါဝင်ရန် လည်း မလိုအပ်ပါ။ သမိုင်းမစ်သ်တွင် ပုံပြင်ဆန်တာ၊ ဒဏ္ဍာရီဆန်သောအဖြစ် အပျက်များ ပါဝင်သည်မှာ ထုံးစံဖြစ် သဖြင့် ထိုထုံးစံကို မဖျက်ဘဲ ရှေးမြန် မာကြီးများ ပေးခဲ့သော ရသကို ပက တိအတိုင်း ခံစားသင့်သည်ဟု ကျွန် တော် ယုံကြည်ပါသည်။
နိုင်ငံတိုင်း လူမျိုးတိုင်းတွင် ဆွတ်ပျံ့ကြည်နူးဖွယ် အချစ်ဇာတ်လမ်းများ ရှိခဲ့သော်လည်း ရှင်မွေ့နွန်း၊ မင်းနန္ဒာဇာတ်လမ်းက အစ၊ အလယ်၊ အဆုံး အားလုံးထက်သာသည်ဟု ပြောနိုင်ပါသည်။ သချိုင်္ိင်းတွင် မွေးသ ဖြင့် မြို့ပြင်တွင် တစ်ပင်တိုင်မြနန်း နှင့် စံရသော မင်းသမီးလေး အခြား နိုင်ငံတွင် မရှိပါ။ ဧရာမ မိကျောင်း ကြီးစီး၍ မြစ်ပြင်ကျယ်ကို ကူးသော မင်းသားမှာ မင်းနန္ဒာတစ်ယောက် တည်း ရှိပါသည်။ ချစ်သူနှစ်ဦး ကွယ်လွန်ပြီးနောက် မီးသင်္ဂြိုဟ်သောအခါ မီးခိုးလုံးကြီးနှစ်ခု ကောင်းကင်ယံတွင် ပေါင်းဆုံသွားပုံ ဇာတ်သိမ်းခန်းကို မည်သည့်စာရေးဆရာမှ ရေးနိုင်မည် မဟုတ်ပါ။
ရှင်မွေ့နွန်း၊ မင်းနန္ဒာတို့၏ အချစ်ဇာတ်လမ်းသည် ကျောက်စာအ ထောက်အထား မရှိသော်လည်း ကျွန် တော်တို့၏ နှလုံးသားတွင် ယခုတိုင် စွဲထင်ကျန်ရစ်နေသော ဂန္ထဝင်အချစ်ဇာတ်လမ်း ဖြစ်ပါသည်။ ထိုအချစ် ဇာတ်လမ်းသည် ကျွန်တော်တို့၏ ဘိုး ဘွားမိဘ များ အစဉ်အဆက် ပြောခဲ့သော ဇာတ်လမ်း ဖြစ်သဖြင့် အထောက်အထား မရှိသော်လည်း ကျွန်တော်တို့ ယုံခဲ့ပါသည်။ ထိုမျှ ထူးခြား ဆန်းကြယ်သော အချစ်ဇာတ်လမ်းကို တခုတ်တရ ပြောပြခဲ့သည့် မိဘဘိုး ဘွားများကိုလည်း အလွန်ကျေးဇူး တင်မိပါသည်။ မြန်မာ လူမျိုးတို့၏ အသည်းနှလုံးတွင် စွဲထင်နေသော ရှင် မွေ့နွန်း၊ မင်းနန္ဒာဇာတ်လမ်းသည် အလွန်ရိုးသားပြီး အလွန်အပြစ်ကင်း သည်ဟု ကျွန်တော်တို့ ယုံကြည်ပါ သည်။ ရှင်မွေ့နွန်း၊ မင်းနန္ဒာဇာတ် လမ်းသည် သမိုင်းမစ်သ် ပေါ်ထွန်းခဲ့သည့် နေရာဒေသတွင် တည်ထား သော ဘုရားစေတီများ ဖြစ်သည်ဟု မပြောဘဲ သမိုင်းဖြစ်ရပ်မှန်ဟုသာ ပြောချင်စိတ် ပေါ်မိပါသည်။
မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့သည့် သမိုင်းမစ်သ်များ မည်မျှပင် ပုံပြင်ဆန် သော်လည်း၊ မည်မျှပင် ဒဏ္ဍာရီဆန် သော်လည်း အလွယ် တကူ ပစ်ပယ်၍ မရခြင်းမှာ ထိုသမိုင်းမစ်သ် ပေါ်ထွန်းခဲ့ သည့် နေရာဒသေတွင် တည်ထား သော ဘုရားစေတီများနှင့် သက်ဆိုင် ပါသည်။ ရှေးနှစ်ပေါင်းများစွာက တည်ထားခဲ့ပြီး ယခုတိုင် ရှိနေသော ဘုရားစေတီများသည် သမိုင်းသက် သေများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ နှောင်းခေတ်လူများသည် ရှင်မွေ့နွန်း၊ မင်းနန္ဒာဇာတ်လမ်းကို ဒဏ္ဍာရီဆန်သည်ဟုဆိုကာ ပစ်ပယ်နိုင်သော်လည်း ရှင်မွေ့နွန်း မျှော်တော်ယောင် လွမ်းစေတီကို ပစ်ပယ်၍ မရနိုင်ပါ။ ရှင်မွေ့ နွန်း မျှော်တော်ယောင် လွမ်းစေတီကို သွားရောက်ဖူးမြော် ကန်တော့သူတိုင်း သည် ရှင်မွေ့နွန်း၊ မင်းနန္ဒာကို အမှတ် ရနိုင်ပါသည်။ မြစ်ပြင်ကျယ်ကို ဖြတ် ကူးနေသော ဧရာမ မိကျောင်းကြီး ငမိုးရိပ်ကိုလည်း မြင်ယောင်နိုင်ပါသည်။ ရှင်မွေ့နွန်း မျှော်တော်ယောင် စေတီတော် ရင်ပြင်ပေါ်သို့ ပထမ အကြိမ် ရောက် ရှိလာသော ကျွန်တော်သည် ရှင်မွေ့နွန်း၊ မင်းနန္ဒာတို့၏ ဆွတ်ပျံ့ကြေကွဲဖွယ် အချစ်ဇာတ်လမ်း ကို ထူးထူးခြားခြား သတိရ မိကြောင်း ဝန်ခံပါသည်။
ဘသန်းတင်

No comments:

Post a Comment