Wednesday 15 July 2015

ဆယ်ကျော်သက် နဲ့မူးယစ်ဆေးဝါး

 
လူမှု့အသိုင်းအဝိုင်းတွေထဲမှာ မိသားစုများစွာဟာ သား၊သမီး ကလေးငယ်တို့နဲ့ပတ်သက်ပြီး ပူပန်မှုအခက်အခဲတွေရှိကြပါတယ်။ မိဘတို့ရဲ့ရင်ဝယ်ကိန်းအောင်းနေတာက ဒီသား၊သမီးလေးတွေကို မွေးကင်းစကာလ ကပင် အရွယ်ရောက်ကြီးပြင်းလာတဲ့အထိ ကျန်းမာသန်စွမ်းစွာ၊ဘေးအန္တာရာယ်ကင်းရှင်းစွာ မိမိကိုယ်မိမိရပ်တည်နိုင်တဲ့အထိ ကျွေးမွေးစောင့်ရှောက်လိုကြပါတယ်။ ပန်းကောင်းတစ်ပွင့်ဖြစ်စေဖို့မိဘတိုင်းဟာ ဆန္ဒရှိကြပါတယ်။

ကလေးတွေမှာ ဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုရင် မိဘတွေမှာ ပိုလို့ သတိထားကြရပါတယ်။ ဒီလို အရွယ်မျိုးတွေဟာ အရာရာ ကို စူးစမ်းလိုစိတ်များတာကြောင့် မလုပ်သင့်တာတွေကို လုပ်မိသွားမှာကို အထူးဂရုစိုက်ကြရပါတယ်။ အထူးသဖြင့် အောက်ဖော်ပြပါ အပြုအမူလေးတွေရှိလာပြီဆိုရင် အထူးသတိထားဂရုစိုက်ကြဖို့ လိုပါတယ်။

ပီကေ အစားများနေခြင်း
 မိမိတို့ရဲ့ ကလေးတွေဟာ ခံတွင်းမွှေးစေတဲ့ ငုံဆေးပြားလေးတွေကို အစားများနေပြီ၊ ပီကေတွေဝါးတာများနေပြီဆိုရင် နည်းနည်း သတိထားဖို့လိုပါပြီ။ ဒါမှမဟုတ် အနံ့အသက်ပျောက်စေတဲ့ ပူရှိန်းရွက်လိုမျိုး အရွက်တွေ၊ အနံ့အသက်ပျောက်တဲ့ပစ္စည်းတစ်ခုခုကို အသုံးပြုများနေပြီလား။ ဒီလို အနံ့အသက်ပျောက်စေဖို့ နည်းလမ်းတစ်ခုခုကို အသုံးပြုနေတာများနေပြီဆိုရင် တကယ့်ကို စောင့်ကြည့်ဖို့လိုတဲ့အဆင့်ဘဲဖြစ်ပါတယ်။

မီးခြစ်အမြဲဆောင်ထားခြင်း
 ဆေးလိပ်သောက်တတ်သူတိုင်းဟာ အမြဲတမ်း မီးခြစ်ဆောင်ထားလေ့ရှိပါတယ်။ တကယ်လို့ မိမိတို့ကလေးရဲ့ အိတ်တွေထဲမှာ မီးခြစ်ကိုအမြဲတမ်းလိုလိုတွေ့နေရတယ်ဆိုရင် ဒါဟာ စတင်စစ်ဆေးဖို့လိုတဲ့အနေအထားတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ ကလေးရဲ့ အိတ်ထဲမှာ စက္ကူလိပ်ရှည်ရှည်လေးတွေကိုပါ တွေ့မိပြီဆိုရင် ထိပ်တိုက်ရင်ဆိုင်မေးမြန်းဖို့လိုအပ်တဲ့အနေအထားဘဲဖြစ်ပါတယ်။

ငွေတွေအမြောက်အများသုံးနေခြင်း
 ပုံမှန်သုံးနေကျ ငွေကြေးထက် ပိုမိုသုံးနေပြီိဆိုရင်လည်း ဒါဟာဘာကြောင့် သုံးနေသလဲဆိုတာ မိဘတွေအနေနဲ့ သိစရာတစ်ခုဖြစ်ပါတယ်။ ပုံမှန်ထက် ပိုတဲ့ဆက်ဆံရေးမျိုးကို ပြနေပြီဆိုရင် အဓိက စစ်ဆေးစရာတစ်ခု က မျက်လုံးကိုဘဲဖြစ်ပါတယ်။ မျက်လုံးတွေနီရဲပြီး မှေးတေးတေးဖြစ်နေပြီဆိုရင် ဂရုစိုက်ရမယ့်အနေအထားတစ်ခုဖြစ်ပါတယ်။

မျက်စဉ်းခတ်ခြင်း
မူးယစ်စေတဲ့ဆေးဝါးသုံးတဲ့လူတွေအများစုဟာ သူတို့ရဲ့နီရဲနေတဲ့မျက်လုံးကို ဖုံးကွယ်နိုင်ဖို့မျက်စဉ်းခတ်လေ့ရှိကြပါတယ်။သူတို့ရဲ့ အိတ်တွေထဲမှာ မျက်စဉ်းဘူးလေးတွေကိုတွေ့မိရင် ဒါဟာလည်း စစ်ဆေးမေးမြန်းရမယ့် အနေအထားတစ်ခုဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကျလွန်းခြင်း
ထုံးစံအတိုင်း မူးယစ်ဆေးစွဲနေတဲ့သူတွေဟာ ကိုယ်အလေးချိန်များစွာ ကျလေ့ရှိကြပါတယ်။ အထူးသဖြင့် ဘိန်းဖြူ သုံးတဲ့ သူတွေဆိုရင် ပိုပြီး အလေးချိန်ကျလွယ်ပါတယ်။

တစ်ကိုယ်တည်း နေလိုစိတ်များခြင်း
အများအားဖြင့် ကလေးတွေဟာ ဆယ်ကျော်သက်အရွယ်ကာလပိုင်းကို ရောက်ရှိလာကြတဲ့အခါ မိဘတွေနဲ့ အတူမနေတော့ဘဲ သီးသီးသန့်သန့်နေလိုတဲ့သဘာဝရှိကြပါတယ်။တစ်ချို့ကလေးတွေကျတော့ ဆယ်ကျော်သက်အရွယ်ကိုရောက်လို့ သီးသန့် အခန်းလေးနဲ့ နေကြပေမယ့် မိဘတွေနဲ့ ရင်းနှီးထိတွေ့မှုရှိကာ ရှောင်ကြဉ်လိုစိတ်မရှိကြပါဘူး။ ဒါပေမယ့် ကလေးဟာ သီးသန့်တစ်ယောက်တည်းနေရတာကိုကြိုက်လွန်းပြီး ပတ်ဝန်းကျင်နဲ့ထိတွေ့ရဖို့ကို ငြင်းဆန်လွန်းလာတဲ့အခါ ဒါဟာ ဂရုစိုက်စောင့်ရှောက်ရမယ့်အခြေအနေတစ်ခုကိုရောက်နေတယ်လို့ ပြောလို့ရပါတယ်။

အာသီသပြင်းပြနေခြင်း
မူးယစ်စေတဲ့ဆေးတစ်ခုခု စွဲလန်းနေတဲ့ချိန်မှာ အများသောအားဖြင့် အစာကို များများစားလိုစိတ်ရှိကြပါတယ်။ တကယ်လို့ မိမိ ရဲ့ကလေး ဟာ ညနေစာကိုလည်း အကြိမ်များများစားနေခြင်း၊ ရုတ်တရက် တစ်ခါတစ်လေ လူတွေ သတိထားမိလောက်အောင် အစာစားတဲ့အရေအတွက် များနေပြီဆိုရင် ဒါဟာ မူးယစ်စေတဲ့ဆေးဝါးတစ်ခုခု ကိုကြိုက်နေတဲ့ အခြေအနေတစ်ခုအဖြစ် ယူဆလို့ရပါတယ်။

အပြုအမူတွေပြောင်းလဲနေခြင်း
ကလေးတွေဟာ ကြီးပြင်းမှုအရွယ်အရပြောင်းလဲတတ်ကြပေမယ့် တမူထူးခြားစွာ ပြောင်းလဲမှုဖြစ်ပေါ်နေရင် ဒါဟာ မိမိရဲ့ကလေးကို မေးမြန်းစစ်ဆေးရမယ့်အခြေအနေတစ်ခုဖြစ်ပါတယ်။ဥပမာ-
ပုံမှန်ထက် စကားအပြောများခြင်း
မျက်လုံးတွေနီရဲနေခြင်း
အစားအသောက်မမှန်ဖြစ်နေခြင်း
တစ်ယောက်တည်းနေလိုခြင်း
မိဘတွေကို ရှောင်နေခြင်း
အလေးချိန်အလွန်အမင်းကျနေခြင်း
တစ်စုံတစ်ခုအနံ့အသက်ကို တစ်ရှိုက်မက်မက်ရှုရှိုက်နေခြင်း
လိမ်လည်ပြောဆိုနေခြင်း
မိသားစုကိစ္စရပ်များမှာစိတ်ဝင်စားမှုနည်းပါးနေခြင်း
မိမိကိုယ်ကိုတန်ဖိုးထားမှုနည်းပါးနေခြင်း
အာရုံစူးစိုက်ဖို့ခက်ခဲနေခြင်း၊ တွေးဝေငေးမောနေခြင်း အစရှိတဲ့အပြုအမူလေးတွေဖြစ်ပေါ်နေတတ်ကြပါတယ်။
တကယ်လို့ မိမိရဲ့ကလေး ဟာ အသက်မပါသလို လေးလံထိုင်းမှိုင်းနေခြင်း၊ မျက်စိနီရဲနေခြင်း၊ စကားကိုကျယ်လောင်ကျယ်လောင်ပြောနေခြင်း၊ ပူးပေါင်းပါဝင်လုပ်ဆောင်မှုတွေမှာ စိတ်မပါဝင်စားခြင်း၊ အလေးချိန်လျော့ကျနေခြင်း အစရှိတဲ့လက္ခဏာရပ်များဖြစ်နေရင် ဒါဟာ ဆေးခြောက်သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်နေတဲ့သက်ရောက်မှုပုံစံဆိုတာကို မိဘတွေ၊အုပ်ထိန်းသူတွေအနေနဲ့သိရှိဖို့လိုပါတယ်။ဒါမှမဟုတ် အမူအရာဖရိုဖရဲ၊ စကားဗလုံးဗထွေး နဲ့ မိမိကိုယ်ကိုမိမိ မထိန်းနိုင်တဲ့အပြုအမူမျိုးဖြစ်နေရင် ဒါဟာ အရက်သောက်စားထားခြင်းကြောင့်ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ ဒါ့အပြင် အချိန်မှန်မဟုတ်အိပ်စက်နေခြင်း၊ ဇောချွေးပြန်နေခြင်း၊ အော့အန်နေခြင်း၊ အအေးပတ်ချောင်းဆိုးနေခြင်း၊ လူတွေကိုလှမ်းဆွဲ၊ လှမ်းဆိတ်လုပ်နေရင် ဒါဟာ ဘိန်းဖြူ သုံးစွဲထားခြင်းကြောင့်ဘိန်းဖြူ ရဲ့ သက်ရောက်မှုပုံစံဆိုတာကို သိရှိဖို့လိုပါတယ်။

မိမိရဲ့ကလေး ဟာ ဖော်ပြပါအချက်အလက် တစ်ခုခု နဲ့ ငြိစွန်းနေခဲ့ပြီဆိုရင် ဒါဟာ မူးယစ်ဆေးဝါးသုံးစွဲနေပြီလားဆိုတာ ဆန်းစစ်ဖို့အချိန်ဘဲဖြစ်ပါတယ်။ တကယ်လို့ မူးယစ်ဆေးဝါးသုံးစွဲနေတာ သေချာနေပြီဆိုရင်လည်း သူတို့အပေါ် မကြမ်းမိစေဖို့သတိထားရပါမယ်။ ဒီလိုကိစ္စရပ်တွေမှာ လိမ္မာပါးနပ်စွာ ကိုင်တွယ် နားချတတ်မှု ၊ တတ်ကျွမ်းနားလည်တဲ့ ပုဂ္ဂိုလ်တို့ရဲ့အကူအညီကို ရယူပြီး ဖြေရှင်းမှုတို့ဟာ ထိရောက်အောင်မြင်မှုကိုရရှိစေတာကြောင့် သတိချပ်နိုင်ကြဖို့ ဖော်ပြလိုက်ပါတယ်။
yangon life

No comments:

Post a Comment