Sunday 12 July 2015

ပျော်ရွှင်မှုကို ၀ယ်ယူခြင်း

 http://www.spiritualriver.com/wordpress-2.0.4/wordpress/wp-content/uploads/2012/06/true-happiness.jpg
ချစ်မေတ္တာ၊ ပျော်ရွှင်မှုစသည့် စိတ်ခံစားမှုတို့ကို ငွေကြေးဖြင့် ဝယ်ယူ မရရှိနိုင်ဟု ဆိုလေ့ရှိသည်။ စိတ်ပညာရှင်တစ်ဦး ကမူ ငွေ ကြေး သည် ပျော်ရွှင်မှုတံခါးကို ဖွင့်နိုင်သည့် သော့ကို လုပ်နိုင်သည်ဟု ဆိုသည်။
စိတ်ပညာရှင်များ၊ လူမှုရေး သိပ္ပံပညာရှင်များ မနားမနေ သုတေသနပြုလုပ်ချက်အရ ငွေကြေးသည် ပျော်ရွှင်မှုကို အထောက် အကူ ဖြစ်စေနိုင်သည့် နည်းလမ်းအချို့ကို တွေ့ရှိလာသည်ဟု ဆိုသည်။ ချက်တစ်စောင် ရေးလိုက်ခြင်းဖြင့်လည်း ပျော်ရွှင်မှုကို ရနိုင် သည်ဟု ဆိုသည်။
ပျော်ရွှင်မှုကို တိုင်းတာ၍မရနိုင်။ တိုင်းတာသည့် ယူနစ်ဟူ၍လည်း မပေါ်ပေါက်သေး။ ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းသွား သည့် ပျော်ရွှင်မှု၊ ကြည်နူးမှု ဟုဆိုသည့် စိတ်ခံစားမှုမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်။ အရူးအမူး နှစ်သက်သော အဆိုတော်၏ သီချင်းခွေ ဝယ်ယူရရှိခြင်း၊ သွားရောက်လည်ပတ်ရန် ဆန္ဒပြင်းပြနေသည့် အရပ်ဒေသသို့ ရောက်ရှိခြင်း၊ တစ်နေ့တာ ပင်ပန်းခဲ့ ပြီးနောက် ဘီယာအေးအေး တစ်ခွက် သောက်လိုက်ရခြင်းတို့သည် ပျော်ရွှင်ကြည်နူးမှုကို ဖြစ်ပေါ်စေနိုင်သည်။
သို့သော် တစ်ဦးနှင့်တစ်ဦး တူကြမည် မဟုတ်ပေ။
 အရက်မသောက်သူအဖို့ ဘီယာအေးအေးတစ်ခွက်ဆိုသည်မှာ အဓိပ္ပာယ်မရှိပေ။
စိတ်ဖိစီးမှုသည် ပျော်ရွှင်မှု၏ ရန်သူ ဖြစ်သည်။ ငွေကြေးကျပ်တည်းမှုကြောင့်ဖြစ်ပေါ်နေသော စိတ်ဖိစီးမှုသည် ပျော်ရွှင်မှုကို ဆိတ် သုဉ်း စေသည်။ ရေရှည်တွင် ကျန်းမာရေးကို ထိခိုက် စေသည်။ ထို့ကြောင့် ကြွေးမြီ များကို ဖြစ်နိုင်သလောက် ပေးဆပ် ထားခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေမည်၊ ပပျောက်စေမည်။ ငွေပို ငွေလျှံရှိလာလျှင် ကြွေးဆပ်လိုက်ပါ။ ကြွေးမြီ လုံးဝ ကင်းရှင်းသွားသည့် အခါ ပျော်ရွှင်မှု အလို အလျောက် ရလာမည်။
ပစ္စည်းပစ္စယများ ဝယ်ယူ ခြင်းထက် အတွေ့အကြုံကို ဝယ်ယူ ခြင်းက ပျော်ရွှင်မှုကို ပိုမိုပေးစွမ်း နိုင်သည်။ လူ့ဘဝ ဆိုသည်မှာ အတွေ့အကြုံများဖြင့် တည် ဆောက်ထားခြင်းဖြစ်သည်။ အတွေ့အကြုံသည် ဘဝကို ပုံ ဖော်ပေးနေသည့် အပိုင်းအစများ ဖြစ်သည်။
ချိုမြိန်သော အတွေ့အကြုံများကို မကြာခဏ ဆိုသလို ပြန်လည် သတိရ ကြည်နူးနေတတ်သည်မှာ လူ့သဘာဝ ဖြစ်သည်။ ထိုသို့ ပြန်ပြောင်း သတိရနေသည့် အချိန်သည် ပျော်ရွှင်စရာ ကာလ ဖြစ်သည်။
ပစ္စည်းကို ပိုင်ဆိုင်ရခြင်းထက် အတွေ့အကြုံကို ရယူခြင်းက စိတ်ကျေနပ်မှုကို ပိုမို ပေးစွမ်း နိုင်သည်။ ငွေပိုငွေလျှံများရှိလျှင် ရုံးအား ရက် ခရီးထွက်ခြင်း၊ မရောက်ဖူးသော ဒေသများသို့ သွားရောက်ခြင်းတို့ လုပ်သင့် သည်။
ဟားဗဒ် တက္ကသိုလ်က စစ်တမ်း ကောက်ယူမှုအရ ၅၇ ရာနှုန်းသည် အတွေ့အကြုံကို ရယူခြင်းဖြင့် ပျော်ရွှင်မှုကို ရရှိ စေသည်ဟု ဆိုသည်။ ၃၄ ရာနှုန်း က ပစ္စည်းရယူပိုင်ဆိုင်ခြင်းဖြင့် ပျော်ရွှင်မှုကို ရရှိသည်ဟု ဆိုသည်။

No comments:

Post a Comment