Friday 17 July 2015

ခေတ်စားလာတဲ့ ဆိုလာ ကောင်းသလား၊ ဆိုးသလား

 ဆိုလာ
နိုင်ငံ့လူဦးရေ ၅၁ ဒသမ ၄ သန်း၏ ၃ ပုံ ၁ ပုံအောက်သာ လျှပ်စစ်မီး ပင်မဓာတ်အားလိုင်း ကွန်ရက်နှင့် ချိတ်ဆက်ထားနိုင်သေးသည်ဟု ပြီးခဲ့သည့်ဆို ဒီဇင်ဘာလအတွင်း ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ အခြေအနေ စနစ်တကျလေ့လာ ဆန်းစစ်မှု အစီရင်ခံစာက ထောက်ပြခဲ့သည်။
အစီရင်ခံစာအရ ၇၀ ရာခိုင်နှုန်းသော မြန်မာလူထုသည် မီးလင်းရေး အခက်အခဲများစွာ ရှိနေကြမည်ဖြစ်သည်။ ထိုသို့ အမှောင်လွှမ်းနေသော နေရာများမှာ ကျေးလက်ဒေသများသာ ဖြစ်ကြသည်။ အစိုးရက ပြောဆိုခဲ့သော “တနိုင်ငံလုံး မီးလင်းရေး” ဆိုသည့် အိပ်မက်မှာ အကောင်အထည်ပေါ်ရန် လွန်စွာ ဝေးလွန်းလှပါသေးသည်။

ထိုသို့ ဝေးလွန်းလှသေးသော တနိုင်ငံလုံး မီးလင်းမည့် အချိန်ကို ကျေးလက်နေ လူထုက စောင့်မျှော်မနေကြတော့ပါ။ ကိုယ်ထူကိုယ်ထ တနိုင်တပိုင် ဝယ်ယူအသုံးပြု၍ မီးလင်းနိုင်သော ဆိုလာပြားများကို အားကိုးလာကြပြီဖြစ်သည်။ ယခုအချိန်တွင် မြန်မာတနိုင်ငံလုံးရှိ ကျေးရွာပေါင်းများစွာ၏ နေအိမ်အသီးသီးတွင် ဆိုလာပြားများ နေရာယူနေကြ ပြီဟု ဆိုလာတင်သွင်းဖြန့်ဖြူး ရောင်းချနေသူများက ပြောကြသည်။
ယင်းသို့ ကိုယ်ထူကိုယ်ထ ဝယ်ယူအသုံးပြုနေမှုများနှင့်အတူ အစိုးရပိုင်းမှလည်း ကျေးလက်မီးလင်း ရေးအတွက် လွယ်ကူသည့် ဆိုလာပြားများကို အိမ်ထောင်စု အရေအတွက်အလိုက် တွက်ချက်၍ တင်ဒါများ ဆက်တိုက်ခေါ်ယူ လုပ်ဆောင်လျက်ရှိရာဆိုလာ အသုံးပြုမှုမှာ မြန်မာနိုင်ငံတွင် တွင်တွင်ကျယ်ကျယ် ဖြစ်လာနေသော်လည်း တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အရည်အသွေးညံ့သော ပစ္စည်းများကို အများဆုံး အသုံးပြုနေကြသည့်အတွက် ကြာရှည် အကျိုးရှိစွာ မသုံးစွဲကြရကြောင်း၊ အစိုးရလုပ်ဆောင်သည့် စီမံကိန်းများတွင်လည်း ငွေကြေးကုန်ကျမှုနှင့် တူညီသော ရေရှည်အကျိုးခံစားမှု မရရှိဘဲ အလဟဿ ဆုံးရှုံးမှုများစွာ ဖြစ်နေကြောင်း Renewable Energy နှင့်ပတ်သက်၍ လုပ်ဆောင်နေသော အဖွဲ့ အစည်းများက ပြောကြသည်။

မြန်မာနိုင်ငံ ပြန်ပြည့်မြဲစွမ်းအင်အသင်း (REAM) အတွင်းရေးမှူး ဦးအောင်မြင့်က “ဆိုလာက ရေရှည်အတွက်ဆိုရင် အသုံးတည့်အကျိုးရှိတဲ့ နည်း ပညာတခုပါ။ အခုနိုင်ငံတော် ကျေးရွာမီးလင်းရေး တွေမှာ အဓိက ဆိုလာကိုလုပ်နေတာ ဘာဖြစ်လို့ လဲဆိုရင် လွယ်လို့။ ဒါပေမယ့် လုပ်ပုံလုပ်နည်းက တင်ဒါတွေ ခေါ်ပြီးလုပ်တဲ့ အခါမှာ ဒီတင်ဒါက ပေးလိုက်ရတဲ့ငွေနဲ့ ရလာတဲ့ဆိုလာပစ္စည်းနဲ့ ရွာမှာ အသုံးနဲ့က မကိုက်ကျဘူး။ ခုဖြစ်နေတာက ကျေးလက် မီးလင်းရေးမှာ ငွေကုန်သလောက် အကျိုးမရှိဘူး ဖြစ်နေတာ။ ငွေကတော့ ကုန်တာအများကြီးပဲ။ တိုင်းပြည်က ကုန်တာ။ အကူအညီတွေကလည်း ပေးနေတာကိုး” ဟု ပြောသည်။
အစိုးရအနေဖြင့် ကျေးရွာမီးလင်းရေး ဆိုလာ တင်ဒါများခေါ်ယူရာတွင် တအိမ်ထောင်စု မီးလင်း ရေးအတွက် ကျပ် ၂ သိန်းအများဆုံးဖြင့် ပရောဂျက် များ ခေါ်ယူကြောင်း၊ အဆိုပါ တင်ဒါပရောဂျက် အောင်မြင်သူများသို့ ဆိုလာတင်သွင်း ဖြန့်ဖြူးသူများမှ တရုတ်နိုင်ငံမှတဆင့် ဈေးနှုန်းနှင့် ချိန်၍ ပစ္စည်းမှာယူ ပေးကြကြောင်း ဆိုလာဖြန့်ဖြူးသည့် ဈေးကွက်မှ သိရသည်။

“တင်ဒါပရောဂျက်တွေပေးတာ ၃ နှစ်လောက် ရှိပြီ။ နယ်တွေအတွက် အမြဲတမ်းရှိတယ်။ အစိုးရက တချိန်လုံးခေါ်နေတာ။ ရွာတွေအတွက် အိမ်ခြေဘယ်လောက်ဖြင့် ဘယ်လောက်ပေါ့။ ဒါပေမယ့် ၂ သိန်းဆိုတာ တကယ်လိုအပ်တဲ့သူ လက်ထဲရောက်တဲ့ အခါမှာ ၁ သိန်းခွဲပဲကျန်တယ်။ အဲ့တော့ အရည်အသွေးပြည့် ဂရန်တီ မပေးနိုင်ဘူး” ဟု တရုတ်နိုင်ငံ စက်ရုံများမှ တိုက်ရိုက်တင်သွင်းဖြန့်ဖြူးနေသော ဆိုလာလုပ်ငန်းရှင်တဦးက ပြောသည်။

ယခုနောက်ပိုင်း တင်ဒါခေါ်ယူမှုများတွင် အရည်အသွေး ကန့်သတ်သည့် လုပ်ဆောင်မှုများအဖြစ် အပူစုပ်အားကောင်းသော ဆိုလာပြား အနက်ကိုသာ သွင်းခွင့်ပေးခြင်း၊ ဆိုလာပြား အပြာကို လုံးဝ လက်မခံတော့ခြင်း စသည့်ကန့်သက်ချက်များ ရှိလာသော်လည်း တင်ဒါလိုက်သည့်သူများမှာ တရုတ် ဈေးကွက်နှင့် အမျိုးမျိုးချိတ်ဆက် လှည့်ပတ်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
“တင်ဒါ ပရောဂျက်တွေက အခု ကန့်သတ်လိုက်တယ်။ အနက်နဲ့ပဲ သွင်းရမယ်။ အပြာ မရဘူးပေါ့။ အဲဒီမှာ ဘာတွေလုပ်လည်းဆိုရင် မှာတဲ့သူတွေက ဈေးလျှော့မှာတယ်။ တရုတ်က အရည်အသွေး ပိုညံ့တာတွေ ပို့တယ်။ အခု တင်ဒါအားလုံးက အနက်နဲ့ ပေးရတယ်။ အနက်ကွက်ဆို ပိုပြီးကောင်းတယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမယ့် အဲ့ဒီ အမည်းကွက်မှာလည်း အတွင်းထဲမှာ ဆိုလာဆဲလ်တွေမဆက်ဘဲနဲ့ ဒီတိုင်းပဲ ကပ်လာတာတွေ တပုံကြီးပါ” ဟု ဆိုလာ ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်တဦးက ပြောသည်။

နိုင်ငံအတွင်း ဆိုလာသုံးစွဲမှု ကျယ်ပြန့်လာမှုသည် ယင်းသို့သော အခြေအနေများနှင့်အတူ ဈေးနှုန်းချိုသာမှုကိုသာ အားထားသုံးစွဲနေသည် ဖြစ်ရာ တရုတ်နိုင်ငံထုတ် အရည်အသွေး မပြည့်မီသည့် ဆိုလာပြားများသာ ဈေးကွက်ကို လွှမ်းမိုးထားပြီး အခြားနိုင်ငံထုတ် ပစ္စည်းများ ဈေးကွက်တွင် နေရာမရသည့် အနေအထားဖြစ်သည်။
တရုတ်ပစ္စည်းများ ဈေးကွက်နေရာယူမှုနှင့် ပတ်သက်၍ ဆိုလာ အရောင်းကိုယ်စားလှယ်တဦးက “ဈေးကွက်ထဲမှာ အများစုကသိနေကြတာ တာတာ ဆိုပြီးပေါ့။ တာတာသည် အိန္ဒိယ။ အစစ်က ဈေးအရမ်းများမယ်။ တရုတ်မှာရှိတဲ့ စက်ရုံတိုင်းက တာတာ ထုတ်တယ်။ အဆိုးဆုံးက အဲ့ဒါပဲ။ နယ်သမား အများစုက တာတာပဲ သိတယ်။ ဘာဖြစ်လို့လဲဆိုရင် ဆိုလာပထမဦးဆုံး မြန်မာပြည်ကို ဝင်လာတာက တာတာနဲ့ ဝင်လာတာ။ တရုတ်ကနေပဲ ဝင်လာတာပဲ။ ဒါပေမယ့် ပစ္စည်း အရမ်းကောင်းတယ်။ တံဆိပ်လည်း ပေါက်လည်း ပေါက်သွားရော တာတာသည် စုတ်ပြတ်သတ်သွားရော။ အဲ့ဒီမှာ နောက်ထပ် တံဆိပ်အစုံနဲ့ ဝင်လာတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိအနေအထားသည် လျှပ်စစ် မီးမရရှိသော ကျေးလက်နေ လူထုအတွက် ဆိုလာ နည်းပညာမှာ အကျိုးရှိနေသည် မှန်သော်လည်း သုံးစွဲသူလူထု၏ ဆိုလာနှင့် ပတ်သက်သည့် အသိနည်းပါးသေးမှု၊ အစိုးရ ပရောဂျက်များ စနစ်မမှန်မှုများက လျှပ်စစ်မီးလိုအပ်ချက် အစားထိုး လုပ်ဆောင်နိုင်မှု အပိုင်းများတွင် အခက်များ ရှိနေဦးမည့်ပုံ ဖြစ် သည်။
သို့သော် ဆိုလာ အသုံးပြုမှုက အရှိန်နှင့် မြင့်တက်လာနေပြီး ယခုထက် ပိုမို တွင်ကျယ်လာမည့် အခြေအနေများ ရှိလာနေသည်။ အမေရိကန်အခြေစိုက် ACO ရင်းနှီးမြှုပ်နှံမှု အုပ်စုက မြန်မာပြည်တွင် ဆိုလာနည်းပညာဖြင့် ပင်မဓာတ်အားလိုင်းသို့ လျှပ်စစ်ထုတ်လွှတ်နိုင်မည့် စီမံကိန်းတခု အကောင်အထည်ဖော်ရန် သဘောတူထားသကဲ့သို့ ထိုင်းနိုင်ငံ မှ GEP ကုမ္ပဏီကလည်း သဘောတူညီမှု ယူထားပြီး ဖြစ်သည်။

ပြည်တွင်းရှိ နည်းပညာ ကုမ္ပဏီအချို့ကလည်း စက်မှုဇုန်များတွင် လုပ်ငန်းသုံး လျှပ်စစ်မီး အစားထိုး ဆိုလာ တပ်ဆင်ဖြန့်ဖြူးပေးနိုင်သည့် နည်းပညာ၊ ဈေးဝယ်စင်တာများတွင် ဆိုလာပြားများဆင်၍ လျှပ်စစ်မီးအစားထိုး အသုံးပြုနိုင်မည့် နည်းပညာများကို စတင်ရန် ချိတ်ဆက်နေကြပြီ ဖြစ်ကြောင်း ယင်းလုပ်ငန်းများကို လုပ်ဆောင်နေသည့် Myanmar Eco Solution မှ မန်းနေဂျင်း ဒါရိုက်တာ ဦးမင်းချမ်းဝင်းက ပြောသည်။
၎င်းတို့ အနေဖြင့် လက်ရှိအချိန်တွင် ကျေးရွာများအတွက် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သော ဆိုလာပြား အများအပြားဖြင့် စုပေါင်းထုတ်လွှတ်သည့် အသေးစား လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း များလည်း စတင်ရန် လုပ်ဆောင်နေသည့် အနေအထားရှိကြောင်း၊ ယင်းစနစ်ကို စနစ်တကျ လုပ်ကိုင် ဝန်ဆောင်မှုပေးပါက ကျေးရွာများတွင် အဆင်ပြေနိုင်သော်လည်း အကောင်အထည်ဖော်ရန် အခက်အခဲများစွာ ရှိကြကြောင်း ပြောသည်။

ဦးမင်းချမ်းဝင်းက “ကျေးရွာတွေမှာ အားလုံး စုပေါင်းပြီး ဆိုလာပြားတွေ အများကြီးနဲ့ ဆင်တဲ့စနစ်နဲ့ ပေးတာပေါ့။ Mini Grid သဘောမျိုးပဲ။ အဲ့ဒီ Mini Grid တွေကိုလည်း စဖို့လုပ်နေကြပြီ။ ဒါပေမယ့် ဒါကို တရပ်ကွက်လုံး၊ တရွာလုံးအတွက် ဘယ်သူက ဦးဆောင်မလဲ၊ ဘယ်သူက ထိန်းသိမ်းမလဲ။ ဒါကို ပီပီပြင်ပြင် လုပ်နိုင်တာ မရှိသေးဘူး။ လုပ်သာ လုပ်လိုက်တယ်။ နောက်ပိုင်းကျ ပျက်တာတို့ ဘာတို့ရှိတယ်။ နောက်ဆုံး ADB တို့ အစိုးရ တိုင်းဒေသကြီးက အထောက်အပံ့တွေ ရှိခဲ့ရင်တောင်မှ ဒါကို ထိန်းသိမ်းဖို့ အကောင်အထည်ဖော်တဲ့ အပိုင်းမှာ အားနည်းချက် ရှိနေတယ်” ဟု ပြောသည်။

အစိုးရ၏ ကျေးလက်မီးလင်းရေး အကောင်အထည်ဖော်မှုများနှင့် ကျေးလက်နေလူထု၏ တနိုင်တပိုင် ဝယ်ယူသုံးစွဲမှုတို့နှင့် ထပ်တူ ကျယ်ပြန့်လာသော ဆိုလာစနစ်က လျှပ်စစ်မီး ချို့ငဲ့နေသော မြန်မာနိုင်ငံအတွက် လက်တလော အနေအထားအရ အကျိုးရှိစွာ အဆင်ပြေနေပါသည်။ မြို့ပြလုပ်ငန်းသုံး အနေအထားကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်မည့် အလားအလာများလည်း ရှိနေသည်ကိုလည်း တွေ့ရသည်။ သို့သော် ရေရှည်အတွက် အကျိုးကျေးဇူးများရန် အရည်အသွေးပြည့်မီမှု၊ လူထုလိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် လုပ်ဆောင်ပေးသည့်စနစ်များ ကောင်းမွန်မှု၊ ရေရှည်အတွက် အရည်သွေးပြည့်မီသော ပစ္စည်းများကို အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးရာတွင် ကျေးရွာများသို့ ငွေချေးပေးနိုင်မည့် ဘဏ်စနစ်များ ဖွံ့ဖြိုးလာမှု စသော လိုအပ်ချက်များစွာ ရှိနေပါသေးသည်။

ယခု အခြေအနေအတိုင်းသာ ဆက်လက်သွားမည်ဆိုပါက ရေရှည်တွင် ဆိုးဝါးလာနိုင်သည်ကို ဦးအောင်မြင့်က “မြန်မာပြည်မှာ Banking စနစ် မကောင်းသေးဘူး။ ဥပမာ ဒီစနစ်ကိုရင်းလိုက်လို့ ၅ နှစ်နေရင် အရင်းကျေမယ်ဆိုရင် Loan တွေရှိမယ်ပေါ့။ မြန်မာပြည်မှာ အဲဒီစနစ် မရှိဘူး။ မရှိတော့ အခုလို အပေါစားတွေ တနိုင်ငံလုံး ဖြစ်နေတယ်။ ဒါ ဒုက္ခရောက်ဦးမှာ တချိန်ကျ။ Electronis Waste ဖြစ်မယ်။ နောက် လေးငါးနှစ်ဆိုရင် ဒါတွေက လွှင့်ပစ်ရတော့မှာ။ တိုင်းပြည်ထဲမှာ အဲ့ဒီဆိုလာ ပြားဟောင်းတွေက နည်းမှာမဟုတ်ဘူး” ဟုပြောသည်။

Irrawaddy

No comments:

Post a Comment