Saturday 25 July 2015

ဆုံးဖြတ်ချက်များရဲ့နောက်ကွယ်မှာ



အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ လူငယ်တစ်ယောက်ဟာ ရထားပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်နေခဲ့တယ်။
  “ဖေဖေ … ကြည့်စမ်းပါဦး … သစ်ပင်တွေက ရထားကြီးရဲ့နောက်မှ ကျန်ကျန်နေခဲ့တယ်နော်”
  ဖခင်ဖြစ်သူက ပြုံးလိုက်တယ်။ အနားမှာ အတူထိုင်နေတဲ့ လူငယ်စုံတွဲက အသက် ၂၄ နှစ်အရွယ်လူငယ်က အသက် ၄ နှစ်သားလေး ပြောတတ်တဲ့စကားတွေကို ပြောနေတော့ ကရုဏာသက်သလိုနဲ့ လှမ်းကြည့်နေတယ်။
  တစ်ခါ လူငယ်လေးက ရုတ်တရက် ထအော်ပြန်တယ်။
“ဖေဖေ ကြည့်ပါဦး … တိမ်တွေက သားတို့နဲ့အတူ လိုက်ပါနေတယ်”
  လူငယ်စုံတွဲက အမျိုးသမီးဖြစ်သူဟာ စိတ်မရှည်တော့သလို ဖြစ်လာတယ်။ ပြီးတော့ ဖခင်လုပ်သူဘက်လှည့်ပြီး “ရှင့်သားကို ဆရာဝန်ကောင်းကောင်းနဲ့ ဘာဖြစ်လို့ မပြတာလဲရှင်”လို့ မေးလိုက်တယ်။

အဲဒီအခါ ဖခင်လုပ်သူက “အော် … ကျွန်တော် ပြခဲ့ပါတယ်ဗျာ … အခုပဲ ကျွန်တော်တို့ ဆေးရုံက ပြန်လာတာပါ။ ကျွန်တော့်သားလေးက မွေးကတည်းက မျက်စိမမြင်ရှာပါဘူး။ အခု ဒီနေ့ပဲ သူ့မျက်စိတွေ ပြန်မြင်လာခဲ့တာပါ”လို့ ရှင်းပြလိုက်တယ်။

  လူတိုင်းလူတိုင်းမှာ သူ့ကောင်းကင်နဲ့သူ ရှိကြပါတယ်။ သူ့ဇာတ်လမ်းနဲ့သူ ကနေကြရတာပါ။ ကိုယ်ပိုင်အတိတ်၊ ကိုယ်ပိုင်နောက်ခံကားချပ်တွေ ရှိနေကြပါတယ်။
လူတွေရဲ့အပြုအမူအပြောအဆို အတွေးအကြံတွေဟာ အဲဒီအတိတ်က အကြောင်းတရားတွေ၊ နောက်ခံကားချပ်တွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေပါတယ်။
“ငါ မင်းကို ဘယ်လိုမှ နားမလည်နိုင်တော့ဘူးကွာ”ဆိုတဲ့စကားမျိုးကို လူတိုင်းလူတိုင်း သုံးဖူးကြပါလိမ့်မယ်။

  လူတွေဟာ နေ့စဉ်လူမှုဘဝတွေမှာ ဆုံးဖြတ်ချက်တွေနဲ့ ရှင်သန်နေကြရတယ်။ ယုတ်စွအဆုံး ဘယ်နှနာရီမှာ အိပ်ယာထမယ်။ ရေကို ဘယ်နှခွက်သောက်မယ်။ မနက်စာကို ဘာနဲ့စားမယ် … စသဖြင့် ဆုံးဖြတ်နေကြရတာပါ။ မိမိကိုယ်တိုင်လုပ်ရမယ့်အရာတွေကို ဆုံးဖြတ်နေရသလို သူတစ်ပါးကိုလည်း ဆုံးဖြတ်နေကြရပြန်တယ်။ သူကတော့ လူညစ်ပဲ။ သူကတော့ လူကောင်းပဲ။ သူကတော့ လူတော်ပဲ … စသဖြင့် ဆုံးဖြတ်နေကြတယ်။
ဒီနေရာမှာ ပြောချင်တာက သူတစ်ပါးကို ဆုံးဖြတ်တဲ့နေရာမှာ ဘယ်လို အချက်အလက်တွေကို လက်ကိုင်ပြုပြီး ဆုံးဖြတ်ကြပါသလဲ။
၁) တချို့က မိမိတွေးထင်မိတာတစ်ခုနဲ့ ဆုံးဖြတ်ကြတာရှိတယ်။
၂) တချို့က ပြောသံကြားနဲ့ဆုံးဖြတ်ကြတာရှိတယ်။
၃) တချို့က မိမိမြင်လိုက်မိတာနဲ့ ဆုံးဖြတ်ကြတာရှိတယ်။

လူတွေမှာ အတ္တတွေ၊ မာနတွေက တစ်ယောက်တစ်မျိုးစီ အကဲပိုနေကြတာဖြစ်တဲ့အတွက် ကိုယ့်ဆုံးဖြတ်ချက်ကိုပဲ အမှန်လို့ ထင်တတ်ကြတယ်။
တချို့က ကိုယ့်အတွေးနဲ့ကိုယ် ဆုံးဖြတ်တာကိုပဲ အမှန်လို့ စွဲကိုင်တတ်ကြတယ်။ တချို့မှာတော့ ပြောသံကြားစကားတွေကြောင့် ဆုံးဖြတ်လိုက်တာရှိတယ်။ ပြောသံကြားစကားပါလာတဲ့အတွက် သူ့ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာတယ်လို့တောင် စွဲယူမိတတ်ကြတယ်။
တချို့ကတော့ မိမိမျက်စိနဲ့ မြင်လိုက်ရတဲ့အတွက် တစ်ခုခုကို ဆုံးဖြတ်လိုက်တယ်။ သူဟာ သူကိုယ်တိုင် မြင်တဲ့အတွက် သူ့ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလှပြီဆိုပြီး အထင်ရောက်တတ်ပြန်တယ်။ တကယ်တော့ အတွေးနဲ့၊ ပြောသံကြားနဲ့ ဆုံးဖြတ်တာ မဆိုထားဘိ ကိုယ်တိုင်မြင်တာတောင်မှ အမှန်ဖြစ်ဖို့ မသေချာပါဘူး။

မြင်တာ၊ ကြားတာတစ်ခုတည်းနဲ့ အမှန်ကို သိနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို မှတ်သားဖို့ လိုအပ်ပါတယ်။ ငါ မြင်တယ်၊ ငါ ကြားလိုက်တယ်ဆိုတာနဲ့ မိမိထင်ရာကို ဇွတ်မှိတ်လက်ခံလိုက်တာမျိုးကို ရှောင်ရှားပြီး နောက်ကွယ်က အကြောင်းတရားတွေကို သိအောင်အားထုတ်ပြီးမှ ဆုံးဖြတ်တာမျိုးကို လုပ်ဆောင်မှသာ အမှန်နဲ့ နီးစပ်နိုင်ပါလိမ့်မယ်။ လွယ်လွယ်ပြောရရင်တော့ နားလည်မှုအခြေခံတဲ့စိတ်လေးနဲ့ ဆုံးဖြတ်နိုင်ကြဖို့ပါပဲ။

နားလည်မှုနဲ့ဆုံးဖြတ်နိုင်ကြပါစေ …

အရှင်ကုသလသာမိ(အတည်မဲ့)

No comments:

Post a Comment