Sunday 26 July 2015

အလောင်းစည်သူ


အလောင်းစည်သူဟာ ရခိုင်-မွန်-ဗမာ သွေးနှောတဲ့ မြန်မာဘုရင်တစ်ပါး ဖြစ်ပါတယ်။ ရာဇဝင်မှာတော့ ခရီးအသွားနိုင်ဆုံးမင်းလို့ ဆိုရမယ်။ မိဖုရားလေးပါး ရှိတယ်။ မြန်မာပြည် တောင်ဘက်တခွင်၊ မြောက်ဘက်တလွှား ခရီးသွားခဲ့ရာမှာ မြို့ပြအုပ်ချုပ်ရေး စနစ်ကိုလည်း စနစ်တကျ ထူထောင် ပေးနိုင်ခဲ့တယ်။ရွာ၊ မြို့၊ ခရိုင် စသည်ဖြင့်ပေါ့။ ဈေးကွက်တွေမှာ အလေး၊ အချိန်၊ အတွယ်တွေနဲ့ ပတ်သက်လို့ မြန်မာစနစ်ဖြစ်တဲ့ ကျပ်၊ မူး၊ ပဲ၊ တင်း၊ ခွဲ၊ စိတ်၊ ပြည်၊ ခွက် စတာတွေ တပြေးညီ သတ်မှတ်ပေးနိုင်ခဲ့တယ်။ နေရာအနှံ့လည်း ဘုရားပုထိုးတွေ တည်ထား ကိုးကွယ် နိုင်ခဲ့သပေါ့။
မွန်ပြည်ရောက်၊ ပုသိမ်ရောက်၊ သီဟိုရောက်၊ မာန်အောင်ကျွန်းရောက်၊ မလာယုကျွန်းရောက်၊ တနင်္သာရီရောက်နဲ့ ရောက်တဲ့အရပ်မှာ မောင်းမမိဿံ တချို့ထားရစ်ပြီး နေပြည်တော်ပြန်တယ်။ သူ့လက်ထက်မှာ အမှုထမ်းတွေ၊ ဆင်တွေ၊ မြင်းတွေ အရမ်းပင်ပန်း ကြသတဲ့။ တရုတ်ကိုလည်း ဘေးတော် အနော်ရထာလိုပဲ စွယ်တော်တောင်းဖို့ ရောက်ခဲ့တယ်။ ဦးတည်ဘွားက ပင့်ခွင့်ပေးပေမယ့် အနော်ရထာလိုပဲ ပင့်လို့မရ။ တပ်ခေါက် ပြန်ခဲ့ရသတဲ့။ အလောင်းစည်သူရဲ့ ဘုန်းလက်ရုံး အစွမ်းတွေကိုတော့ မှန်နန်းက တခမ်းတနား ဖော်ပြထားပါတယ်။ အသက်အရွယ် ကြီးလာချိန်မှာ လူပုံအလယ် လက်သီးလက်မောင်းတန်းရာ အသားအရေ ပျဉ်းတွဲကျနေတာကိုမြင်တော့ မင်းပရိသတ် ရယ်ကြသတဲ့။ အဲ့ဒီမှာ သူ့အစွမ်းကို ပြချင်တာနဲ့ တူရွင်းတောင်မှာ လူဆိုးတစ်ယောက် သောင်းကျန်းနေတယ်ဆိုကာ မြင်းစီးသူရဲ လေးယောက်ကို အဖမ်းခိုင်း၊ သူကိုယ်တိုင်က တူရွင်းတောင်ပေါ်တက်၊ လူဆိုးဟန်ဆောင်ပြီး မြင်းစီးသူရဲတွေကို တိုက်ဖောက်ထွက်ခဲ့ပြီး သူ့အစွမ်းကို ပြခဲ့ဖူးပါတယ်။ အလောင်းစည်သူမှာ သားတော် သုံးပါးရှိတယ်။ အကြီးဆုံးက မင်းရှင်စော။ ဖခင် အလောင်းစည်သူနဲ့ အဆင်မပြေတာနဲ့ နှင်ထုတ်တာ ခံရတယ်။ အကြောင်းရင်းက နှစ်ချက်။ ပထမတစ်ချက်က ပဋိက္ကရားက ဆက်သ လာတဲ့ ဘုရင့် သမီးတော် ကုလားမ ပဘာဝတီကို သူ အခစား ဝင်ချိန်မှာ ဖခင်ဘုရင်ရဲ့ သလွန်ပေါ်က ဆင်းစေတဲ့ တစ်ချက်။ နောက်တစ်ချက်က အနန္တသူရိယ အမတ်ကို မင်းဝတ်တန်ဆာတွေ ပေးသနားထားတာကို မသင့်တော်ဘူး ဆိုကာ အတင်းချွတ် စေတဲ့တစ်ချက် ဖြစ်တယ်။ ဒါကို ဖခင် အလောင်းစည်သူက “သူသာမင်းဖြစ်လျှင်တော့ နှိပ်စက်တော့မည်” ဆိုကာ ပထမ အဖမ်းခိုင်း။ နောက် မိဖုရားက တောင်းပန်မှ ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်။ သားလတ် နရသူကို တော့ အိမ်ရှေ့အရာ ပေးခဲ့တယ်။ သက်တော် ၁၀၁ နှစ်မှာမင်းကြီး မကျန်းမမာဖြစ်တော့ နရသူက အဖေလုပ်သူကို နန်းချပြီး ရွှေဂူဘုရားမှာ ဖမ်းထားတယ်။ နေကောင်းလာတဲ့ အချိန်မှာ သားဖြစ်သူက အဝတ်ပုဆိုးနဲ့ ဖိသတ်ခဲ့တယ်ဆိုတယ်။ မှန်နန်းကပဲမင်းကြီးကို ဗူးစင်အောက် ထားရာက ဗူးစင်ပိသေတယ်ဆိုတဲ့ နောက်မူကွဲ တစ်ခုကိုလည်း ဖော်ပြထားတယ်။ အဖေသတ်တဲ့သား နရသူဟာ နန်းလုဖို့ ပြန်လာတဲ့ အစ်ကိုဖြစ်သူ မင်းရှင်စော ကိုလည်း အဆိပ်ခတ်သတ်ကာ နန်းတက်ခဲ့ပါတယ်။

အလောင်းစည်သူ သုံးသပ်ချက်
တိုင်းပြည်တခွင် လှည့်လည် နိုင်ခဲ့လို့ အုပ်ချုပ်ရေး၊ စီးပွားရေးတွေ စနစ်တကျ ဖြစ်လာခဲ့ပေမယ့် အခြားတဖက် ကလည်း နေပြည်တော်ကို အချိန်ကြာမြင့်စွာ ပစ်ပယ်ထားခဲ့တာကြောင့် ခိုးဆိုးလုယက်မှုတွေ ထူပြောပြီး တိုင်းပြည် မငြိမ်းချမ်းခဲ့ဖူးဆိုတဲ့ မှတ်တမ်း ကလေးလည်း တွေ့ရပါတယ်။ သိမ်းသွင်းခဲ့တဲ့ တိုင်းပြည်တွေရဲ့ ပုန်ကန်ခြားနား မှုတွေလည်း မကြာခဏ ကြုံတွေ့ခဲ့ရတယ်။ ဒါတွေဟာ ပုဂံပြိုကွဲပျက်စီးမယ့် ရှေ့ပြေး လက္ခဏာနိမိတ်တွေ လို့လည်း ယူဆကောင်း ယူဆနိုင် ပါတယ်။ ဘာပဲဖြစ်ဖြစ် အလောင်းစည်သူမင်းဟာ အနော်ရထာ၊ ကျန်တပ်မတော်သားတို့နဲ့ တစ်တန်းတည်း ထားနိုင်တဲ့ ပထမမြန်မာ နိုင်ငံတော်ရဲ့ မင်းကောင်းတစ်ပါး ဖြစ်တယ်လို့ ခြုံငုံသုံးသပ်မိပါတယ်။

No comments:

Post a Comment