Friday 25 September 2015

ခလုတ်ထိတော့ အမိတ၊ ကွန်ဒုံးပေါက်တော့

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU3R_xfCKHzwxllZaBx59zqVgFuZoJGwOidamHeqK_qk9gCvTnf5U3U453_Jcm_GZA7NoUZkj4J6UycKxAwJPhgRzlKiOhIy5_84VfF1dEhWVm6qiOiKfK-sAgwoWnFvaLFl7UW7WElYiC/s1600/view.jpeg
တကြိမ်တခါပဲဖြစ်ဖြစ်၊ မကြာခဏပဲဖြစ်ဖြစ် အပျော်အပါး လိုက်စားမိကြပေမယ့် ခုခံကျကူးစက်ရောဂါပိုး (HIV) ကူးစက်ခံရမှာကို တော့ အမျိုးသားတွေကြောက်ကြပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအသိ အတော်အသင့် ရှိသူတွေကတော့ မရှောင်နိုင်ရင် ကွန်ဒုံး သုံးလေ့ရှိပါတယ်။ လိင်ဆက်ဆံစဉ် ကွန်ဒုံး ပေါက်သွားရင်တော့ ရောဂါကူးစက်ခံရမလားဆိုပြီး ဆောက်တည်ရာမရ ပူပန်သောက ရောက်ကြရပါတယ်။ အစိုးရိမ်လွန်ပြီးကွန်ဒုံးကိုနှစ်ထပ်စွပ်တာ၊ သက်တမ်းလွန်လို့ ချောဆီနည်းနေတဲ့ကွန်ဒုံးကိုသုံးမိလို့ ကွန်ဒုံး ပေါက်လေ့ရှိတဲ့အတွက် သတိပြုရှောင်ကြဉ်ဖို့ လိုပါတယ်။
       စိတ်မနိုင်လို့ ကွန်ဒုံးမပါပဲ လိင်ဆက်ဆံပြီးမှ ရောဂါကူးစက်ခံရမှာ ကြောက်နေသူတွေရှိသလို ကိုယ့်မှာရောဂါပိုးရှိလို့ ကိုယ့်အဖော် ကို ကူးစက်မှာစိုးရိမ်တာတွေလဲ ရှိပါတယ်။ အရက်ကို အလွန်အကျွံမူးအောင် သောက်ထားမိတဲ့အခါမျိုးမှာ ဖြစ်လေ့ရှိတဲ့အတွက် အသိကင်းမဲ့လောက်အောင် သောက်ပြီး အပျော်အပါး မလိုက်စားသင့်ပါဘူး။ ကွန်ဒုံးပေါက်သွားရင်၊ ကွန်ဒုံးမပါပဲ လိင်ဆက်ဆံမိရင် ဘာတွေလုပ်သင့်တယ်ဆိုတာကို အောက်ပါအတိုင်း တင်ပြလိုက်ပါတယ်။

ဘယ်အချိန်မှာစသောက်ရမှာလဲ
ခုခံကျပိုးကိုယ်ထဲကို ဝင်ရောက်ပြီးနောက် မပွားများနိုင်ခင်မှာ ဗိုင်းရပ်ပိုးကို သတ်နိုင်တဲ့ဆေးတွေ အရေးပေါ် သောက်ဖို့လိုပါတယ်။ ကွန်ဒုံးပေါက်သွားရင်ဖြစ်ဖြစ်၊ ကွန်ဒုံးမပါပဲ လိင်ဆက်ဆံမိရင်ဖြစ်ဖြစ် ၇၂ နာရီအတွင်း သောက်ဖို့ လိုပါတယ်။

ဘယ်လောက်ကြာအောင် သောက်ရမလဲ
၂၈ ရက်တိတိ မပျက်မကွက် သောက်ရမှာပါ။ ခုခံကျရောဂါကို ထိန်းချုပ်ကုသရာမှာသုံးတဲ့ ဆေးတွေထဲက ၂မျိုး(သို့)၃မျိုးကိုရွေးပြီး ကာလတို သောက်ခိုင်းတာပါ။ နောင်တချိန် အကြောင်းတခုခုကြောင့် ခုခံကျရောဂါ ခံစားရတဲ့အခါ အရင်သောက်ထားတဲ့ ဆေးတွေကို ဆေးမတိုးမှာစိုးလို့ မသုံးတော့ပါဘူး။ ဒါ့ကြောင့် တခါကနှစ်ခါ အရေးပေါ် မသောက်ရအောင် အထူးသတိပြု ဆင်ခြင်ရမှာပါ။

ဘယ်သူတွေသောက်ဖို့လိုသလဲ
ဆေးသောက်မယ့်သူဟာ ခုခံကျရောဂါပိုး ကူးစက်ခံထားရခြင်း မရှိတဲ့သူ ဖြစ်ရပါမယ်။ တချို့တွေ ကွန်ဒုံးပေါက်မှ စိုးရိမ်တကြီး ဆေးခန်းကို လာကြပေမယ့် အရင်တည်းက အကြောင်းတခုခုကြောင့် ကူးစက်ခံထားရပြီး ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ဆေးမသောက်ခင် ရောဂါပိုးစစ်ပြီး မရှိဘူးဆိုမှ သောက်သင့်ပါတယ်။
       တဖက်ကကိုယ့်နဲ့ လိင်ဆက်ဆံသူကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ သူ့မှာရောဂါပိုး ရှိ၊ မရှိ သေချာသိရအောင် သွေးစစ်နိုင် ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့မှာ လုပ်နိုင်ဖို့ခက်ပါတယ်။ လိင်ဆက်ဆံဖက်များနိုင်မယ့် ကာရာအိုကေ၊ အနှိပ်ခန်းက အမျိုးသမီးငယ်လေးတွေပဲ ဖြစ်ဖြစ်၊ ပြည့်တန်ဆာတွေပဲ ဖြစ်ဖြစ် အပြင်ခေါ်ထုတ်ပြီး သွေးစစ်ခိုင်းဖို့ ဆိုတာ မလွယ်ပါဘူး။ သူတို့က သွေးစစ်ထားတာ မကြာသေးဘူး၊ ပိုးမရှိပါဘူးလို့ ပြောတာကိုလဲ ယုံရခက်ခက်ပါပဲ။ ဒါ့ကြောင့် ကိုယ့်အဖော်က လိင်ဆက်ဆံဖက် များနိုင်မယ့်သူဆိုရင်တော့ သူတို့ဘာပြောပြော (တချို့ကိုယ်နဲ့ပဲ အတူနေတာလို့ ပြောတာ ရှိပါတယ်) ကွန်ဒုံးပေါက်သွားရင် အရေးပေါ်ဆေး ကြိုသောက်သင့်ပါတယ်။
       သွေး၊ သွေးပါတဲ့ တံထွေး၊ နို့၊ လိင်အင်္ဂါက ထွက်တဲ့အရည်တွေနဲ့ ထိတွေ့မှုရှိတဲ့အခါ ကွန်ဒုံးမပါခဲ့ရင်၊ ကွန်ဒုံးပေါက်နေခဲ့ရင် သောက်ဖို့လိုပါတယ်။ လိင်ဆက်ဆံသူနှစ်ဦးမှာ တယောက်ယောက်က ကာလသားရောဂါ (ဥပမာ ဆီးပူညောင်းကျ-ဂနို) ရှိနေရင်လဲ ဆေးသောက်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးဘာတွေခံစားရနိုင်လဲ
မူးဝေတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ မူးလွန်းလို့ ဘာမှမလုပ်ချင်မကိုင်ချင် ဖြစ်တတ်ပါတယ်။

ဆေးသောက်နေစဉ် ဘာတွေလုပ်ဖို့လိုလဲ
- ကိုယ်ခံအားစနစ်ကောင်းဖို့ အိပ်ရေးဝဝအိပ်ပြီး အာဟာရမျှတအောင် စားပါ။
- ဆေးသောက်လို့ မူးဝေအော့အန်ပြီး နှုံးချိနေရင် အနားယူချိန်ကို တိုးပြီးယူပါ။
- ဆရာဝန်ညွှန်ကြားတဲ့ ဆေးပမာဏကို အချိန်မှန် နာရီမလွဲပဲ သောက်ပေးပါ။ အချိန်လွဲတာ၊ ရက်မမှန်တာတွေရှိရင် ဆေးယဉ်ပါးမှု ဖြစ်တတ်ပါတယ်။
- ဆေးသောက်တာကို အနှောက်အယှက် ပေးလာပြီဆိုရင် အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတာကို လျှော့ပြီးသုံးတာပဲဖြစ်ဖြစ် လုံးဝရှောင်ကြဉ်တာပဲဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။
- ဆရာဝန်ကို အသိမပေးပဲ သောက်နေတဲ့ဆေးကို မရပ်ပါနဲ့။
- လက်ကိုင်ဖုန်းပဲဖြစ်ဖြစ် နာရီကိုပဲဖြစ်ဖြစ် နှိုးစက်ပေးထားပြီး ဆေးသောက်မယ့်အချိန်ကို သတိရအောင် လုပ်ထားသင့်ပါတယ်။
- ဆေးသောက်ဖို့မေ့သွားခဲ့ရင် သတိရရချင်းသောက်ပါ။ နောက်တကြိမ်သောက်ရမယ့် အချိန်ရောက်နေရင်တော့ မေ့သွားတဲ့ ဆေးကိုပါပေါင်းပြီး ၂ ခွက်စာသောက် တာမျိုးမလုပ်ရပါဘူး။
- ဆေးသောက်နေစဉ် ညအိပ်ခရီးသွားရဖို့ရှိရင် ဆေးယူသွားဖို့ မမေ့ပါနဲ့။ အချိန်မှီသောက်နိုင်အောင် အပြင်သွားတိုင်း ကိုယ်နဲ့မကွာ ဆောင်ထားတာ အကောင်းဆုံးပါပဲ။
- ဆေးသောက်နေစဉ်အတွင်း ကိုယ့်အမျိုးသမီး၊ ချစ်သူရည်းစားနဲ့ပဲဖြစ်ဖြစ် တခြားတယောက်ယောက်နဲ့ဖြစ်ဖြစ် လိင်ဆက်ဆံမယ် ဆိုရင်တော့ ကွန်ဒုံးကို မဖြစ်မနေ စနစ်တကျ သုံးဖို့လိုပါတယ်။

ဆေးသောက်ပြီးရင် ဘာဆက်လုပ်ရမလဲ
ဆေးသောက်ပြီးလို့ ၃ လ (၁၂ပတ်)အကြာမှာ သွေးပြန်စစ်ဖို့ လိုပါတယ်။ အဖြေက ပိုးမတွေ့ဘူးဆိုရင်တော့ စိတ်ချက်လက်ချ နေလို့ရပါပြီ။ အရေးကြီးတဲ့ ကိစ္စမို့လို့ ဓာတ်ခွဲခန်းနှစ်ခုကို ခွဲစစ်သင့်ပါတယ်။

No comments:

Post a Comment