Saturday 28 November 2015

ချစ်တာလား၊ နှစ်မှာလား

 http://i2.wp.com/monnews.org/wp-content/uploads/2013/06/myanmar-student.jpg?resize=300%2C182
ဒီခေတ်မှာ ၁၀ တန်းကျောင်းသားလောက်ကိုလည်း မိဘတွေက ကျောင်းလိုက်ပို့တာ ထုံးစံလိုဖြစ်နေပြီ။ ကျောင်းလိုက်ပို့ရတာနဲ့၊ ထမင်းလိုက်ခွံ့ကျွေးရတာနဲ့ပေါ့။ သားသမီးတွေ ၉ တန်း၊ ၁၀ တန်းရောက်တဲ့အထိ မိဘ တွေက သည်းသည်းလှုပ်ဖြစ်နေတာကတော့ သားသမီးအပေါ် ချစ်ရာမရောက်ဘဲ၊ အစွမ်းအစနည်းသူတွေဖြစ် အောင် လိုက်လုပ်ပေးနေသလိုပဲ။

ရာဇ၀င်မှာ မင်းရဲကျော်စွာဆိုတဲ့ မင်းတစ်ပါးအကြောင်း ကြားဖူးမှာပေါ့။ သက္ကရာဇ် ၇၆၅ ခုနှစ်က မင်းရဲကျော်စွာ ၁၃ နှစ်သားပဲရှိသေးတယ်။ ရခိုင်ဘုရင် ထောရကြီးက မြန်မာ့နယ်တွေကို ၀င်ရောက်ကျူးကျော်တာနဲ့ မင်းခေါင် နဲ့ အမတ်ကြီး မင်းရာဇာတို့ စစ်ရေးအတွက် တိုင်ပင်ကြတယ်။ မင်းခေါင်က မင်းရဲကျော်စွာရဲ့ ဖခင်။

အဲဒီအချိန် သူတို့အနားမှာ ကစားနေတဲ့ မင်းရဲကျော်စွာက “စစ်” ဆိုတဲ့ အသံကြားလိုက်လို့ ခေါင်းထောင် ထတယ်။ ပြီးတော့ ရခိုင်ကိုစစ်ချီရာမှာ ကိုယ်တိုင်ပါဝင်ခွင့်ပေးဖို့ တောင်းဆိုလိုက်တယ်။ ၁၃ နှစ်သားအရွယ် သားတော်ရဲ့ လျှောက်တင်ချက်ကို မင်းရာဇာအမတ်ကြီးက ထောက်ခံတယ်။ အမတ်ကြီး မင်းရာဇာရဲ့ ထောက်ခံ ဆွေးနွေးချက်ဟာ အလွန်မှတ်သားထိုက်တဲ့စကားပါ။

“သားသမီးကို ချစ်ခင်လေးမြတ်သော မိဘတို့သည် ကောင်းရာကောင်းကြောင်းလမ်းကို မြင်ပါလျှင် ရက်ရက်စက်စက် မညှာမတာ စေခိုင်းသင့်ပါသည်။ ရက်စက်ကြေကွဲ၊ ရဲမှ မင်းဖြစ်ဆိုသောစကားကို ဤနေရာ၌ အသုံးချရန်လည်း အထူးသင့်ပါသည်။

သားသမီးတို့အား ကောင်းရာကောင်းကြောင်းလမ်းတွင် မိဘတို့က ရက်ရက်စက်စက် ခိုင်းစေမှ ကြေကွဲဝမ်းနည်းရသော လမ်းကြောင်းကို တွေ့လာရပေမည်။ သို့ ကြေကွဲဖွယ် အကျဉ်းအကျပ်နှင့် တွေ့လာမှလည်း ကျိုးနွံလာပြီးလျှင် ကိုယ့်ဒူးကိုယ်ချွန်ရန်အတွက် ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ကြံဆောင်လာပါမည်။

သို့စွန့်စားမှလည်း အထွတ်အထိပ် မြင့်မြတ်သောဘ၀သို့ ရောက်ရပါမည်။သားသမီးကို ချစ်သဖြင့် ဤသို့ရက်စက်စွာ မခိုင်းလျှင် နောက်ကို ကျိုးနွံခြင်း၊ စွန့်စားခြင်း၊ ကြံရည်ဥာဏ်ရည် မရှိသဖြင့် အသက်ပင်ရှင်လျက် ရှိသော်လည်း လူသေကဲ့သို့ အစွမ်းအစတုံးပြီး လူဘ၀၌ ဆုံးရှုံးရပါမည်။ သို့အတွက် ယခုအရေးမှာ သားတော်ကို အုပ်ချုပ်စီမံစေရန် သင့်ပါကြောင်း” လို့ မင်းခေါင်ကိုလျှောက်တယ်။

၁၃ နှစ်သားကို ဘုရင်က ဗိုလ်မှူးကြီးရာထူးပေးပြီး တိုက်ပွဲကိုလွှတ်တာ။ တပ်စခန်းချရာတိုင်းမှာ အားရင်သူငယ် အဖော်တွေနဲ့ ဂျင်၊ ကျည်းသားကစားတယ်။ ဗိုလ်မင်းတွေက အထင်သေးကြသပေါ့။ တကယ့်တိုက်ပွဲကျတော့ ဆင်တစ်ကောင်ပြီးတစ်ကောင်ကျသည်အထိ ကြမ်းတမ်းစွာတိုက်ပွဲဝင်တယ်။ ဆင်ငါးစီးပြောင်းပြီးထောရကြီးကို လိုက်တိုက်တယ်။ တစ်နေကုန်တိုက်ပွဲဆင်တာ ညမိုးချုပ်မှမြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်။

ဒီနေရာမှာ အမတ်ကြီးမင်းရာဇာရဲ့စကားကို ဆင်ခြင်စေချင်ပါတယ်။ ကိုယ့်သားသမီးတွေကို အသက်ရှင်နေ ပေမယ့် လူသေတွေလိုဖြစ်အောင်၊ အစွမ်းအစတုံးအောင်မလုပ်သင့်ပါဘူး။ သူတို့ကို လွှတ်ပေးကြည့်ပါ။ ကိုယ့်ဘာသာရပ်နိုင်အောင်၊ လျှောက်နိုင်အောင်လုပ်ပေးလိုက်ပါ။ အရာရာကိုလိုက်ထိန်းချုပ်နေတာ ချစ်နေတာ လား၊ နှစ်နေတာလားခွဲခြားကြည့်ပါ။

Credit to Tin Nyunt

No comments:

Post a Comment