Friday 1 January 2016

တကယ် ဖြစ်စေချင်တဲ့ ပုံစံလေး တစ်ခု

၂၀၅၃ ခုနှစ် အောက်တိုဘာလ ။             

မြန်မာပြည်ရဲ့ အစည်ကားဆုံး မြို့ ..။
ရန်ကုန်မြို့ဟောင်း ။

အချိန်က ည သန်းကောင် ၁၂.၀၀ နာရီ ..။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမသစ်ကြီးပေါ်မှာ နောက်ဆုံးပေါ် ကားအသစ်များ အမျှင်မပြတ် တဝေါဝေါနဲ့မောင်းနှင်နေကြသည် ။ မောင်းသူမဲ့ ဘတ်စ်ကားတွေလည်း ပြေးနေဆဲဘဲ  ။ ဆူးလေဘုရားလမ်း တ၀ိုက်မှာ မီးရောင်စုံတွေ ထိန်ထိန်လင်းနေလို့ ညသန်းကောင်ယံ အချိန်က နေ့ခင်းအချိန်လိုဘဲ လင်းလျက်နေသည် ။ ကြီးမားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေက လှုပ်ရှားနေတဲ့ ရုပ်ပုံတွေ ပြေးလွှားနေတဲ့ ဒီဇိုင်းတွေနဲ့ ..။

ခေါင်မိုးမှာ CITY TAXI လို့ ရေးထားတဲ့ အ၀ါေ၇ာင်မီးလေးတွေ လင်းနေတဲ့လေးထောင့် ပလပ်စတစ် အတုံးလေးတွေနဲ့ အပြာရောင် ဆူဘာရူး အမျိုးအစား တက်ဆီကားလေးတွေ ကိုလည်း ဟိုမှာ ဒီမှာ တွေ့နေရသည် ။ကောင်းကင်ယံမှာ မြို့လုံခြုံရေး ရဲရဟတ်ယာဉ်တစီး တဒတ်ဒတ်နဲ့ ကင်းလှည့်နေသည် ။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဆူးလေဘုရားလမ်း ထောင့် ။

နေဗလ ...လမ်းထောင့်မှာ ရပ်ထားတဲ့ သူ့ရဲကားထဲက ထွက်လိုက်သည် ။ သူ့ကားနံပါတ်က ၀၀၁ ..။  နေဗလသည် အရပ်ခြောက်ပေနီးပါးမြင့်တဲ့ သန်မာထွားကြိုင်းတဲ့ လူရွယ်တယောက်ပါ ။ ရန်ကုန်မြို့လည် မှာ ကင်းလှည့်ရဲကားတွေကို ထိန်းချုပ်တဲ့ Team Leader တာဝန်ခံ ရဲအုပ်တယောက် ဖြစ်သည် ။ အပြာရင့်ရောင် ရဲဝတ်စုံမှာ အနက်ရောင် ကျည်ကာကိုယ်ကြပ်အင်္ကျီကို အပေါ်က ၀တ်ထားသည် ။ အနက်ရောင် ကျည်ကာအင်္ကျီရဲ့ ရင်ဘတ်မှာ အဖြူရောင် အင်္ဂလိပ်စာလုံး POLICE ဆိုတာ ထင်ထင်ရှားရှား တွေ့နေရသည် ။

ညာဖက်ခါးမှာပစ်ခတ်လိုက်လျှင် ထိမှန်ပြီး စက္ကန့်ပိုင်းအတွင်း မေ့မြောသွားစေတဲ့ မေ့ဆေးကျည်ဆန်သုံး ပစ္စတိုကို ချိတ်ထားပြီး ဘယ်ဖက်ခါးမှာ စကားပြောစက်တလုံး ရှိနေသည် ။ယခုအခါ မြို့ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်များသည် မေ့ဆေးသေနတ်တွေကို အသုံးများသည် ။ အကြမ်းဖက်သမားများနဲ့ စစ်သွေးကြွအုပ်စုတွေလို လက်နက်ကြီးတွေ ကိုင်ဆောင်ကြတဲ့ လူဆိုးလူကြမ်းတွေနဲ့ ရင်
ဆိုင်ကြရတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေသာလျှင်ဘဲ ပြင်းထန်တဲ့ ယမ်းအားသေနတ်များကို ကိုင်ဆွဲကြတော့သည်  ။

BMW အမျိုးအစား အပြာရင့်ရောင် ရဲကားရဲ့ ကိုယ်ထည် ဘေးတဖက်တချက်မှာ အဖြူရောင် အင်္ဂလိပ်စာလုံးနဲ့ YANGON POLICE လို့ ရေးထိုးထားတဲ့ စာတမ်း ပါသည် ။
ကားရဲ့ ဖင်ပိုင်းမှာတော့ အရေးပေါ် 119 လို့ အဖြူရောင်စာတမ်း ရှိသည် ။  ဒီနေ့ည သူ့ဂျူတီမှာ ဘာ ဆိုးဆိုးဝါးဝါး အမှုအခင်းမှ မဖြစ်ပါစေနဲ့လို့ နေဗလ ဆုတောင်းနေသည် ။ အမှုအခင်းတွေ ဖြစ်၇င် ပျားတုပ်ရော ။ သတ္တ၀ါအပေါင်း အေးအေးချမ်းချမ်း ရှိကြပါစေ ..လို့ မေတ္တာပို့ ဆုတောင်းရင်း အနီးရှိ ညလုံး
ပေါက်ဖွင့်သော ဆဲဗင်းအလဲဗင်း (  7 eleven  )ဆိုင်လေးထဲကို ၀င်လိုက်သည် ။

ဆိုင်ထဲ သူအ၀င်မှာ ရင်ဘတ်မှာ 7 eleven  တံဆိပ်နဲ့ အစိမ်းရောင်လက်တိုအင်္ကျီ..ဘောင်းဘီအနက် ၀တ်ထားတဲ့ စက်ရုပ် ( ရိုးဘော့ )က “ မင်္ဂလာညချမ်းပါ....ဆဲဗင်းအလဲဗင်းက ကြိုဆိုပါတယ် ….” လို့ ခါးညွှတ်ခါ နုတ်ဆက်သည် ။ ကော်ဖီကောင်တာဖက် ကို သူလျှောက်သွားတော့ နောက်ထပ် စက်ရုပ်တကောင်က ကော်ဖီကောင်တာမှာ သန့်ရှင်းရေး လုပ်နေသည် ။သူ့ကို မြင်တော့ “ မင်္ဂလာပါ ..” လို့ နုတ်ဆက်သည် ။ နေဗလက လှည့်တောင် မကြည့်ဘဲ သူ့အတွက် ကော်ဖီကို
ကော်ဖီအိုးထဲကနေ ခွက်ထဲကို လောင်းထည့်သည် ။Robot စက်ရုပ်တွေကို လူတွေက ဂရုမစိုက် ။ မလေးစားကြဘူး ။ အကယ်လို့သာ စက်ရုပ်တွေ နေရာမှာ လူသား ၀န်
ထမ်းတွေကသာ “ မင်္ဂလာပါ ...” လို့ နုတ်ဆက်ခဲ့ရင် နေဗလတို့က ပြန်နုတ်ဆက်ကြမည် ဖြစ်ပေမယ့် သက်မဲ့စက်ရုပ်တွေကိုတော့ အလေးမထား..မသိသလို ဘဲ နေကြသည် ။

နေဗလသည် ရန်ကုန်မြို့တော်ဒေသ လုံခြုံရေးကို ကွပ်ကဲ တာဝန်ယူနေရတဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ရဲအုပ် တယောက် ဖြစ်သည် ။

 သူ့အလုပ်က မိုးမျှော်တိုက်မြင့်ကြီးတွေနဲ့ နေ့ေ၇ာညပါ စည်ကားနေတဲ့ ရန်ကုန်မြို့လည်ခေါင်မှာ ငြိမ်ဝပ်ပိပြားရေးနဲ့ တရားဥပဒေ စိုးမိုးရေး အတွက် ပြေးလွှားလုပ်ကိုင်နေရတဲ့ အလုပ်မို့ အိပ်ချိန်စားချိန် မမှန်ဘူး ။ အရေးကြီးရင် နေ့ရောညပါ အလုပ်လုပ်ရသည် ။ ရန်ကုန်မြို့သည် တိုးတက်သထက် တိုးတက် လာပြီး အရှေ့တောင်အာရှမှာ နံမည်ကြီး ဒိတ်ဒိတ်ကြဲ မြို့ကြီးတမြို့ ဖြစ်လာခဲ့သလို ပဲခူး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှာလည်း နေ့ရော ညပါ နိုင်ငံခြားလေယာဉ်တွေ ဆင်းတက်နေသည် ။ အလုပ်လာလုပ်သူ နိုင်ငံခြားသားတွေ ..လာလည်ပတ်သူ တိုးရစ်ကမ္ဘာလှည့်တွေ နဲ့ စည်ကားနေသည် ။

နေဗလတို့ ရဲတပ်ဖွဲ့ကလည်း နေ့ရောညပါ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် အလုပ်လုပ်နေကြသည် ။နေဗလတို့ လက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ရှေးအရင်ခေတ်ကလို စုတ်ပြတ်သတ်နေတဲ့ ရဲတပ်ဖွဲ့ မဟုတ်တော့ ။ ပြည်သူတွေကို တကယ် ကူညီတဲ့ တကယ့်ပြည်သူ့ရဲစစ်စစ်တွေ ဖြစ်နေပြီ ။ ခေတ်မှီတဲ့ တန်ဆာပလာ လက်နက်ကရိယာ ယာဉ်တွေနဲ့ တပ်ဆင်ထားတဲ့ ကမ္ဘာ့အဆင့်မှီ ရဲတပ်ဖွဲ့ ဖြစ်နေပြီ ။ စိတ်ဓါတ်တွေလည်း ပြောင်းလဲကုန်ပြီ ။

ရဲတွေရဲ့ လစာနဲ့ ခံစားခွင့်ကလည်း အရင်တုံး ခေတ်တွေနဲ့ လားလားမှ မဆိုင် မတူ တော့ ။ လုံလောက်တဲ့ လစာခံစားခွင့်တွေ ရကြသည် ။ ဒီအတွက် အေးအေးဆေးဆေး အလုပ်ကြိုးစားလုပ်ချင်တဲ့ ရဲတွေ အနေနဲ့လည်း ၀မ်းစာဖူလုံတဲ့အတွက် လပ်စားစရာ မလိုတော့ ။ လူနေမှု အဆင့် မြင့်မားလာကြတာနဲ့အမျှ စိတ်ဓါတ်တွေလည်း မြင့်မားလာကြတဲ့ သဘောပါဘဲ ။နိုင်ငံတော် အစိုးရကလည်း လိုအပ်တဲ့ ၇ုံးသုံး ပစ္စည်း..စာရွက်စာတမ်းတွေကို အလုံအလောက် ထုတ်ပေးထားလို့
ရှေးရှေးခေတ်ကလို ၁၁၉ ခေါ်တဲ့အခါ “တက်ဆီဖိုး ပေးမှာလား...စာရွက်စာတမ်းဖိုး ပေးမှာလား...” လို့ တောင်းစရာ မလိုတော့ဘူး ။

အမှုလာတိုင်တဲ့ ဒုက္ခရောက်လာသူကို ရေသန့်ဘူး..ကော်ဖီ..လဖက်ရည်နဲ့တောင် ဧည့်ခံနိုင်နေပီ ။ ချိုသာပြီး မျက်နှာထား ကောင်းကောင်းနဲ့ ပြည်သူကို ကုညီတာကြောင့် ၇ဲတွေ နံမည်ကောင်း ရနေတဲ့ အချိန်အခါပါ ။နေဗလတို့ ရဲတပ်ဖွဲ့ဝင်တွေသည် ပြည်သူတွေ အေးချမ်းစေဖို့ နေ့ရောညပါ လုံခြုံရေး တာဝန်ကို ယူပေးနေကြတဲ့အခါ ဒုစရိုက်မှုများ မဖြစ်ပွားရလေအောင် ကင်မရာအမျိုးမျိုးနဲ့ ဒရုန်း တွေကို သုံးပြီး စောင့်ကြည့်ကြသလို စက်ရုပ်ရဲများနဲ့ ပတ္တရောင်လှည့်ကင်းတွေ လှည့်ပေးသည် ။ 

လူ ကိုယ်တိုင်လည်း ဂျူတီချိန်းနဲ့ မြို့ရဲ့ နေရာအနှံ့အပြားမှာ စောင့်ကြပ်ပေးသည် ။ ရန်ကုန်ရဲတပ်ဖွဲ့က စည်းစနစ်ကောင်းလွန်းလို့ အရှေ့တောင်အာရှ နိုင်ငံတွေက အတုခိုး နမူနာ ယူကြရတဲ့ အထိ တိုးတက်နေသည် ။၂၀၅၀ခုနှစ်က စပြီး ကမ္ဘာတ၀ှမ်းလုံးမှာ စက်၇ုပ် ( ရိုးဘော့ )တွေကို လူတွေက နေ၇ာတကာမှာ အသုံးချလာခဲ့သည် ။

နိုင်ငံတကာ စစ်တပ်တွေမှာလည်း စက်ရုပ်တွေ အသုံးပြုမှုက တွင်ကျယ်လာသည် ။ ရန်သူရဲ့ မိုင်းကွင်းတွေမှာ စက်ရုပ် ခွေးများကို လွှတ်ပြီး မိုင်းရှာဖွေခိုင်းသလို တိုက်ပွဲများမှာလည်း စက်ရုပ်စစ်သားတွေကို အသုံးပြုတာတွေလည်း ပိုများလာသည် ။ တောင်တက်တောင်ဆင်း လမ်းတွေမှာ ယခင်ရှေးခေတ်က လား..မြည်း သတ္တ၀ါတွေကို ၀န်တင်ဖို့ အသုံးပြုခဲ့တဲ့နေရာမှာ စက်ရုပ်မြင်းတွေကို အစားထိုး သုံးစွဲနေခဲ့ကြတာ အချိန် အတန်ငယ်တောင် ကြာမြင့်နေပြီ ။ မြန်မာ့ရိုးဘော့ ထုတ်လုပ်ရေးစက်ရုံကလည်း လိုအပ်တဲ့ ၀န်ဆောင်မှုတွေ ပေးတဲ့ စက်ရုပ်တွေကို ထုတ်လုပ်ရောင်းချပေးလို့ လဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ စက်ရုပ် စားပွဲထိုးတွေ..ဧည့်ကြိုတွေ အသုံးပြုနေကြသည်မှာ နှစ်အတော်တောင် ကြာခဲ့ပြီ ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာလည်း စက်ရုပ်ရဲတွေကို နောက်ပိုင်းမှာ တော်တော် သုံးလာကြသည် ။ စက်ရုပ်ရဲများက လိုအပ်တဲ့ လမ်းကြိုလမ်းကြားတွေမှာ အချိန်မတော် ပတ္တရောင်ကင်းလှည့်ကြရသည် ။ စက်ရုပ်ရဲတွေက ထုတ်လုပ်ခဲ့ပြီးသမျှ စက်ရုပ်တွေထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်သည် ။ စက်ရုပ် ထုတ်လုပ်သူများကလည်း စက်ရုပ်ရဲတွေရဲ့ စွမ်းရည်မျိုးကို တခြား စက်ရုပ်တွေမှာ မထည့်ပေးကြဘူး ။ အစိုးရရဲ့ စီမံချက် ဖြစ်သည် ။  ရဲစက်ရုပ်တွေရဲ့ စွမ်းဆောင်နိုင်စွမ်းက သာမန် စက်ရုပ်တွေထက် မြင့်သည် ။ သာသည် ။ သာအောင် လုပ်ထားသည် ။

ရဲတပ်ဖွဲ့က စက်ရုပ်ရဲတွေကို ဓါးစာခံ တွေကို ၀င်ကယ်တဲ့ နေရာတွေ လူဆိုးဂိုဏ်း စခန်းတွေကို ၀င်ရောက် စီးနင်းတဲ့အခါတွေမှာ အသုံးများသည် ။ လူသားရဲတွေရဲ့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ နေရာတွေမှာ စက်ရုပ်တွေကို ခိုင်းစေသည် ။ လူဆိုးလူမိုက်တွေရဲ့ လက်ချက်နဲ့ လူသားရဲတွေကို ထိခိုက်မယ့်အစား စက်ရုပ်တွေကို ခံစေ ဖြစ်စေ တဲ့ သဘော ဖြစ်သည် ။

ပတ္တရောင် ကင်းလှည့်တဲ့နေရာမှာ စက်ရုပ်ရဲတွေကို အများဆုံး အသုံးပြုကြသည် ။ ရပ်ကွက်တွေထဲမှာ သန်းကောင်ကျော် အချိန်တွေမှာ ကင်းလှည့်နေတဲ့ ရဲစက်ရုပ်များကို တွေ့နိုင်သည် ။
သူတို့ရဲ့ မျက်လုံးတွေမှာ ကင်မရာများ ဖြစ်လို့ ဒီကင်မရာများကြောင့် ရဲဌာနချုပ်က ဖြစ်ပျက်နေတာများကို အကုန်မြင်နေရသည် ။ စက်ရုပ်ရဲတွေကို တာဝန်ယူရတဲ့ ယူနစ်က စက်ရုပ်ရဲတွေ ဆီက ထုတ်လွှင့်လိုက်တဲ့ ရုပ်ပုံတွေကို ထိုင်ကြည့်ကြရသည် ။ထို့ကြောင့် ရဲဌာနချုပ်က စက်ရုပ်ရဲတွေကို အမိန့်လှမ်းပေးကာ စေခိုင်းနိုင်သည် ။

 ရဲဌာနချုပ်မှ တာဝန်ရှိသူများသည် မြို့အနှံ့ တပ်ဆင်ထားသောလုံခြုံရေးကင်မရာများ ကြောင့် ၂၄နာရီ ပတ်လုံး မြို့ထဲမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို စောင့်ကြည့်နိုင်သည် ။ တချို့ လူတွေက ဒါကို မကျေနပ်ကြ ။ သူတို့ကို အခုလို ရဲတပ်ဖွဲ့က စောင့်ကြည့်နေတာကို လူ့အခွင့်အရေး နစ်နာ ဆုံးရှုံးသည်လို့ ထင်သည် ။ ကင်မရာများ တပ်တာကို ဆန္ဒပြကြသည် ။ ရဲတပ်ဖွဲ့က လူရော စက်ရုပ်ရောနဲ့သည်လောက် စောင့်ကြည့်နေတဲ့ကြားက ဒုစရိုက်မှုတွေက ဖြစ်ပွားနေဆဲဘဲ ။

ကော်ဖီစက်အောက်မှာ ဖေါ့ခွက်လေး ထိုးထည့်လိုက်တာနဲ့ သူ သောက်နေကျ ကော်ဖီခါးခါးတွေ တဒီးဒီးနဲ့ ခွက်ထဲကို ကျလာသည် ။ မွှေးပျံ့နေတဲ့ ကော်ဖီရနံ့ကို သူ ရလိုက်သည် ။ နေဗလ ကော်ဖီဆို ခါးမှ ကြိုက်သည် ။ သကြားနဲ့နို့ သူထည့်သောက်လေ့မရှိဘူး ။ နေဗလ ကော်ဖီကို အရသာခံသောက်ရင်း ဆိုင်ရဲ့အပြင်ကို လှမ်းကြည့်လိုက်သည် ။ ရဲအရာရှိတယောက်မို့ မျက်စိလျင် နားပါးသည် ။ ဆိုင်ရဲ့ အရှေ့မှာ တခုခု ဖြစ်နေသည် ဆိုတာကို သူသိလိုက်လို့ကြားလိုက်လို့ ကြည့်လိုက်တာ ။ သားရေအနက်ရောင် စကပ်တိုတိုလေးကို ၀တ်ထားတဲ့ ကောင်မလေးတယောက်ကို ကားနက်ကြီးတစီးပေါ်က ဆင်းလာတဲ့ လူတစုက ၀ိုင်းကာ နောက်ပြောင် ဗရုတ်ကျနေသည် ။ကောင်မလေးက ဆတ်ဆတ်ထိ မခံ ပြန်လှန် ရန်တွေ့နေသည် ။ စီးလာတဲ့ကားကြီးက တောက်ပလွန်းသ
လို ဒီလူတွေ ၀တ်စားထားတာတွေကလည်း ကားကြီးနဲ့အပြိုင် တောက်ပြောင်နေသည် ။ ကောင်မလေး မခံချင်အောင်ဘာတွေများ နောက်ပြောင်နေပါလိမ့် ။

အင်း..နောက်ပြောင်ဗရုတ်ကျရအောင် သကြီန် အချိန်အခါလည်း မဟုတ် ။ သန်းကောင်ကျော် ညအချိန် ။ မိန်းကလေးက သဘောမတူရင် မနှစ်မြို့ရင် အမှုကြီးပြီပေါ့..။

၂၀၃၀ခုနှစ် ကထဲက မိန်းမတွေကို အနိုင်အထက်လုပ်တာတွေကို တားဆီးဖို့ ဥပဒေအသစ်တွေ ထပ်မံ ပြဌာန်းခဲ့လို့တင်းတင်းကြပ်ကြပ် အရေးယူမှုတွေ ဆက်တိုက် လုပ်နေတဲ့အချိန် အခုလို လုပ်ရပ်တွေ လုပ်နေတာက ထူးဆန်းနေတယ် ။ မိဘ အရှိန်အ၀ါနဲ့များ ဥပဒေကို မထီမဲ့မြင် လုပ်လို့ ရမယ်လို့ ထင်နေကြသလား မသိပါဘူး ။ကော်ဖီဖိုးကို ထုတ်ပေးပေမယ့် ကောင်တာက စက်ရုပ်ဝန်ထမ်းက မယူဘူး ။

ကော်ဖီခွက်အလွတ်ကို အမှိုက်ခြင်းထဲကို ပစ်ထည့်လိုက်ပြီး နေဗလ ဆိုင်ထဲက ထွက်လိုက်သည် ။

“ ဘာဖြစ်နေကြတာလဲ....”

နေဗလရဲ့ အသံကြောင့် စော်လေးကို ၀ိုင်းပြီး ဆွဲလားရမ်းလား လုပ်နေကြတဲ့ ဘဲတအုပ် ခြာကနဲ လှည့်ကြည့်သည် ။ကားနက်ကြီးသည် တန်ဖိုးမြင့်လှတဲ့ အနောက်နိုင်ငံလုပ်ကားကြီး ဆိုတာ နေဗလ သိသည် ။ ဒီဘဲတအုပ်သည်လည်းချမ်းသာတဲ့ သူဌေးကြီးတွေရဲ့ သားတွေ တူတွေ ဖြစ်နိုင်သည် ။ ရွှေဆွဲကြိုး တုတ်တုတ်ကြီးတွေ လည်ပင်းမှာ ဆွဲထားသလို လက်တွေမှာလည်း ရွှေရောင် နာရီကြီးတွေ ပတ်ထားသည် ။

“ စက်ရုပ်ရဲ..ဘာလာရှုပ်နေပြန်တာလဲ...” သူတို့ထဲမှာ ဦးဆောင်သူလို့ ယူဆရတဲ့ အရပ်ပုပု ဘိုက်ပူပူနဲ့ လူက မျက်နှာထား တင်းတင်းနဲ့ အသံမာမာနဲ့ မေးလိုက်တယ် ။သူတို့ စက်ရုပ်ရဲနဲ့ ကြုံဖူးနေကျ ဖြစ်ဟန်တူသည် ။သူတို့ထဲက ဆံပင်ရွှေရောင်တွေ ဆိုးထားတဲ့ လူသေးသေးလေး က “ ဟေ့..စက်ရုပ်ရဲမဟုတ်ဘူး...ကိုဆန်နီ ...လူစစ်စစ်ရဲကြီး..”လို့ အသံညှောင်နာနာလေးနဲ့ ပြောလိုက်သည် ။ ကျန်တဲ့ လူတွေက တဟားဟား အော်ရယ်လိုက်ကြသည် ။ခေတ်ပြောင်းနေပေမယ့် စရိုက်တွေ အကျင့်တွေက ခေတ်ဟောင်းစနစ်ဟောင်းကလိုဘဲ ..ရှိနေသေးပါလား လို့ နေဗလ စဉ်းစားလိုက်မိသည် ။

“ ကိုယ့်လမ်းကို သွားကြကွာ..မိန်းကလေး ကို မနှောက်ယှက်ကြပါနဲ့ ...”

ကြီးသော အမှုကို ငယ်စေ..ငယ်သော အမှုကို ပပျောက်စေ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ နေဗလသည် အေးအေးဆေးဆေး ပြေလည်သွားစေချင်သည် ။ အမှုမလုပ်ချင်ဘူး ။ မင်း လမ်း မင်းသွား...ငါလဲ ဘာမှ အမှုမဖွင့်ဘူး ဆိုတာမျိုး လုပ်ချင်သည် ။

သည်အချိန်မှာ နေဗလရဲ့ ဦးထုပ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ ဖြစ်ပျက်နေတာများကို အစအဆုံး ဗီဒီယို ရိုက်ထားနေပြီ ဖြစ်သည် ။သူတို့ရဲ့ အနှောက်အယှက်ကို ခံနေရတဲ့ အနက်ရောင် သားရေစကပ်နဲ့ မိန်းကလေး က ” ကျမ မိန်းမကောင်းပါ ..သူတို့က ကျမကို -- ထင်ပြီး အတင်းဆွဲခေါ်နေကြတယ်ရှင့်..ကူညီပါ ရဲကြီးရယ် ...” လို့ ပြေးလာပြီး တိုင်တမ်းသည် ။

“ ကဲ..တိုင်တဲ့လူက တိုင်နေပြီ..ခင်ဗျားတို့ အေးအေးဆေးဆေး သွားကြဗျာ ….ကျုပ်လဲ အေးအေး နေပါရစေ ..သာယာတဲ့ ညချမ်း အချိန်မှာ ဘာလို့ အချင်းများကြမလဲ...”

နေဗလက မေတ္တာရပ်ခံနေပေမယ့် လူရမ်းကားတစုက နောက်ဆုတ်လို့ မသွားဘူး ။ နေဗလ ...ဌာနချုပ်ကို စက်နဲ့ခေါ်လိုက်ပြီ ။ လူရမ်းကားတွေက သူ့ကို ရန်ပြုဖို့ တိုးကပ်လာနေချိန်မှာဘဲ ခေါင်မိုးမှာ အနီအပြာမီးတန်းတွေနဲ့ ရဲကား နှစ်စီး သူတို့ဘေးကို ထိုးဆိုက်လာသည် ။ မြန်မာ့အကြီးစား စက်မှု လုပ်ငန်း နဲ့ ဟမ်းမား ကုမ္ပဏီက   ဖက်စပ် ထုတ်လုပ်လိုက်တဲ့ ဟန်းမားပုံစံသစ် “ မိချောင်း ” ရဲဂျစ်ကားများ ဖြစ်သည် ။ ရဲသားလေးယောက် မိချောင်းတွေပေါ်က ဆင်းလာသည် ။ လက်ထဲမှာ လျှပ်စစ်ဓါတ်အား လွှတ်ထုတ်နိုင်တဲ့ စတန်းဂန်းများကိုင်ဆောင်ထားကြသည် ။ လူရမ်းကားတစုသည် စတန်းဂန်းနဲ့ အပစ်ခံဘူးကြသူများမို့ နောက်ဆုတ်သွားကြသည် ။တဒန့်ဒန့်နဲ့ ဂန့်သွားမှာမို့ လန့်တာ ...။

လူရမ်းကားတွေက သူတို့ဟာ ဘယ်သူ ဘယ်ဝါရဲ့သားတွေပါလို့ ထုတ်ဖေါ်ပြောကြားကြပြီး သူတို့ကို ထိရင် ဘာဖြစ်မယ်..ညာဖြစ်မယ်..ဆိုတာတွေ မိုးတလုံး လေတလုံး ပြောဆိုကြသည် ။ ခေတ်တွေ စနစ်တွေ အခါခါ ပြောင်းခဲ့ပေမယ့် လူတွေက ဟိုးခေတ်ကလိုဘဲ ။ ရဲသားတွေက နဲနဲမှ ဂရုမစိုက် ။ အားလုံးကို
 လက်ထိပ်ခတ် ဖမ်းဆီး တင်ဆောင်သွားသည်  ။ ကာအိနြေ္ဒပျက်ပြားစေမှု..လက်ရောက်မှုတွေတင် မကဘဲ ၀တ္တရားနှောက်ယှက်မှု ..ခြိမ်းခြောက်မှုတွေပါ ထပ်တိုးသွားသည် ။

မြို့တော်တ၀ိုက် တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းသာယာရေးသည် သူတို့ရဲတွေရဲ့ တာဝန် ဖြစ်သည် ။
ယခုအခါ  ယခင်ခေတ်ကလို  ပြည်သူကမုန်းတီးခဲ့တာတွေ..မရှိတော့ ။ ပြည်သူကို အကာအကွယ်ပေးတဲ့ ပြည်သူ အားကိုးတဲ့...တကယ့် ပြည်သူ့ရဲစစ်စစ်တွေ ဖြစ်နေပြီ ။


လူမိုက်လူဆိုးတွေ မုန်းတာကို နေဗလတို့ လုံးဝ ဂရုမစိုက်ပါ ။ မုန်းချင်သလောက် မုန်းစမ်းပါစေ ..။ ပြည်သူတွေ မမုန်းဖို့ဘဲ အရေးကြီးသည် ။

Credit to :  ဆလံဘာဂျာ

No comments:

Post a Comment