ကမ္ဘာပေါ်မှာ
ရုပ်သေးအမျိုးမျိုးပေါ်ထွန်းခဲ့ပါတယ်။ နိုင်ငံတကာမှာ သူ့နိုင်ငံနဲ့
သူ့ရုပ်သေးဆိုသလို အရုပ်လေးတွေကို စွဲလမ်းနှစ်သက်ခဲ့ကြပါတယ်။ တကယ်တော့လဲ
လူတွေကျင်လည်လှုပ်ရှားခဲ့ကြတဲ့ လူ့ဇာတ်လမ်းတွေကို အရုပ်လေးတွေက
ထင်ဟပ်ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ကြပါတယ်။ လူ့ဇာတ်လမ်းတွေကို
လူကိုယ်တိုင် သရုပ်ဆောင်ချက်ကောင်းသလို အရုပ်လေးတွေရဲ့ သရုပ်ဆောင်ချက်ကလဲ
မနိမ့်ကျခဲ့ပါဘူး။ မြန်မာ့သဘင်ပညာမှာ လူကရင် အရုပ်နဲ့တူအောင် ကရသလို
အရုပ်ကရင်လဲ လူနဲ့တူအောင်က ကြရပါတယ်။ ဒါကိုကြည့်ရင် အရုပ်လေးတွေရဲ့
ပညာအစွမ်းကမနည်းပါဘူး။
ကမ္ဘာ့ရုပ်သေးလောကမှာ ရုပ်သေး လေးမျိုးရှိတယ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။
၁။ လက်လျှိုပြီး ကရတဲ့ ရုပ်သေး၂။ ကြိုးဆွဲရုပ်သေး
၃။ တုတ်ချောင်းလျှိုပြီး ကရတဲ့ရုပ်သေး
၎။ပိတ်ကားပေါ်အရုပ်ထင်အောင် နောက်မှမီးထိုးပြီးကရတဲ့အရိပ်ပြရုပ်သေးတို့ဖြစ်ပါတယ်။
မြန်မာ့ရုပ်သေးဟာ
ကြိုးဆွဲကရတဲ့ အရုပ်မျိုးဖြစ်ပါတယ်။ မြန်မာ့ရုပ်သေးမှာ အရုပ်ပေါင်း
၂၈မျိုးရှိတယ်လို့ သိရပါတယ်။ အဲဒီအရုပ်တွေကို အမျိုးအစားအလိုက် ရေ
တွက်လိုက်ရင် အောက်ပါအတိုင်း တွေ့ရပါတယ်။
၁။ ဗြဟ္မာရုပ် ၁၅။ ဘီလူးရုပ်၂။ သိကြားရုပ် ၁၆။ ဇော်ဂျီရုပ်
၃။ သမ္မာဒေဝနတ်ရုပ် ၁၇။ ကုမ္ဘာန်ရုပ်
၎။ နတ်ပျက်ရုပ် ၁၈။ ဂဠုန်ရုပ်
၅။ မျက်နှာနီရုပ် ၁၉။ နဂါးရုပ်
၆။ မင်းသားရုပ် ၂ဝ။ ကျားရုပ်
၇။ မင်းသားကြီးရုပ် ၂၁။ ဆင်ရုပ်
၈။ မင်းသမီးရုပ် ၂၂။ မြင်းရုပ်
၉။ လူပြက်ရုပ် ၂၃။ မျောက်ရုပ်
၁ဝ။ သံချိုကိုင်ရုပ် ၂၄။ အပျိုတော်ရုပ်
၁၁။ ရသေ့ရုပ် ၂၅။ ဝန်(အင်္ကျီစိမ်း)ရုပ်
၁၂။ အဘိုးကြီးရုပ် ၂၆။ ဝန်(အင်္ကျီနီ)ရုပ်
၁၃။ အဘွားကြီးရုပ် ၂၇။ ဝန်(အင်္ကျီနီဗောင်းမပါ)
၁၄။ သူငယ်တော်ရုပ် ၂၈။ ဝန်(အင်္ကျီစိမ်းဗောင်းမပါ) ဆိုပြီး အရုပ် ၂၈မျိုးတို့ဖြစ်ပါတယ်။
ရုပ်သေးရုပ်တွေကို လိုအပ်သလို အမှုမဲ့
အမှတ်မဲ့ထုလုပ်အသုံးပြုတာမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ
ကျမ်းဂန်အလာနဲ့ညီညွတ်အောင် ထုလုပ်အသုံးပြုတာဖြစ်ပါတယ်။
ပုဂံအနော်ရထာမင်းလက်ထက်က အဘိဓမ္မာတရား တော်လာ ဥပါဒါန်ရုပ် ၂၄ပါးနဲ့ ဘူတ ရုပ် ၄ ပါးပေါင်းပြီး ရုပ်သေးရုပ် စုစုပေါင်း
၂၈ရုပ်သတ်မှတ်ထားတာလို့ဆိုပါတယ်။ ဝန်ကြီးလေးပါးကတော့ ဘူတရုပ် လေးပါးကို
ရည်ရွယ်ထုလုပ်တာလို့ဆိုပါတယ်။
ဝန်ကြီး လေးပါးဆိုတာကတော့
ပထဝီဝန် ရုပ်။ အင်္ကျီစိမ်း၊ ဘောင်းဘီစိမ်း၊ မျက်နှာဖြူ
တေဇောဝန်ရုပ်။ အင်္ကျီနီ၊ ဘောင်းဘီနီ၊ မျက်နှာနီ
ဝါယောဝန်ရုပ်။ အင်္ကျီနီ (ဗောင်း မပါ)သျှောင်ထုံး ခေါင်း ပေါင်းဖြူ၊ မျက်နှာအနီ
အာပေါဝန်ရုပ်။ အင်္ကျီစိမ်း(ဗောင်းမပါ)သျှောင်ထုံးခေါင်းပေါင်း ဖြူ တို့ဖြစ်ပါတယ်။
အရုပ်တွေကို ယမနေသားနဲ့ထုလုပ်ကြပြီး ကြိုး ၁၇ကြိုးတပ် ပါတယ်။ ဦးခေါင်းမှ
ခြေထောက်ထိ ရှစ်ကြိုး ဝဲ၊ ယာ ၁၆ကြိုး ကုပ်ကြိုးပါ ပေါင်းလိုက်ရင် အားလုံး
၁၇ကြိုးရှိပါတယ်။
၁။ ခေါင်းကြိုး ၆။ ဒူးကြိုး၂။ ပခုံးကြိုး ၇။ ဖနောင့်ကြိုး
၃။ တံတောင်ဆစ်ကြိုး ၈။ ခြေဖျားကြိုး
၎။ လက်များကြိုး ၉။ ကုပ်ကြိုး
၅။ ခါးကြိုး
ကုပ်ကြိုးမှအပ ကျန်ရှိတဲ့
ကြိုးတွေအားလုံးကို ဝဲကြိုး၊ ယာကြိုး တပ်ရတဲ့အတွက် အရုပ်တစ်ရုပ်ကို
ကြိုးပေါင်း ၁၇ကြိုး တပ်ထား တာ ဖြစ်ပါတယ်။ ရုပ်သေးစင်မှာ တီးတဲ့ဆိုင်းကိုလဲ
အဓိပ္ပာယ်ရှိရှိ ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ သုံးဆယ့်တစ်ဘုံကို ရည်ရွယ်ပြီး
ဗုံ ၃၁လုံးရှိရပါတယ်။ အလယ်ဆိုင်းဝိုင်းထဲမှာ ဗုံ ၂၁လုံး၊
တခြားခြောက်လုံးပတ်ဝိုင်းမှာ ဗုံ ခြောက်လုံး၊ စခွန့်၊ စည်တို၊ ပတ်တော၊
ပတ်မကြီး၊ ပေါင်းရင် ဗုံ ၁ဝလုံးရှိတဲ့အတွက် ဆိုင်းဝိုင်းရော အပြင်က
ဗုံတွေအားလုံးပေါင်းရင် ဗုံ ၃၁လုံးဖြစ်ပါတယ်။ ဒါက ဘုံ ၃၁ဘုံကို
ရည်ညွှန်းတာပါ။ မြန်မာမင်းတွေလက်ထက်တော်က လူကိုယ်တိုင်ကတဲ့ ဇာတ်သဘင်ကို
အနိမ့်သဘင်လို့ခေါ်ပြီး ကြိုးဆွဲရုပ်သေး သဘင်ကို အမြင့်သဘင်လို့
ခေါ်ခဲ့ပါတယ်။ လူကတဲ့ အနိမ့်သဘင်ကတော့ မြေဝိုင်းသဘင်အဖြစ် ကပြရပါတယ်။ အမြင့်
သဘင်လို့ခေါ်တဲ့ ရုပ်သေးသဘင်ကတော့ စင်ထိုးပြီး စင်မြင့်ပေါ်မှာ ကရပါတယ်။
ရုပ်သေးသဘင်ကို ရှေးကဘယ်လိုကခဲ့ကြသလဲဆိုတာ အတိအကျမသိရပေမယ့် အင်းဝခေတ်နဲ့
ကုန်းဘောင်ခေတ် မှာတော့ တော်တော်ထွန်းကားလာတာကို တွေ့ရပါတယ်။
ကုန်းဘောင်ခေတ်မှာ လူကိုယ်တိုင်ကတဲ့ ဇာတ်တွေ ကို မြေဝိုင်းဇာတ် အဖြစ်သာ
ကကြရပြီး ရုပ်သေးသဘင်ကိုတော့ ဇာတ်စင်ထိုးကဖို့ အမိန့်တော်ထုတ်ပြန်
ချီးမြှင့်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်ကစပြီး အနိမ့်သဘင်နဲ့
အမြင့်သဘင်ဆိုပြီး ကွဲပြားလာတာဖြစ်ပါတယ်။ ရုပ်သေးအဖွဲ့တွေကို
နန်းတော်အတွင်းမှာ ကရတဲ့စင်တော်နဲ့ အများပြည်သူတို့ကြည့်ရှုရတဲ့
စင်တော်တွေရှိပါတယ်။ ဘုရင်မင်းမြတ် နှစ်သက်လို့ကောက်ယူတဲ့ စင်တော်တွေ ဟာ
နန်းတွင်းစင်တော်ဖြစ် လာပါတယ်။ အဲဒီစင်တွေဟာ ကျိုင်းတွေ၊ သိုင်းတွေ၊
စိုက်ခွင့်ရကြပါတယ်။
သိုင်းစိုက်ထူထားတဲ့ ရုပ်သေးစင်တွေကို လာရောက်ရမ်းကားသူ မှန်သမျှကို
ရုပ်စုံဆရာက သိုင်းကိုင်ပြီး ဟန့်တားနိုင်ပါတယ်။ နာခံမှု မရှိရင်
ရိုက်နှက်နှင်ထုတ်နိုင်ပါတယ်။ တကယ်လို့ ဆက်လက်စော်ကားနေမယ်ဆိုရင်
တရားနည်းလမ်း ထုံးတမ်းတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။
Writer : ရွှေရိုး(မန္တလေး)
No comments:
Post a Comment