Tuesday 2 February 2016

ကမ္ဘာ့ခေါင်းဆောင်တို့၏ နေအိမ်များ


 
(၁) ကရင်မလင် (ရုရှား)
ရုရှားနိုင်ငံ၊ မော်စကိုမြို့ တော်ရှိ ကရင်မလင်နန်းတော်သည် မော်စကို၏
အသည်းနှလုံးဟုလည်း ဆိုနိုင်သည်။
တောင်ဘက်တွင် မော့စ်ခ်ဗာမြစ်ကြီးကို စီးမိုးရှုမြင်နိုင်ပြီး၊ ခမ်းနားလှသော စိန့်ဘာဆေးလ်ဘုရားကျောင်းကြီးလည်းရှိသည်။ မော်စကိုသို့မရောက်ဖူးသော
အနောက်တိုင်းသားတို့က အဆိုပါဘုရားကျောင်းကြီးကို ကရင်မလင်နန်းတော်ဟု
မှတ်ထင်လေ့ရှိကြသည်။အရှေ့ ဘက်တွင် ရင်ပြင်နီ၊
 အနောက်ဘက်တွင် အလက်ဇန္ဒားဥယျာဉ်တို့ အသီးသီးရှိကြသည်။
ကရင်မလင်ရှိ အစောဆုံးတည်ဆောက်ခဲ့သော အဆောက်အဦမှာ မှတ်တမ်းမှတ်ရာများအရ အိုင်ဗန် ကာလီတာ၏ အမိန့်ဖြင့် ၁၃၂၀ ပြည့်လွန်နှစ်များနှင့် ၁၃၃၀ နှစ်များအတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။၁၄၇၅ ခုနှစ်၊ အလယ်ခေတ် ရုရှားနိုင်ငံသည် မင်းသား အိုင်ဗန် ၃ ၏ လက်အောက်တွင် တစည်းတလုံးတည်း ဖြစ်ခဲ့ကြသည်။အိုင်ဗန်မင်းသားသည် ရုရှားလူမျိုးအားလုံးတို့၏ မဟာမင်းသားဟု အမည်နာမခံယူခဲ့ပြီးနောက် ကရင်မလင်ကို ပြန်လည်ဆန်းသစ်တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။
မင်းသားအိုင်ဗန်သည် ကရင်မလင်ကို ပြန်လည်တည်ဆောက်ရန်အတွက် အီတလီမှ နာမည်ကျော်ဗိသုကာများဖြစ်သော ပီထရိုအန်တိုနီယို ဆိုလာရီနှင့် မာကိုရပ်ဖိုတို့ကို ဖိတ်ခေါ်ခဲ့သည်။
နပိုလီယံ၏တပ်များ ၁၈၁၂ ခုနှစ်အတွင်း ရုရှားနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရာတွင် ပြင်သစ်တပ်များသည် ကရင်မလင်ကို ၁၈၁၂ စက်တင်ဘာ ၂ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ သိမ်းပိုက်ထားခဲ့သည်။
နပိုလီယံသည် မော်စကိုစစ်မျက်နှာတွင် အရေးနိမ့်ပြီး ဆုတ်ခွာထွက်ပြေးရချိန်တွင် ကရင်မလင်ကို မီးတင်ရှို့ ရန် အမိန့်ပေးခဲ့သည်။အဆိုပါမီးကြောင့် ကရင်မလင်နန်းတော်ရှိ နံရံများ၊ မျှော်စင်များစွာ ပျက်စီးခဲ့ရသည်။
မီးလောင်ပေါက်ကွဲမှုများမှာ အောက်တိုဘာ ၂၁ မှ ၂၃ အထိ သုံးရက်ခန့်ဆက်တိုက် ကျွမ်းလောင်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မီးလောင်ပေါက်ကွဲမှုများ ရပ်တန့်သွားခဲ့ကာ ပိုမိုဆိုးရွားစွာ ပျက်စီးဆုံးရှုံးမှု မရှိခဲ့ရခြင်း ဖြစ်သည်။အဆိုပါဖြစ်ရပ်နောက်ပိုင်းတွင် ဆိုဗီယက်အစိုးရအဖွဲ့ကို ပီထရိုဂရက်မှ မော်စကို ၁၉၁၈ တွင် ပြန်လည် ရုံးထိုင်သည်။


 (၂)ပါလက်ခ် ပရီဇီဒန်ကီ (ပိုလန်) 
ပိုလန်နိုင်ငံ၊ ၀ါဆောမြို့ တော်ရှိ သမ္မတနန်းတော် ပါလက်ခ် ပရီဇီဒန်ကီသည် ဂန္ထ၀င်ခေတ်၏ နောက်ဆုံးလက်ရာဖြစ်ပြီး ၁၆၄၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ 
တည်ဆောက်ပြီးနောက်ပိုင်းတွင် ပုံစံသစ်ပြန်လည်ဆန်းသစ်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်။ နှစ်ပေါင်း ၁၇၅ နှစ်တာကာလအတွင်း အုပ်ချုပ်သူမိသားစုပေါင်းများစွာ နေထိုင်ခဲ့သော အများပြည်သူပိုင် အဆောက်အဦ တစ်ခု ဖြစ်၏။ ၁၇၉၁ ခုနှစ်တွင် ပိုလန်၏ မေ ၃ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဆိုပါအဆောက်အဦကြီးတွင် ရေးဆွဲခဲ့ကြသည်။ ယင်းအခြေခံဥပဒေသည် ဥရောပ၏ အစောဆုံးအခြေခံဥပဒေဖြစ်ပြီး ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယမြောက်အစောဆုံးလည်း ဖြစ်သည်။
 ဒုတိယကမ္ဘာစစ်အတွင်းတွင် အဆိုပါအဆောက်အဦသည် ဂျာမာန်တို့အခြေစိုက်ရာဖြစ်ခဲ့သည်။ စစ်ပြီးနောက်ပိုင်း ပိုလန်ဝန်ကြီးများကောင်စီ၏ ရုံးစိုက်ရာ ဖြစ်လာသည်။ ၁၉၉၄ ခုနှစ်၊ ဇူလိုင်တွင် ပိုလန်သမ္မတ၏ အိမ်တော်ဖြစ်လာခဲ့သည်။

 (၃)ပလာစီယို ဒို ပလာနယ်လ်တို (ဘရာဇီး) 
ဘရာဇီးအခေါ် “ပလာစီယို ဒို ပလာနယ်လ်တို” (ပလာတူး၏ နန်းတော်ဟု အဓိပ္ပာယ်ရ) သည် ဘရာဇီးသမ္မတ၏ ရုံးစိုက်ရာဖြစ်သည်။ ဘရာဇီးလီယာမြို့ တော်၊ ပရာကာ ဒို့စ်ထရက် ပိုဒီရက်စ်အရပ်တွင် တည်ရှိသည်။ အဆိုပါအဆောက်အဦကို တည်ဆောက်သည့် ဗိသုကာမှာ အော်စကာ နေမီယာဖြစ်သည်။ ၎င်းသည်ဘရာဇီးလီယာမြို့ တော်သစ်ရှိ အရေးပါထင်ရှားသည့် အဆောက်အဦအများအပြားကို ဒီဇိုင်းရေးဆွဲပေးခဲ့သူလည်း ဖြစ်သည်။
 နေမီယာသည် ဘရာဇီးသမ္မတနန်းတော်ကို ဆောက်လုပ်ရာတွင် ခေတ်မီမှု၊ ရိုးရှင်းမှုကို အခြေခံကာ ကော်လံများနှင့် အတွင်းပိုင်း ဖွဲ့စည်းမှုများကို ဆောက်လုပ်ခဲ့သည်။ နန်းတော်မှာ လေးထပ်အဆောက်အဦဖြစ်ပြီး စတုရန်း ၃၆၀၀၀ မီတာ အကျယ်အ၀န်းရှိသည်။

 (၄) သမ္မတနန်းတော် (ဗီယက်နမ်)
ဗီယက်နမ်သမ္မတနန်းတော်သည် ဗီယက်နမ်နိုင်ငံမြို့ တော်၊ ဟနွိုင်းတွင် တည်ရှိပြီး ၁၉၀၀ ပြည့်နှစ်မှ ၁၉၀၆ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အင်ဒိုချိုင်းနားဆိုင်ရာ ပြင်သစ်ဘုရင်ခံ အိမ်တော်အဖြစ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်ဗိသုကာပညာရှင် သြဂတ်စ်တီ ဟင်နရီ ဗီဒေါက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ကိုလိုနီခေတ်လက်ရာများ ထုံမွှမ်းထားသည်။
အဆိုပါနန်းတော် ဗီယက်နမ်တွင်တည်ရှိကြောင်း သတိပြုမိစေမည့် တစ်ခုတည်းသော သဲလွန်စမှာ နန်းတော်ဝန်းကျင်ရှိ သရက်ပင်များသာ ဖြစ်သည်။

၁၉၅၄ တွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဟိုချီမင်းက အဆိုပါအဆောက်အဦတွင် နေထိုင်ရန် ပယ်ချခဲ့ပြီး နန်းတော်ဘေးတွင် ဗီယက်နမ်ရိုးရာအိမ်ငယ်တစ်လုံး ဆောက်လုပ်နေထိုင်သည်။
နိုင်ငံတကာခေါင်းဆောင်များကိုမူ သမ္မတနန်းတော်တွင် လက်ခံတွေ့ဆုံခြင်း ပြုလုပ်သည်။
ယနေ့ကာလတွင် သမ္မတနန်းတော်သည် ဗီယက်နမ်၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး အစိုးရအဖွဲ့အစည်းအဝေးများ လက်ခံကျင်းပလျက်ရှိသည်။


(၅) ပလာဇို ဒဲလ် ကွာရီနေးလ် (အီတလီ)

အီတလီသမ္မတနန်းတော်ကို ၁၅၇၃ ခုနှစ်တွင် ပုပ်ဂရီဂိုရီ XIII က နွေရာသီစံအိမ်တော်အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး၏ လျှို့ ဝှက်ဆွေးနွေးပွဲများပြုလုပ်ရာနေရာအဖြစ်လည်း အသုံးပြုခဲ့သည့်အပြင် ပုပ်ရဟန်းမင်းကြီး၏ အိမ်တော်အဖြစ်လည်း အသုံးပြုခဲ့သည်။

၁၈၇၁ ခုနှစ်တွင် ရောမသည် အီတလီနိုင်ငံ၏ မြို့ တော်ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် အဆိုပါအဆောက်အဦသည် အီတလီဘုရင်တို့၏ နန်းတော်ဖြစ်ခဲ့ပြီး အီတလီနောက်ဆုံးဘုရင်ဖြစ်သည့် ဗစ်တာအီမန်နျူရယ် ၃ (အုပ်စိုးမှု-၁၉၀၀-၁၉၄၆) လက်ထက်အထိ 

 နန်းတော်အဖြစ်အသုံးပြုသွားခဲ့သည်။
၁၉၄၆ တွင် အီတလီ၌ ဘုရင်စနစ်ဖျက်သိမ်းပြီးနောက်ပိုင်း အဆိုပါအဆောက်အဦကို အီတလီသမ္မတနန်းတော်အဖြစ် အသုံးပြုခဲ့သည်။

 (၆) ဂရာဆယ်လ်ကိုဗစ်ခ်ျ နန်းတော် (ဆလိုဗက်ကီးယား)
ဂရာဆာလ်ကိုဗစ်ခ်ျ နန်းတော်သည် ဆလိုဗက်ကီးယားသမ္မတနေထိုင်ရာ နန်းတော်ဖြစ်သည်။
အဆောက်အဦကို နွေရာသီစံအိမ်အသွင်ဆောက်လုပ်ထားပြီး ပြင်သစ်ပန်းဥယျာဉ်တစ်ခု ပါဝင်သည်။

မြို့ စားကြီး အန်တယ်လ် ဂရာဆယ်လ်ကိုဗစ်ခ်ျနေထိုင်ရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမြို့ စားကြီးမှာ ဟန်ဂေရီဘုရင့်နိုင်ငံ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ၀န်ကြီးလည်း ဖြစ်၏။
ဗိသုကာပညာရှင် အန်တန်မေယာဟိုဖာက ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး လှပသောအခန်းပေါင်းများစွာပါဝင်ကာ ရင်သပ်ရှုမောဖွယ် လှေကားကြီးများလည်း ထည့်သွင်းဆောက်လုပ်ထားသည်။



(၇) ရပ်ရှ်ထရာပါတီ ဘာဗန် (အိန္ဒိယ)

ရပ်ရှ်ထရာပါတီ ဘာဗန်သည် အိန္ဒိယသမ္မတနေထိုင်ရာ နန်းတော်အဆောက်အဦဖြစ်ပြီး နယူးဒေလီမြို့ တွင်တည်ရှိသည်။
၁၉၅၀ခုနှစ်အထိ အဆိုပါအဆောက်အဦကို ဗိုက်စ်ရွိုင်းအိမ်တော်ဟု လူသိများပြီး အိန္ဒိယဘုရင်ခံအိမ်တော်အဖြစ် အသုံးပြုခဲ့သည်။
၁၉၁၁ ၊ ဒေလီဒါဘာနှစ်တွင် အိန္ဒိယနိုင်ငံမြို့ တော်ကို ကာလကတ္တားမှ နယူးဒေလီသို့ ပြောင်းရွှေ့ သင့်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ယင်းသို့ပြောင်းရွှေ့ ကြောင်း ကြေညာချက်ကို ဘုရင့် ဂျော့ ၅ က ၁၉၁၁၊ ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ စံအိမ်တော်ကို ဗြိတိသျှဗိသုကာပညာရှင် အက်ဒ်ဝင် လန်စီယာ လုဒ်ယန်းစ်က ဂန္ထ၀င်နှင့် အိန္ဒိယရိုးရာအသွင်များ ပေါင်းစပ်တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

 
 (၈) ရှလော့စ် ဘဲလု (ဂျာမနီ)
ရှလော့စ် ဘဲလုသည် ဂျာမနီသမ္မတစံအိမ်တော်ဖြစ်ပြီး ဘာလင်မြို့ လယ်တွင် တည်ရှိသည်။
မြောက်ဘက်တွင် တိုင်ယာဂါတန် ပန်းခြံရှိပြီး ဘေးကပ်လျက်တွင် ဘာလင်အောင်နိုင်မှုကျောက်တိုင် တည်ရှိသည်။

အဆိုပါအဆောက်အဦကို ၁၉၉၄ ခုနှစ်မှစပြီး ဂျာမနီသမ္မတအိမ်တော်အဖြစ် အသုံးပြုခဲ့သည်။
ယင်းအိမ်တော်ကို ၁၇၈၆ ခုနှစ်တွင် ပရပ်ရှားမင်းသား ဖာဒီနန်က ဆောက်လုပ်ခဲ့သည်။
နွေရာသီစံအိမ်တော်အဖြစ် ဗိသုကာပညာရှင် ဖိလစ်ဒင်နီယယ်လ်ဘိုးမင်းက ပုံဖော်ဆောက်လုပ်ခဲ့ခြင်းဖြစ်၏။

စံအိမ်တော်ကို ဟက်တာ ၂၀ ကျယ်ဝန်းသော ပန်းခြံက ၀န်းရံထားသည်။
၁၉၁၈ ခုနှစ်အထိ ဂျာမနီမင်းသား၏ စံအိမ်တော်အဖြစ် အသုံးပြုခဲ့သည်။
ပြင်သစ်-ပရပ်ရှား စစ်ပြေငြိမ်းရေးစာချုပ်ကို အဆိုပါစံအိမ်တော်တွင် ၁၈၇၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် ချုပ်ဆိုခဲ့သည်။

၁၉၃၀ ပြည့်လွန်နှစ်ကာလများအတွင်း အဆိုပါစံအိမ်ကို ပြတိုက်အဖြစ်အသုံးပြုခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးလုနီးကာလ၊ ၁၉၄၅ ခုနှစ် မေလအတွင်း ယင်းစံအိမ်ကြီးပျက်စီးခဲ့ရသည်။
၁၉၅၀ ပြည့်လွန်ကာလများတွင် ပြန်လည်ပြုပြင်ခဲ့ပြီး ၁၉၅၇ တွင် ဂျာမနီသမ္မတအိမ်တော်အဖြစ် အသုံးပြုသည်။



(၉) အိမ်ဖြူတော် (အမေရိကန်ပြည်ထောင်စု)

အိမ်ဖြူတော်တည်ဆောက်ရန် ဗိသုကာပညာရှင်အများအပြား ၀င်ရောက်ရွေးချယ်ခံခဲ့ကြပြီး သောမတ်စ် ဂျက်ဖာဆင်သည်ပင်လျှင် အမည်နာမ မဖော်ပြဘဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အိမ်ဖြူတော်၏ ပထမထပ်နှင့် ဒုတိယထပ်များမှာ အိုင်ယာလန်ပါလီမန်အဖြစ်လက်ရှိ အသုံးပြုနေသော အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့ ရှိ လန်စတာဟောက်စ်၏ ပထမထပ်နှင့် ဒုတိယထပ်များကို စံပြုတည်ဆောက်ထားသည်ဟု ဆိုသည်။
၁၇၉၂ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် အိမ်ဖြူတော်ကို စတင်အုတ်မြစ်ချခဲ့သည်။
အောက်ခြေဖောင်ဒေးရှင်းများကို ငွေဝယ်ကျွန်များဖြင့် ဆောက်လုပ်ခဲ့ပြီး ရှစ်နှစ်တာအချိန်ယူဆောက်လုပ်ခဲ့ရသည်။

ထိုစဉ်က ဆောက်လုပ်မှုကုန်ကျစရိတ် ကန်ဒေါ်လာ ၂၃၂၃၇၁ ဒေါ်လာ ကုန်ကျခဲ့သည်ဟု ဆိုသည်။
၁၈၀၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁ ရက်တွင် ဆောက်လုပ်မှု အပြီးသတ်ခဲ့သည်။



 Credit: ဖိုးသူတော် (www.phothutaw.com)

No comments:

Post a Comment