Saturday 17 October 2015

အသက်ကြီးပေမယ့် မှတ်ဥာဏ်မပျက်စီးလေရအောင်


 
အသက်လေးရလာတဲ့အမျှမှတ်ဥာဏ်မကောင်းတော့တာ၊ မေ့တတ်တာမျိုးဟာလူတိုင်းကြုံတွေ့ရတဲ့ ပြဿနာတခုပါ။ ပြောမယ့်စကားလုံးကို ပါးစပ်ဖျားလေးတင်မေ့နေတာ၊ သော့ကိုဘယ်နားချထားခဲ့မှန်း မသိတော့တာမျိုးတွေ ပိုပြီးကြုံတွေ့လာကြရပါတယ်။ မရှောင်လွှဲနိုင်တဲ့ကိစ္စဆိုပေမယ့် ဒီအတိုင်း လက်မြှောက်အရှုံးပေးစရာမလိုပါဘူး။ အသက်ကြီးပေမယ့်မှတ်ဥာဏ်တွေမပျက်စီးစေဖို့၊မှတ်ဥာဏ်ချို့ယွင်းမှုနည်းစေဖို့လုပ်ဆောင်နိုင်တာတွေကို အောက်ပါအတိုင်း တင်ပြလိုက်ရပါတယ်။

၁။လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာဟာမှတ်ဥာဏ်ကောင်းစေဖို့နဲပုံမှန်အတိုင်းစဉ်းစားတွေးခေါ်နိုင်အောင် ထိန်းသိမ်းပေးရာမှာအကျိုးပြုတယ်ဆိုတာသက်သေပြပြီးဖြစ်ပါတယ်။အကောင်းဆုံးကတော့ နေ့စဉ်နာရီဝက်လောက် လမ်းလျှောက်ပေးတာပါပဲ။
     လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မှတ်ဥာဏ်ထိခိုက်စေမယ့် အခြေအနေတွေ မဖြစ်အောင်လဲကာကွယ်နိုင်ပါ တယ်။ သွေးတိုး၊ဆီးချို၊ သွေးကြောထဲအဆီများတာ၊အဝလွန်တာ၊ လေဖြတ်တာတွေဟာ မှတ်ဥာဏ်ကိုချို့ယွင်းထိခိုက်စေတဲ့ ရောဂါတွေနဲ့အခြေအနေတွေ ဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ဦးနှောက်အာရုံကြောတွေကိုအကျိုးပြုတဲ့ ဘီဒီအန်အက်ဖ်(BDNF) ပရိုတင်းတွေပိုမိုထွက်စေတယ်လို့ သုတေသနအချို့က ဆိုပါတယ်။

၂။အစားအသောက်ဂရုစိုက်ပါ
ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာကသာဦးနှောက်အတွက်အကောင်းဆုံးဖြစ်ပါတယ်။အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များများစားတာ၊အနီရောင်အသားထက်ငါးကိုပိုစားတာ၊ သံလွင်ဆီသုံးတာတွေကမှတ်ဥာဏ်ကိုထိန်းသိမ်းနိုင်ဖို့အထူးအကျိုးပြုပါလိမ့်မယ်။ သတိမေ့တတ်တာ၊ အကျိုးနဲ့အကြောင်းနဲ့ မစဉ်းစားနိုင်တော့တာတွေ အနည်းဆုံး ၂၀%လောက် လျော့နည်းသွားနိုင်တယ်လို့ ဆိုပါတယ်။

၃။ဦးနှောက်ကိုလဲခိုင်းပေးပါ
 ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်သလိုပဲစိတ်ကိုလဲ လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်။ စာဖတ်ဝါသနာပါရင် ကိုယ်နဲ့အကြိုက်တူသူတွေနဲ့စာအုပ်တွေအကြောင်းဆွေးနွေးပြောဆိုတာ၊စာဖတ်ဝိုင်းဖွဲ့တာ၊ အပေါင်းအသင်းတွေနဲ့အတူတူဘောလုံးပွဲကြည့်တာ၊ ရလဒ်အပေါ်ကို ဆွေးနွေးငြင်းခုံတာမျိုးတွေ လုပ်သင့်ပါတယ်။ လက်နှိပ်မြန်ဖို့လိုတာမျိုးမဟုက်ပဲစဉ်းစားပြီးမှဆော့ရတဲ့ဂိမ်းမျိုးကိုလဲမိုဘိုင်းဖုန်းနဲ့ ဆော့တာမျိုးမကြာခဏ လုပ်သင့်ပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် အပျော်သဘောမျိုး ပိုကာဒေါင်းတာကလဲ ဦးနှောက်ကိုလေ့ကျင့်ခန်း လုပ်ခိုင်းတာမျိုးပါပဲ။စဉ်းစားပြီးမှလုပ်ဖို့လိုတဲ့၊စိန်ခေါ်မှုရှိတဲ့အရာတွေကိုလုပ်ပေးခြင်းဖြင့်ဦးနှောက်စွမ်းရည် ထက်မြတ်လာမှာ ဖြစ်ပါတယ်။

၎။တယောက်တည်းမနေပါနဲ့
  အသက်ကြီးလာတာနဲ့အမျှအများစုကစီးပွားရှာတာလဲမလုပ်ကြတော့အိမ်မှာပဲအနေများတတ်ကြပါတယ်။ ကိုယ့်ရဲ့လူမှုအသိုင်းအဝန်းကတဖြည်းဖြည်းကျဉ်းလာတတ်ပါတယ်။တကယ်တမ်းကတော့ အပေါင်းအသင်းအဆက်အသွယ်များ လေလေမှတ်ဥာဏ်နဲ့ဦးနှောက်စွမ်းရည်ကောင်းလေလေပါပဲ။ လူတယောက်နဲ့တယောက်အပြန်အလှန်ဆက်ဆံရာကနေဖြစ်ပေါ်လာတဲ့ ခံစားမှုတွေကမှတ်ဥာဏ်ကိုပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင်တယောက်တည်းနေရင်ပိုပြီးစိတ်ကျရောဂါဖြစ်တတ်ပါတယ်။စိတ်ကျရောဂါကလဲမှတ်ဥာဏ်ချို့ယွင်းစေတဲ့ အကြောင်းအရင်းတခုပါ။

၅။အိပ်ရေးဝအောင်အိပ်ပါ
ညမှာအိပ်ရေးဝဝနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်မှသာအာရုံစူးစိုက်မှုကောင်းပြီးသတိတွေကောင်းမှာဖြစ်ပါတယ်။ ညမှာခဏတိုင်းနိုးနေပြီးအိပ်ရေးမဝရင်တော့ထိုင်းမှိုင်းနေပြီးတခုခုကိုစဉ်းစားရင်တောင်မှတ်မိအောင် မနည်းကိုစဉ်းစားနေရတတ်ပါတယ်။

၆။စိတ်ဖိစီးမှုမရှိအောင် နေပါ
စိတ်ဖိစီးနေရင်ဦးနှောက်ရဲ့စွမ်းရည်ကိုပြည့်ပြည့်ဝဝမသုံးနိုင်တော့ပါဘူး။စိတ်ဖိစီးတဲ့အချိန်မှာထွက်လာတဲ့
 ကော်ဆီဆောဟော်မုန်းများလာရင်ဦးနှောက်ထဲမှာမှတ်သားထားတာတွေကိုပြန်မှတ်မိအောင်စဉ်းစားဖို့ ပိုခက်သွားပါတယ်။ 

ဇရာကိုအန်တုပြီး သတိကောင်းကောင်းနဲ့ ဘဝရဲ့နေဝင်ချိန်များကို ဖြတ်သန်းနိုင်ကြပါစေ။

No comments:

Post a Comment