Friday 9 October 2015

ခိုးမှုကံ (အဒိန္နာဒါနာကံ)

 http://www.thebuddhism.net/wp-content/uploads/2013/04/555995_594212327261612_995000208_n.jpg
အရေအတွက် ငါးပါးရှိသော ကြောင့် ငါးပါးသီလဟု ခေါ်နေ သော်လည်း မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် တားမြစ်အပ် သော သီလဖြစ်၍ ဝါရိတ္တသီလ (တားမြစ်အပ်သော၊ ပယ်အပ်သောအမှုကို မပြုခြင်း၊ ရှောင်ကြဉ်ခြင်းသီလ)၊ ကျင့်သုံးအပ်၊ ကျင့်သုံးသင့်၊ ကျင့်သုံးထိုက်သော ကြောင့် သိက္ခာပဒသီလအဖြစ် ဗုဒ္ဓ ဘာသာဝင်များ စွဲမှတ်ထားခဲ့ကြပါ သည်။ ထိုငါးပါးသီလထဲတွင် ဒုတိယမြောက် အဒိန္နာဒါန (အဒိန္န+အာဒါန)ကံဆိုသည်မှာ ပိုင်ရှင် ကြည်ကြည်ဖြူဖြူ မပေးသော၊ သိမ်းဆည်းထားသော ပစ္စည်းကို ယူခြင်း၊ ခိုးခြင်း၊ ဝှက်ခြင်း၊ လု ယက်ခြင်းဟု အဓိပ္ပာယ်ရပါသည်။ ပိုင်ရှင်ဆိုသော စကားရပ်ပါနေ သောကြောင့် ပြည်သူပိုင်ပစ္စည်း၊ အများပိုင်ပစ္စည်းတို့ကို ပိုင်ရှင်မဲ့ဟု ထင်မှတ်မှားနေသူများ ဒုနဲ့ဒေးရှိ နေပေသည်။ ပိုင်ဆိုင်မှု နှစ်မျိုးရှိပါ သည်။

ပုဂ္ဂလိက (တစ်ဦးတည်းပိုင်ဆိုင်မှု)နှင့် သံဃိက (အများပိုင် ဆိုင်မှု)ဟု နှစ်မျိုးရှိသည်။ ပြည်သူပိုင်ပစ္စည်းသည် အများပိုင်ပစ္စည်းထဲတွင် ပါဝင်ပါသည်။ နောက် ထပ်ပိုင်ရှင်ဆိုသည့် နေရာတွင် တိရစ္ဆာန်လည်း ပါဝင်ပါသည်။ တိရစ္ဆာန်များ ဥထားသော ဥများ ကို ယူငင်ခြင်း၊ ပျားကောင်လေးများ စုဆောင်းထားသော ပန်းဝတ် ရည် (ပျားရည်)တို့ကို ဖွတ်ခြင်းလည်း အကျုံးဝင်ပါသည်။

ခိုးမှုကံ (အဒိန္နာဒါနာကံ) မြောက်ရန် အင်္ဂါငါးပါးလိုအပ်ပါသည်။ ယင်းတို့မှာ (၁) သူတစ်ပါး ဥစ္စာဖြစ်ခြင်း (ပရသန္တက)၊ (၂) သူတစ်ပါးဥစ္စာဟု မှတ်ထင်ခြင်း (တထာသညာ)၊ (၃) ခိုးလိုသော စိတ်ရှိခြင်း (ထေယျစိတ္တ)၊ (၄) ခိုးရန်လုံ့လပြုခြင်း (ဥပက္ကမ)၊ (၅) ထိုလုံ့လဖြင့် ခိုးခြင်း (တေနဟာရ) တို့ဖြစ်သည်။ ထိုငါးပါးနှင့်အညီ ယူ၊ ဝှက်၊ လုယက်လျှင် ခိုးမှု မြောက်ပါသည်။

သူတစ်ပါးပစ္စည်းခိုးယူပုံ ၂၅ ပါးရှိသလို ခိုးပုံခိုးနည်း၊ ခိုးယူသည့်ပစ္စည်း၊ ကာလ၊ ဒေသအလိုက် အခြေအနေအရ ကွဲပြားခြားနားမှု များရှိပါသည်။ ခိုးမှုမြောက်သွား ခြင်းလည်း ကွဲပြားသွားပါသည်။ စာမျက်နှာငဲ့ပြီး အတိုချုံးတင်ပြရ လျှင်-

၁။ အာဒိနယ- ကျောင်း၊ အိမ်၊ မြေ၊ ခြံ စသည်တို့ကို လိမ်ညာသောနည်းဖြင့် တရားဆင်ကာ စွဲဆိုခိုးယူခြင်းမျိုး၊ ပိုင်ရှင်က စိတ်လျှော့ (ငါ့ပစ္စည်းဆုံးပါပြီ)ဟု ဝန်ချလိုက်လျှင် ခိုးမှုမြောက်သည်။
 ၂။ ဟရဏ- သယ်ပိုးထမ်းဆောင်လာသော သူ့ပစ္စည်းကို ကိုယ့်ဥစ္စာ ဖြစ်အောင် ပြောဆိုစွပ်စွဲ၍ ထမ်းဆောင်လာသော သူ၏ ကိုယ်ပေါ်မှ ကျစေလျက် ခိုးယူခြင်းမျိုး၊ သူ့ ကိုယ်ပေါ်မှ ချလိုက်သည်နှင့် ခိုးမှု မြောက်သည်။
၃။ အဝဟရဏ- သူတစ်ပါးခေတ္တ အပ်နှံထားသော သူပိုင်ဥစ္စာ ဘဏ္ဍာကို မအပ်ပါဟူ၍လည်းကောင်း၊ ငါ့ဥစ္စာဖြစ်သည့် ငါ့ဟာ ပြန်မပေးနိုင်တော့ဘူးဟုလည်းကောင်း လိမ်ညာပြောဆိုလျက် ခိုးယူခြင်းမျိုး၊ ပိုင်ရှင်စိတ်လျှော့ (ငါ့ပစ္စည်းဆုံးပါပြီ) ဝန်ချသည်နှင့် ခိုးမှုမြောက်သည်။
၎။ ဣရိယာပထဝိကောပန- ထမ်းပိုးဆောင်ရွက်လာသော သူတစ် ပါးဥစ္စာကို ထမ်းဆောင်လာသူနှင့် တကွ ထမ်းလာသည့် ဥစ္စာကိုပါ ခိုးယူလိုသောအကြံဖြင့် ပစ္စည်းရော လူပါ ခိုးယူခြင်းမျိုး။ ပိုင်ရှင် စိတ်လျှော့ပြီး ဒုတိယခြေလှမ်းကြွ သည်နှင့် ခိုးမှုမြောက်သည်။
၅။ ဌာနာစဝန- သူချထားသော ပစ္စည်းဥစ္စာကို ခိုးယူလိုစိတ်ဖြင့် မူလနေရာမှရွေ့အောင်၊ ကြွ အောင်လုပ်ခြင်းမျိုး၊ ရွေ့သည်၊ ကြွသည်နှင့် ခိုးမှုမြောက်တော့၏။ နာနာဘဏ္ဍ ပဉ္စက- ပိုင်ရှင်မပေးသော သက်ရှိသက်မဲ့ပစ္စည်း ဘဏ္ဍာ အမျိုးမျိုးတို့ကို အထက်ပါ နည်းအတိုင်း ခိုးယူခြင်းငါးမျိုးဖြစ် သည်။
၆။ အာဒိနယ- ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ခြံ စသည်တို့ကို လိမ်ညာသောနည်းဖြင့် တရား ဆင်ကာ စွဲဆိုခိုးယူခြင်းမျိုး၊ ပိုင် ရှင်က စိတ်လျှော့ဝန်ချလိုက်လျှင် ခိုးမှုမြောက်သည်။
 မှတ်ချက်- ၁ မှ ၅ အထိ ခိုးယူခြင်းသည် သက် ရှိ၊ သက်မဲ့နှစ်ရပ်စလုံး ခိုးယူခြင်း ဖြစ်ပြီး ၆ မှ ၁၀ အထိသည် သက် ရှိများကိုသာ ခိုးယူခြင်းဖြစ်သည်။ အပြစ်နှင့် အကျိုးသက်ရောက် ခြင်းမှာ ၁ မှ ၅ ကဲ့သို့ အတူတူပင် ဖြစ်သည်။
၁၁။ သာဟတ္ထိက- မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက်ခိုးယူခြင်းမျိုး။
၁၂။ အာဏတ္ထိက- ဤသူ၏ ဘဏ္ဍာကို သွားခိုးချေဟု စေခိုင်း ခြင်းမျိုး။
၁၃။ နိဿဂ္ဂိယ- ကင်းခွန် အ ကောက်တော်စသည် မပေးရ အောင် ဤဘက်နယ်ခြားမှ ထို ဘက်နယ်မြေသို့ကျအောင် ပစ္စည်းဥစ္စာကို ပစ်သွင်း၍ (သို့မဟုတ်) တစ်နည်းနည်းဖြင့် ကြံဆ၍ ခိုးယူသွားခြင်းမျိုး။
၁၄။ အတ္ထ သာဓက- ထိုသူ၏ ဘဏ္ဍာကို အခွင့်သာတဲ့အခါ စွမ်း နိုင်တဲ့အခါကိုစောင့်ပြီး ခိုးယူလိုက် ရမည်ဟု စေခိုင်းထားလျက် ခိုးယူစေခြင်းမျိုး။
၁၅။ ဓုရ နိက္ခေပ- တရား၌စွဲ၍ယူ ခြင်း၊ လိမ်ညာလှည့်ပတ်၍ ယူခြင်း၌ ဥစ္စာပိုင်ရှင်က ငါတော့ရှုံးပါပြီ။ ငါ့ဥစ္စာတော့ မရတော့ပါဘူးဟု ဝန်ချလိုက်လျှင် ခိုးမှုမြောက်သည်။ သာဟတ္ထိက ပဉ္စက- သက်မဲ့ဖြစ်သော အဝိညာဏကပစ္စည်းကို ပိုင်ရှင်မပေးဘဲ အထက်ပါ ငါးနည်း ဖြင်း ခိုးယူခြင်း။
၁၆။ ပုဗ္ဗ ပယောဂ- မခိုးမီက ခိုးမှု ဖြစ်ခြင်း၊ သူတစ်ပါးအား အခိုးခိုင်း ခြင်း၊ လုယက်ခိုင်းခြင်းသည် ခိုင်း သူအတွက် ရှေးဦးမစွကပင် ခိုးမှု ဖြစ်သည်။
၁၇။ သဟပယောဂ- လယ်မြေ၊ ခြံ မြေ စသည်ကို နယ်ခြားမှတ်တိုင် ငုတ် စသည်ကို နုတ်၍ အခြားသူ၏ လယ်၊ ကန်သင်းရိုးဘက်သို့ ရွှေ့ ပြောင်းစိုက်နှက်ခိုးယူခြင်း၊ လမ်း မြေဘက်သို့ ခြံစည်းရိုးတိုးချဲ့ခြင်း မျိုး။
၁၈။ သံဝိဓါ ဝဟာရ- အချင်းချင်း စုပေါင်းတိုင်ပင်၍ ခိုးယူခြင်းမျိုး၊ တိုင်ပင်စဉ်အခါက သဘောတူ ပါဝင်သူသည် ခိုးသောအချိန်၌ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ခိုးမှုမြောက်သည်။
၁၉။ သင်္ကေတ ကမ္မ- အချိန်ကာလ နာရီအပိုင်းအခြား မှတ်သားချိန်းချက်လျက် ဤမည်သော ဘဏ္ဍာကို ခိုးယူတော့ဟု ခိုးခိုင်းခြင်းမျိုး၊ သူပေးသော အချိန်နှင့် ပစ္စည်းအ တိုင်း ခိုးယူသော် ခိုးမှုမြောက် သည်။ အချိန်မှားလျှင် ခိုးသူသာ အပြစ်ဖြစ်၍ ခိုင်းသူမှာ အပြစ် မဖြစ်ချေ။
၂၀။ နိမိတ္တကမ္မ- မျက်စိမှိတ်ခြင်း၊ လက်မြှောက်ခြင်း စသောအမှတ် နိမိတ်သင်္ကေတတစ်ခုခုထား၍ ခိုးခိုင်းခြင်းမျိုး၊ နိမိတ်ပြုလိုက် သည်နှင့် တစ်ပြိုင်နက် ခိုးယူလိုက် လျှင် ပြသူသည် ချက်ချင်းခိုးမှု မြောက်သည်။
၂၁။ ထေယျာ ဝဟာရ- ပစ္စည်း ရှင်မသိအောင် ဖောက်ထွင်းခိုးယူ ခြင်း၊ ခါးပိုက်နှိုက်ခြင်း၊ ငွေစက္ကူ အတုလုပ်ခြင်း၊ ရွှေတုလုပ်ခြင်း။ အမြတ်တော်ကြေးသက်သာ အောင် ငွေစာရင်းလိမ်လည်ပြု ခြင်း၊ စရိတ်ပိုတင်ကာ ကုန်ကျ စရိတ် ပိုမိုထုတ်ယူခြင်း။ ရဟန်း မဟုတ်ဘဲ သင်္ကန်းဝတ်အလှူခံ ခြင်း စသည်တို့ဖြစ်သည်။
၂၂။ ပသယှာဝဟာရ- နိုင်ထက် စီးနင်းပြု၍ ယူခြင်း၊ ဓားပြတိုက် ယူခြင်း၊ ပုန်ကန် ထကြွ၍ ယူခြင်း၊ မင်းစိုးရာဇာတို့သည် ရသင့်သော အခွင့်ထက် အာဏာပြ၍ ပိုမို ကောက်ခံခြင်း၊ မဲမပေးမနေရ ခိုင်းစေခြင်း။
၂၃။ ပရိကပ္ပါဝဟာရ- ကြံစည် ပိုင်းခြား သတ်မှတ်ခိုးယူခြင်းတွင်-
(က) ဘဏ္ဍာပရိကပ္ပါ (ခေါ်) အထည်အလိပ်ကိုသာ ယူအံ့ဟု ကြံ စည်လျက် အခန်းတွင်းသို့ ဝင်သွားပြီး မှောင်ထဲ၌ အထုပ်ကြီးကို ထမ်းယူလာလျက် ကြည့်သောအခါ အထည်မဟုတ်ဘဲ ချည်ခင်တွေ ဖြစ်နေလျှင် ခိုးမှုမမြောက်၊ အထည်လိပ်ဖြစ်ပါက ခိုးမှုမြောက်သည်။
(ခ) ဩကာသပရိကပ္ပ (ခေါ်) အရပ်ဖြင့် ပိုင်းခြားကြံစည်၍ ခိုး ခြင်းကား ဤခြံဝင်းအတွင်း၌ ငါ့ကို တွေ့မြင်ပါမူ ဤပစ္စည်းဥစ္စာကို ဤခြံဝင်းအတွင်း၌ လှည့်လည်ရင်း ကြည့်ရှုရန် ကိုင်လာသယောင် ဆောင်၍ ပြန်ပေးလိုက်အံ့၊ အ ကယ်၍ တစ်စုံတစ်ယောက်နှင့်မှ မတွေ့ရပါမူ ခိုးယူသွားအံ့ဟူသော အကြံဖြင့် ခိုးယူခြင်းမျိုး။ အပိုင်းအခြားလွန်သည်နှင့် ခိုးမှုမြောက်သည်။
၂၄။ ပဋိစ္ဆန္နဝဟာရ- ပန်းခြံ ရေချိုး ဆိပ် စသည်တို့၌ သူတစ်ပါးချွတ် ချထားသော ပစ္စည်းကို ခိုးလိုစိတ် နှင့် နောက်မှ ယူအံ့ဟု ကြံလျက် မြေမှုန့် မြက်မှိုက် စသည်တို့ဖြင့် ဖုံးအုပ်ထားပြီး ပိုင်ရှင်အလစ်မှာ လာယူခြင်းမျိုး။
၂၅။ ကုသာ ဝဟာရ- မဲလိပ်၊ စာရေးတံ စသည်တို့ကို မိမိသို့အကောင်း ရရန် ကြံစည်လျက် အမျိုးမျိုးသော နည်းပရိယာယ်မျိုးစုံဖြင့် ခိုးယူခြင်း မျိုး။

ခိုးခြင်း ပယောဂမျိုး ၆-ပါး။ (၁) သ ဟတ္ထိက- ကိုယ်တိုင်ခိုး ခြင်း၊ (၂) အာဏတ္တိက- စေခိုင်း ၍ ခိုးခြင်း၊ (၃) နိသဂ္ဂိက- နေရာ ရွှေ့ပြောင်းပစ်လွှင့်ခိုးခြင်း၊ (၄) ထာဝရ- တင်းတောင်းလိမ်ချိန် ခွင်လိမ် စသည်ပြု၍ ခိုးခြင်း၊ (၅) ဝိဇ္ဇာမယ- အမေ့အဟန့် စသော အတတ်ပညာဖြင့် ခိုးခြင်း၊ (၆) ဣဒ္ဓိမယ- တန်ခိုးဖြင့် ခိုးခြင်း။

မဲစာရင်းများ မှောက်မှား ခြင်း၊ အခြားသောနည်းများဖြင့် မဲလိမ်လည်ယူခြင်းသည် အဒိန္နဒါ နကံမြောက်၊ မမြောက်ကို စာဖတ် သူ ဖတ်နေရင်းပင် ဤအချက်ဖြင့် ငြိသည်၊ ဟောနောက်တစ်ချက်ငြိ ပြန်ပြီ စသည်ဖြင့် မျက်ဝါးထင်ထင် တွေ့လိမ့်မည်ဟု ယုံကြည်ပါ သည်။ မဲစာရင်းသာမက လယ်ယာမြေ သိမ်းယူခြင်းများ၊ နိုင်ငံတော်ကို အမြတ်ခွန်ရှောင်ခြင်းများ၊ ငွေကြေးခဝါချမှုများသည် လည်း အဒိန္နကံထိုက်ကြောင်း စာဖတ်သူကိုယ်တိုင် ကွက်ကွက်ကွင်းကွင်း သိရှိလိမ့်မည်ဟုလည်း ယုံ ကြည်ပါသည်။ စာရေးသူမှ ဆုံးဖြတ်ပေးစရာမလိုဘဲ မိမိကိုယ် တိုင် ဆုံးဖြတ်နိုင်ကြသလို မိမိပြု လုပ်သော အမှုကိစ္စများသည်လည်း ဤအချက် ၂၅ မျိုးထဲက တစ် ချက်ချက်နှင့် ငြိနေပါပြီကောဟု အချိန်မီသတိရလျက် ဆင်ခြင်နိုင်ပြီး သီလမြဲကြပါစေဟု ဆန္ဒပြု လိုက်ပါသည်။။
7day daily

No comments:

Post a Comment