Saturday 16 April 2016

YSX စတော့အိတ်ချိန်းမှာ ဘယ်လိုရင်းနှီးမြှုပ်နှံမှာလဲ

 http://gdb.voanews.com/F284F846-C673-4765-A290-B8A4EC9CB653_cx0_cy7_cw0_mw1024_s_n_r1.jpg
မတ်လဆန်းပိုင်းတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ စတော့ရှယ်ယာများ စတင် အရောင်း အဝယ် ပြုလုပ်ရာ စတော့ရှယ် ယာ ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များနှင့် လူထုအကြား စိတ်ဝင်စား မှု မြင့်တက်လာသည်။ ရင်းနှီးမြှုပ်နှံမှုဈေးကွက် ရှားပါး လွန်းသည် ဟု ထောက်ပြနေ ကြသည့် မြန်မာနိုင်ငံ အတွက် စတော့ရှယ်ယာဈေးကွက် တစ်ခု ပေါ်ပေါက် လာမည့် အရေးကို အားလုံးက ကြိုဆိုကြသည်။ စတော့ရှယ်ယာ အရောင်းအဝယ် စတင် လုပ်ဆောင် ရန် လိုအပ်သည့်အချက်၊ သတိထားရမည့်အချက်၊ ကြိုတင်ပြင်ဆင်ရမည့်၊ လေ့လာသိရှိထားရမည့် အချက်များ ရှိသည်။

ဘာတွေလိုမလဲ
စတော့အိတ်ချိန်း မပေါ်မီက ရင်းနှီးမြှုပ်နှံသူ၊ ရှယ်ယာပိုင်ရှင် ဆိုသည်မှာ လူတိုင်းနှင့် လက်လှမ်းမီသည့် အသုံးအနှုန်း မဟုတ်သော်လည်း ယခု ရန်ကုန်စတော့အိတ်ချိန်း (YSX) စတင်မည့် အချိန်တွင်မူ စတော့ရှယ်ယာ စိတ်ဝင်စားသူ မည်သူမဆို ရှယ်ယာပိုင်ဆိုင်ခွင့် ရှိလာမည် ဖြစ်သည်။ YSX တွင် စာရင်းဝင် အများပိုင်ကုမ္ပဏီ အဖြစ် စတော့ရှယ်ယာ ကမ်းလှမ်းမည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံနိုင်ပြီး ထိုကုမ္ပဏီများ၏ ရှယ်ယာရောင်းဝယ်ခြင်းကို ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ (Underwriter) များမှ တစ်ဆင့် ပြုလုပ်ရပေမည်။ လက်ရှိအချိန်ထိ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းလိုင်စင် အတွက် မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်က ရွေးချယ်ထားသော ကုမ္ပဏီ ၁၀ ခုအနက် KBZ SC၊ မြန်မာ့ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး (MSEC)၊ AYA Trust နှင့် CB Securities ကုမ္ပဏီတို့က လုပ်ကိုင်ခွင့် ရရှိထားသည်။
ပထမဆုံး လုပ်ဆောင်ရမည့် အချက်မှာ ထို Underwriter ကုမ္ပဏီတစ်ခုတွင် ငွေချေးသက်သေခံ လက်မှတ်စာရင်း (Securities Account) တစ်ခု ဖွင့်ရမည်။ ထိုစာရင်းဖွင့် လှစ်ရန် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် ဘဏ်စာရင်း (ဘဏ်စာအုပ်) သာ လိုအပ်သည်။ စတော့ရှယ်ယာ ရောင်းဝယ်ခြင်းကို ထိုငွေချေးသက်သေခံ လက်မှတ်စာရင်းဖြင့် အဓိက ပြုလုပ် ရမည်ဖြစ် ပြီး ရောင်းခြင်း၊ ဝယ်ခြင်း ကိစ္စများအတွက် ဘဏ်စာရင်းနှင့် ချိတ်ဆက်ကာ ငွေစာရင်း ရှင်းလင်းရမည် ဖြစ်သည်။ “ဒီ Securities Account က ရှယ်ယာတွေ အရောင်း၊ အဝယ်လုပ်ဖို့ အတွက်ပေါ့။ ရှယ်ယာဝယ်မယ်ဆိုရင် ကိုယ်ဖွင့်ထားတဲ့ ဘဏ်စာရင်း ကနေ ငွေကို ဆွဲယူလိုက်တယ်။ အမြတ်ရလို့ စတော့ကို ပြန်ရောင်းမယ် ဆိုရင်လည်း အဲ့ဒီဘဏ်စာရင်းထဲကို ငွေကို ထည့်သွင်း လိုက်တယ်” ဟု KBZ SC ငွေချေး သက်သေခံ လက်မှတ်ကုမ္ပဏီ၏ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ဆိုသည်။ ငွေချေးသက်သေခံ လက်မှတ်စာရင်းကို တစ်ဦးချင်း၊ နှစ်ဦး အစုစပ်နှင့် ကုမ္ပဏီအဖြစ် အမျိုးအစားသုံးမျိုး ဖွင့်လှစ်နိုင်ပြီး စတော့ရှယ်ယာ ရောင်းဝယ်ခြင်းကို လူကိုယ်တိုင်ဖြစ်စေ၊ အင်တာနက်မှဖြစ်စေ ပြုလုပ်နိုင်သည်။

ဘယ်လို ရောင်း၊ ဝယ်မှာလဲ
  













အစိုးရရုံးပိတ်ရက်များမှလွဲ၍ စတော့ရှယ်ယာ အရောင်းအဝယ်ကို YSX တွင် နေ့စဉ် နှစ်ကြိမ်ပြုလုပ် မည် ဖြစ်ပြီး စတော့ရှယ်ယာ အရောင်းအဝယ် အမှာစာများကို နံနက် ၁၁ နာရီနှင့် နေ့လယ် ၁ နာရီတို့တွင် အပြီးအပြတ် ပြုလုပ် မည် ဖြစ် သည်။ ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီ တစ်ခု ဖြစ်သည့် KBZ SC သည် နံနက် ၈ နာရီမှ နေ့ လယ် ၁၂ နာရီ ၅၈ မိနစ်အတွင်း ပေးပို့သော အမှာစာ များကို တစ်နေ့တည်း အပြီးရှင်းလင်းပေးပြီး ထိုအချိန်နောက်ပိုင်းမှ ပြုလုပ်သော အမှာစာများ ကို နောက်တစ် နေ့မှသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။ FMI ကုမ္ပဏီသည် YSX တွင် ပထမဦးဆုံး စတော့ရှယ်ယာ အရောင်းအဝယ် ပြုလုပ်နိုင်မည့် ကုမ္ပဏီအဖြစ် ရေပန်းစားနေပြီး မြန်မာသီလဝါ SEZ ကုမ္ပဏီက ဒုတိယ လိုက်နေကာ မတ်လကုန်ပိုင်းတွင် ရှယ်ယာအရောင်းအဝယ် စတင်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။ ရှယ်ယာအရောင်းအဝယ် လုပ်လိုသည့် ပမာဏအတွက် လုံလောက်သော ငွေပမာဏကို ဘဏ်စာရင်းတွင် ထည့်သွင်းထားရန် လိုပြီး ငွေချေး သက်သေ ခံလက်မှတ် လုပ်ငန်းတစ်ခုစီ အလိုက် မတူညီသော ဝန်ဆောင်ခ နှုန်းထားကို ကျသင့်မည်ဖြစ်သည်။ “KBZ မှာ ဘဏ်စာရင်း ဖွင့်ထားပြီး ကျွန်တော်တို့ KBZ SC မှာ စာရင်းဖွင့်သူတွေအတွက် ရှယ်ယာရောင်းဝယ်လို့ ငွေလွှဲပြောင်းမှုလုပ်ရင် ရန်ကုန်ကဆိုရင် အခမဲ့၊ နယ်မြို့တွေက ဆိုရင်တော့ အထူးနှုန်းတစ်ခုနဲ့ ဝန်ဆောင်မှု ပေးသွားမှာပေါ့။ အကယ်၍ တခြားဘဏ်စာရင်းနဲ့ ကျွန်တော်တို့ဆီမှာ စာရင်းလာဖွင့်ရင်တော့ ကျပ် ၁၀၀ ကို ၁၅ ပြားနှုန်း ငွေလွှဲခ ကျသင့်မယ်” ဟု ဦးညိုမြင့်က ပြောသည်။
ဘဏ်စာရင်းနှင့် ငွေချေးသက်သေခံလက်မှတ် စာရင်းကို တစ်နေရာတည်းတွင် ဖွင့်လှစ်မည်ဆိုပါက ရင်းနှီးမြှုပ်နှံ သူတို့ အတွက် ငွေလွှဲခ အပိုကုန်ကျမှုကို သက်သာစေမည် ဖြစ်သည်။ ဧရာဝတီဘဏ်တွင် ဘဏ်စာရင်း ဖွင့်ထားသူသည် AYA Trust ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းတွင် စာရင်းဖွင့်လှစ်လျှင် ငွေလွှဲခ အပိုကုန်ကျမှု သက်သာစေသလို သမဝါယမဘဏ် (CB) တွင် ဘဏ်စာရင်း ဖွင့်ထားသူသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ရှယ်ယာအရောင်းအဝယ်ကို အင်တာနက်မှ တစ်ဆင့် ပြုလုပ်နိုင်ရန် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများက ပြင်ဆင်လျက်ရှိရာ KBZ SC ကုမ္ပဏီက အိန္ဒိယနိုင်ငံ အခြေစိုက် Tata Consultancy Services ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး CB Securities ကုမ္ပဏီက Thomson Reuters ကုမ္ပဏီနှင့် ပူးပေါင်းကာ Omnesys NEST စနစ်ကို အသုံးပြုမည် ဖြစ်သည်။

ဘယ်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှာလဲ
စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီအဖြစ် ရွေးချယ်ခံထားရသော ကုမ္ပဏီများအနက် မည်သည့်ကုမ္ပဏီ၏ ရှယ်ယာကို ဝယ်ယူ၊ ရောင်းချ၊ ရင်းနှီးမြှုပ်နှံမည်လဲ ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူ အပေါ်သာ မူတည်သည်။ စွန့်စားရမှုနည်းသည့် ရှယ်ယာမျိုးကို ဝယ်ယူမည်ဆိုလျှင် ပြန်ရရှိမည့် အကျိုးအမြတ် နည်းနိုင်ပြီး အကျိုးအမြတ်များများ ရယူလိုလျှင် ပိုမိုစွန့်စားရမည် တစ်နည်းအားဖြင့် ဆုံးရှုံးနိုင်ခြေလည်း ပိုများမည်ဖြစ်သည်။ “စတော့ရှယ်ယာအတွက် အချိန်မပေးနိုင်တဲ့သူ၊ ဝယ်ထားပြီး သုံးလေးနှစ်လောက် လှည့်မကြည့်ဘဲ ရင်းနှီးမြှုပ်နှံထားမယ့်သူ အတွက်တော့ ခိုင်မာပြီး ဂုဏ်သတင်းကောင်းတဲ့ ကုမ္ပဏီရဲ့ ရှယ်ယာမျိုးကို ဝယ်သင့်တယ်” ဟု နိုင်ငံရေးနှင့် စီးပွားရေး လေ့လာအကဲခတ်သူ ဦးဇေယျသူက ဆိုသည်။ စွန့်စားလိုပြီး ရှယ်ယာဈေးနှုန်း အတက်အကျပေါ် မူတည်ကာ အကျိုးအမြတ် ရယူလိုသူ အနေဖြင့် ဈေးကွက်တွင် လှုပ်ခတ်မှုရှိပြီး အတက်၊ အကျများသော ကုမ္ပဏီမျိုးကို ရွေးချယ်လေ့ ရှိကြကြောင်း ၎င်းက ဆိုသည်။
စွန့်စားရမှုနည်းလျှင် အကျိုးအမြတ်နည်းမည်၊ စွန့်စားရမှုများလျှင် အကျိုးအမြတ်များမည် ဆိုသည်ကို သတိမူရန်လိုသည်။ ရှယ်ယာဝယ်မည့် ရင်းနှီးမြှုပ်နှံသူများ အနေနှင့် ရှယ်ယာဈေးနှုန်း အတက်အကျပေါ်တွင် အကျိုးအမြတ် ရရှိနိုင်သလို ထိုကုမ္ပဏီ၏ လုပ်ငန်းကောင်းမွန်မှုအပေါ် မူတည်ပြီးလည်း အမြတ်ခွဲဝေမှုကို ခံစားရမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူသည် ရှယ်ယာဝယ်ယူမည့် ကုမ္ပဏီနှင့် ပတ်သက်သော ဘဏ္ဍာရေး၊ ငွေရေးကြေးရေး အခြေအနေကို အမြဲမပြတ် လေ့လာထားရန်၊ ထိုကုမ္ပဏီ၏ လက်ရှိလုပ်ငန်းလည်ပတ်မှု အခြေအနေ၊ အနာဂတ်တွင် လုပ်ဆောင်မည့် လုပ်ငန်းစီမံကိန်းများကို သိရှိနိုင်ရန် သတင်းအချက်အလက်များကို ရယူထားဖို့ လိုပေမည်။ “စတော့ရှယ်ယာတို့၊ ငွေကြေးဈေးကွက်တို့ကို စိတ်ဝင်စားတယ်။ ဒီမှာက အခုမှ ပေါ်တာလည်း ဖြစ်တော့ ကိုယ်တိုင်လည်း သိပ်တော့မသိပါဘူး။ ဒါပေမဲ့ ကိုယ်ရှယ်ယာဝယ်မယ့် ကုမ္ပဏီရဲ့ အကြောင်းကိုတော့ သေချာလေး လေ့လာထားဖို့၊ သိထားဖို့ လိုတာပေါ့” ဟု နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် စာရင်းဖွင့်လှစ်ကာ ဝင်ရောက်လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။ ရှယ်ယာထုတ်ရောင်းမည့် ကုမ္ပဏီ၏ သက်တမ်း၊ ခိုင်မာမှုနှင့် ဂုဏ်သတင်းသည် ရင်းနှီးမြှုပ်နှံသူတို့အတွက် အဓိက ဂရုစိုက်ကြည့်ရှုရမည့် အချက်များဖြစ်သည်။ မြန်မာနိုင်ငံရှိ အများပိုင်ကုမ္ပဏီ အများစုအပေါ် ဝေဖန်ထောက်ပြမှု များစွာရှိပြီး အထူးသဖြင့် ပိုင်ရှင်နှင့် အုပ်ချုပ်ရေးပိုင်း မကွဲပြားမှုသည်လည်း အဓိက အချက်တစ်ချက် ဖြစ်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ ရှယ်ယာစီမံခန့်ခွဲမှု ဌာနမှ ဦးစိုးသိန်းက ဆိုသည်။
 












ကုမ္ပဏီတစ်ခု၏ စတော့ရှယ်ယာ ရောင်းဝယ်မှု စတင် ချိန်တွင် ထိုရှယ်ယာ၏ ဈေးနှုန်းကို ငွေချေး သက်သေ ခံလက်မှတ် လုပ်ငန်းက တာဝန်ယူ တွက်ချက်ကာ သတ်မှတ်မည်ဖြစ်သည်။ လတ်တလော ဖြစ်ပေါ်နေသော ကုမ္ပဏီအချို့၏ ရှယ် ယာဈေးနှုန်း မြင့်တက်မှုမှာ စတော့အိတ်ချိန်း စတင် ချိန်တွင် ပြောင်းလဲသွားနိုင်ပေသည်။ “ရင်းနှီးမြှုပ်နှံ သူတွေ ဝယ်ယူလို့ အဆင်ပြေမယ့် နှုန်းထား တစ်ခုခုကို သတ်မှတ်မှာပါ။ အခုဖြစ်နေတယ် ဆိုတဲ့ ဈေးကတော့ ရှယ်ယာရှင် ထောင် ဂဏန်း၊ သောင်းဂဏန်းရှိတဲ့ အနက်က ဆယ်ဂ ဏန်းလောက်က ကြိုက်ဈေးပေး ဝယ်လို့ ဖြစ်နေ တဲ့ ဈေးနှုန်းလည်း ဖြစ်နိုင်တာပဲလေ” ဟု kKBZ SC မှ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ဆိုသည်။ ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းဝယ်မှု စတင်မည့် FMI ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးကို MSEC က တာဝန်ယူ ထားပြီး မြန်မာသီလဝါ SEZ ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးကို KBZ SC က တာဝန်ယူ သတ်မှတ်မည် ဖြစ်သည်။
“ကျွန်တော်တို့က MTSH (မြန်မာသီလဝါ SEZ) ရဲ့ Consultant အဖြစ် စာချုပ်ထားတာဆိုတော့ သူ့ရဲ့ ရှယ်ယာတန်ဖိုးကို ကျွန်တော်တို့က လုပ်ရမှာပေါ့၊ ကျန်တဲ့ Securities ကုမ္ပဏီတွေကတော့ MTSH ရဲ့ ရှယ်ယာရောင်းဝယ်မှုကိုပဲ လုပ်ရမှာပေါ့။ အဲဒီသဘောပါ” ဟု ဦးညိုမြင့်က ဆိုသည်။ FMI ကုမ္ပဏီ၏ ရှယ်ယာရောင်းဝယ်မှုကို MSECနှင့် KBZ SC တို့တွင် စာရင်းဖွင့်လှစ်ရမည် ဖြစ်ပြီး MTSH ကုမ္ပဏီအတွက် MSEC၊ KBZ SC၊ CB Securities နှင့် AYA Trust ကုမ္ပဏီ လေးခု စလုံးတွင် စာရင်းဖွင့်လှစ်နိုင်မည် ဖြစ်သည်။ ပထမဦးဆုံး စတော့ရှယ်ယာ စဖွင့်မည့်နေ့တွင် မျှော်မှန်းချက်ဖြင့် ထိုကုမ္ပဏီ၏ ရှယ်ယာကို အစုလိုက် ဝယ်ယူမှုမျိုးကြောင့် ဈေးနှုန်းမြင့်တက်နိုင်သလို တစ်ချိန်တည်းတွင် အစုလိုက် ရောင်းချ မှုကြောင့် လည်း ဈေးနှုန်းထိုးကျမှုမျိုး ကြုံတွေ့ရမည်ကို ရင်းနှီးမြှုပ်နှံသူများ သတိထားရန်လိုကြောင်း ဦးဇေယျသူက ဆိုသည်။ အရင်းရွှေ့လိုသူ လူတန်းစားတို့အကြား နောက်ထပ်ရေပန်းစားလာမည့် စကားလုံးမှာ စတော့အရောင်းအဝယ် ဖြစ်လာတော့မည်။ သို့သော် သူများယောင်တိုင်း လိုက်မယောင်ဖို့၊ ကိုယ်တိုင်သုံးသပ် ဆုံးဖြတ်နိုင်ဖို့လိုကြောင်း လေ့လာသူအချို့က သတိပေးကြသည်။
 
Writer : စစ်ငြိမ်းသူ
Source : The Voice

No comments:

Post a Comment