Friday 25 December 2015

ဆယ်ခုမြောက် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကမ္ပည်းမော်ကွန်း မဟာဗန္ဓုလပန်းခြံတွင် တပ်ဆင်

 မဟာဗန္ဓုလပန်းခြံတွင် အပြာရောင်ကမ္ပည်းပြားကို ကြ ည့်ရှုနေသူများကိုတွေ့ရစဉ်။အောင်ခန့်/မြန်မာတိုင်း(မ်)
နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော မဟာဗန္ဓုလပန်းခြံကို ရန်ကုန်မြို့ပြအမွေ
အနှစ်၏ ၁၀ ခုမြောက်အဆောက်အအုံအဖြစ် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး
အဖွဲ့က ဒီဇင်ဘာ ၂၁ ရက်က အပြာရောင်ကမ္ပည်းမော်ကွန်းတပ်ဆင်ကာ အသိအမှတ်ပြုခဲ့သည်။
"မဟာဗန္ဓုလပန်းခြံက ရန်ကုန်မြို့သမိုင်း မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး မြို့နေပြည်
သူတွေအတွက် အရေးပါတဲ့ နေရာတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုတဲ့အနေနဲ့ အပြာရောင်
ကမ္ပည်းပြားတပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ မဟာဗန္ဓုလ ပန်းခြံနားကတော့
နေ့တိုင်းဖြတ်လမ်းလျှောက်နေပြီး သူ့ရဲ့ သမိုင်းကြောင်းကို မသိကြမှာစိုးလို့
သူ့ရဲ့သမိုင်းကြောင်းကို ပိုထင်ရှားအောင် အပြာရောင်ကဗ္ပည်းတပ်ဆင်ပြီး သူ့ရဲ့
သမိုင်းနောက်ကြောင်းကို အလွယ်တကူဖတ်နိုင်အောင် မှတ်စုအတိုလေးရေးပေးထားပါတယ်" ဟု
ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး
မန်နေဂျာ ဒေါ်ရွှေယင်းမာဦးက ပြောသည်။
၁၈၅၂ ခုနှစ်၊ ဗြိတိသျှတို့ ရန်ကုန်မြို့ပြပုံစံရေးဆွဲသောအခါ မြေလွတ်အဖြစ် ထားရှိခဲ့ပြီး
၁၈၆၇/၆၈ခုနှစ်တွင် ဖိုက်စကွဲယားဟု အမည်ပေးကာ အများပြည်သူအနားယူရန် နေရာအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သော
ယခုမဟာဗန္ဓုလပန်းခြံသည် သမိုင်းဝင် ဆူးလေစေတီနှင့် ရန်ကုန်မြို့တော်ခန်းမတို့ အနားတွင်
တည်ရှိပြီး အချက်အချာကျသော မြို့လယ်နေရာလည်း ဖြစ်သည်။
ဗြိတိသျှလက်အောက်ခံ
မြန်မာနိုင်ငံ ၏ ကော်မရှင်နာကို အစွဲပြုကာ ဖိုက်စကွဲယားဟု အမည်ပေးခဲ့ပြီး ၁၈၉၆ ခုနှစ်တွင်
ပန်းခြံအလယ်၌ စကျင်ကျောက်ဖြူဖြင့် ထုလုပ်ထားသည့် ၀ိတိုရိယဘုရင်မ ရုပ်တုကို ထားရှိခဲ့သော်
လည်း ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့က အထိမ်းအမှတ် မှတ်တိုင်ဖြင့် အစားထိုးခဲ့သည်။
လွတ်လပ်ရေးရပြီးခေတ်တွင် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲအတွင်း တိုက်ပွဲဝင်ခဲ့သော
မြန်မာ့တပ်မတော် စစ်သေနာပတိချုပ် မဟာဗန္ဓုလကို ဂုဏ်ပြုသောအားဖြင့် မဟာဗန္ဓုလ
ပန်းခြံဟု အမည်ပြောင်းလဲခဲ့သည်။
မဟာဗန္ဓုလပန်းခြံသည် ကိုလိုနီခေတ် ကတည်းကပင်
နိုင်ငံရေးလှုပ်ရှားမှုများနှင့် ဆက်နွယ်ခဲ့ပြီး ခေတ်အဆက်ဆက် ယဉ်ကျေးမှုဆိုင်ရာ
ပွဲလမ်းများနှင့် အများပြည်သူစုဝေးရာနေရာအဖြစ်ရှိခဲ့ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းအပါအ၀င်
နိုင်ငံခေါင်းဆောင် များ လွတ်လပ်ရေးအတွက် လှုံ့ဆော်ဟောပြောသည့်နေရာဖြစ်ခဲ့ကြောင်း၊
ထို့ပြင် ၈၈ အရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းနှင့် ဒီမိုကရေစီလှုပ်ရှားမှု
များ၏ ဗဟိုအချက်အချာနေရာလည်း ဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခင် ဖိုက်စကွဲယားဟု လူသိများသော မဟာဗန္ဓုလပန်းခြံကို ၂၀၁၂ ခုနှစ်တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ပြန်လည်ပြုပြင်ခဲ့ပြီး နိုင်ငံတကာ ဧည့်သည်များနှင့်
မြို့ခံပြည်သူများ လာရောက်အပန်း ဖြေနိုင်စေရန် ကလေးကစားကွင်းကို ထည့်
သွင်းတည်ဆောက်ခဲ့ပြီး ပန်းခြံအတွင်း ခေတ်မီမီးအလင်းပေးစနစ်များကိုလည်း
Royal Phillips Corporation  က တပ်ဆင် ပေးခဲ့သည်။ ရန်ကုန်မြို့ပြအမွေအနှစ်
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လုပ်ဆောင်နေသော စီမံချက်၏ တစ်စိတ်တစ်ပိုင်း
အနေဖြင့် ရန်ကုန်မြို့ သမိုင်းကြောင်းတွင် အရေးပါခဲ့သော အဆောက်အအုံများကို
အပြာရောင်ကဗ္ပည်းပြားများ တပ်ဆင်ခြင်း ဖြစ်ပြီး အဆောက်အအုံ ၁၀၀ ခန့်အထိ ကဗ္ပည်းပြားတပ်ဆင်သွားမည်ဖြစ်ကြောင်း ဒေါ်ရွှေယင်းမာဦးက ပြောသည်။
မဟာဗန္ဓုလပန်းခြံသည် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး
အသိအမှတ်ပြုအဆောက်အအုံအဖြစ် ဆယ်ခုမြောက် အပြာရောင်
ကမ္ပည်းပြားတပ်ဆင်ခံရသော အဆောက်အအုံဖြစ်သည်။

No comments:

Post a Comment