Saturday 26 March 2016

လေလံ ရောင်းချပွဲမှ တန်ဖိုးအကြီးဆုံး ပစ္စည်းများ

 
ရှေးဟောင်းပစ္စည်းများ၊ တန်ဖိုးကြီး လက်ဝတ် ရတနာများ၊ အနုပညာ ပစ္စည်းများကို လေလံပွဲများ ပြုလုပ်ပြီး ရောင်းချလေ့ ရှိသည်။ ထိုသို့ ရောင်းချရာတွင် အချို့ပစ္စည်း များသည် အံ့အားသင့်ဖွယ်ကောင်း လောက်အောင် စံချိန်တင်ဈေးများ ရရှိခဲ့သည်။ ပီကာဆို၏ ပန်းချီကား တစ်ချပ်တန်ဖိုးသည် ဒေါ်လာသန်း (၁၀၀) ကျော် ရှိခဲ့ပြီး၊ တရုတ်ရှေးဟောင်း ကြွေပန်းအိုး တစ်လုံးသည် ဒေါ်လာ သန်း (၅၀) ကျော်ရှိ ခဲ့သည်။ ထို့ကြောင့် လေလံ ရောင်းချပွဲ များတွင် တန်ဖိုးအကြီးဆုံး ပစ္စည်းများ အကြောင်းကို ဖော်ပြပေးလိုက် ပါသည်။

၁။ ပန်းချီကား
လေလံ ရောင်းချပွဲများတွင် ပီကာဆို ရေးဆွဲခဲ့သော ပန်းချီကားသည် တန်ဖိုးအကြီးဆုံး အဖြစ် သတ်မှတ်ခံထား ရသည်။ ပီကာဆိုသည် (၂၀) ရာစု၏ အလွှမ်းမိုးနိုင်ဆုံး ပန်းချီပညာရှင် ဖြစ်သောကြောင့် သူ၏ လက်ရာများကို တန်ဖိုးထား ၀ယ်ယူလေ့ ရှိကြသည်။ အမျိုးသမီး တစ်ဦး ဗလာကျင်း ပုံစံဖြင့် လဲလျောင်း နေသည့် ပုံကို ပီကာဆိုက ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ယင်း ပန်းချီကားကို ၁၉၅၀ က ၀ယ်ယူခဲ့ရာတွင် ဒေါ်လာ (၁၇၀၀၀) သာရှိခဲ့ သော်လည်း နောက်ဆုံး လေလံတင် ရောင်းချရာတွင် ဒေါ်လာ (၁၀၆ ဒသမ ၅) သန်းရရှိ ခဲ့သည်။

၂။ ပန်းပုရုပ်တု
နာမည်ကျော် ပန်းပုပညာရှင် အယ်လ်ဘာတို ဂျီယာကိုမက်တီ ထုလုပ်ခဲ့သော ရုပ်တုကို ဒေါ်လာ (၁၀၄ ဒသမ ၃) သန်းဖြင့် ၀ယ်ယူခဲ့ သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ လမ်းလျှောက်နေသော လူဟု အမည်ပေးထားသော ရုပ်တုကို ကြေးဖြင့် ထုလုပ် ဖန်တီးထားခြင်း ဖြစ်သည်။ ခြောက်ပေ အမြင့် ရှိပြီး ကြည့်ရ ဆိုးသည့် ခပ်ပိန်ပိန် လူတစ်ဦး လမ်းလျှောက်နေသည့် ပုံစံ ဖြစ်သော်လည်း တန်ဖိုးမဖြတ် နိုင်သည့် လက်ရာ တစ်ခု ဖြစ်သောကြောင့် လေလံစဖွင့်ရာတွင် ဒေါ်လာ (၂၇)သန်း ဖြစ်ခဲ့ပြီး နောက်ဆုံး ဒေါ်လာ သန်း တစ်ရာကျော် ရရှိခဲ့သည်။

၃။ ကြွေအိုး
ကြွေအိုး တစ်အိုးကို ဒေါ်လာ (၅၃) သန်းဖြင့် ၀ယ်ယူခဲ့ သောကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာ နိုင်သည်။ သို့သော် ယင်းကြွေအိုးသည် သာမန် ကြွေအိုး မဟုတ်ဘဲ တရုတ်နိုင်ငံ၏ ယဉ်ကျေးမူ သမိုင်းကို ဖော်ပြသော လက်ရာတစ်ခု ဖြစ်နေသည်။ ကွင်မင်းဆက် ဖြစ်သော ၁၇၄၀ခုနှစ်တွင် ပြုလုပ်ခဲ့သော ကြွေအိုး ဖြစ်ပြီး အရှည်(၁၆) လက်မရှိကာ ငါးရုပ်များကို ရေးခြယ် ထားသည်။ တရုတ်နိုင်ငံ၏ ကြွေဖြင့် ပြုလုပ် ထားသော ပစ္စည်းများတွင် တန်ဖိုး အကြီးဆုံး ဖြစ်ခဲ့သည်။ လေလံပွဲသည် မိနစ်(၃၀)သာ ကြာမြင့်ခဲ့ပြီး အမြင့်ဆုံး ဈေးပေး ၀ယ်ယူ သွားခြင်းဖြစ်သည်။

၎။ ပရိဘောဂ ပစ္စည်း
နီလာ၊ နှမ်းဖတ်ကျောက်၊ မဟူရာကျောက်၊ နဂါးသွဲ့ ကျောက်၊ သင်္ဘောမဟူရာ စသည့် ပစ္စည်းများဖြင့် ပြုလုပ် ဖန်တီးထားသည့် ရှေးဟောင်း အံဆွဲငယ်များ ပါဝင်သည့် ဗီရိုကို ၂၀၀၄ တွင် လေလံ ရောင်းချခဲ့ရာ ဒေါ်လာ (၃၆)သန်း ရရှိခဲ့သည်။ ယင်းမှာ ပရိဘောဂ ပစ္စည်းများတွင် တန်ဖိုး အကြီးဆုံး အဖြစ် မှတ်တမ်းဝင် ခဲ့သည်။ ၁၇၂၆ တွင် အီတလီ လက်မှု ပညာရှင် ဒိုမန်နီကို ကူဆီက ဦးဆောင်ပြီး ခြောက်နှစ်ကြာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို အင်္ဂလန်တော်ဝင် မျိုးနွယ်များက အသုံးပြုခဲ့ပြီး အမြင့် (၁၂) ပေအထိ ရှိသည်။

၅။ လက်ရေးစာမူ
လီယိုနာဒို ဒါဗင်ချီသည် အလွန်ထူးချွန်သူ ဖြစ်ပြီး၊ လူသားများကို စာပေနှင့် အနုပညာ စိတ်ဝင်စား လာအောင် ပြုလုပ်ပေးခဲ့သည့် အပြင် တီထွင်မှုများ ကိုလည်း ပြုလုပ်ခဲ့သည်။ လီယိုနာဒိုဒါဗင်ချီကို အကြီးကျယ် ဆုံး ပန်းချီပညာရှင် အဖြစ် သတ်မှတ်ထား သလို၊ သူ၏ အတွေးအခေါ်နှင့် တီထွင်မှု များသည် လူသားများကို အကျိုးများစွာဖြစ်စေခဲ့သည်။ လီယိုနာဒိုဒါဗင်ချီသည် သိပ္ပံပညာနှင့် ပတ်သက်ပြီး လေ့လာ တွေ့ရှိချက် များကို လက်ရေးဖြင့် မှတ်သားသိမ်းဆည်းလေ့ ရှိသည်။ ယင်း လက်ရေးစာမူကို ရောင်းချရာတွင် မိုက်ခရိုဆော့ဖ် သူဌေးကြီး ဘီလ်ဂိတ်က ၁၉၉၄ တွင် ဒေါ်လာ (၃၀ ဒသမ ၈) သန်းဖြင့် ၀ယ်ယူခဲ့ သဖြင့် တန်ဖိုး အကြီးဆုံး လက်ရေးစာမူ ဖြစ်ခဲ့သည်။

၆။ ကြေးရုပ်တု

ရှေးခေတ် နှစ်ပေါင်း (၂၀၀၀)က ဂရိတို့ ပြုလုပ်ခဲ့သော ကြေးရုပ်တို လေလံ ရောင်းချပွဲတွင် ဒေါ်လာ (၂၃ ဒသမ ၈)သန်းဖြင့် ရောင်းချခဲ့သည်။ အဆိုပါ ရုပ်တုကို ၁၉၂၀ က ဆောက်လုပ်ရေး လုပ်ငန်း ပြုလုပ်ရာတွင် တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရိုမန်တို့၏ သမိုင်းဝင် လက်ရာ ဖြစ်ပြီး၊ အမျိုးသမီး တစ်ဦးနှင့် ဆိတ်တစ်ကောင်ကို ကြေးဖြင့် ထုလုပ်ထားခြင်း ဖြစ်သည်။ ရုပ်တုအမြင့်သည် (၃၆) လက်မရှိပြီး ခန့်မှန်း ထားသည့် ဈေးထက် ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။ ရုပ်တုထု လုပ်ထားသည့် အမျိုးသမီးသည် ဂရိနတ် ဘုရားမ ဖြစ်ပြီး လေးကိုင်ထားသည့် ရုပ်တုတစ်ခု ရှိသေးသော်လည်း ယနေ့ အချိန်ထိ တွေ့ရှိသေးခြင်း မရှိကြောင်း သိရသည်။

၇။ တယော
တယောတစ်လက်၏ တန်ဖိုးသည် ဒေါ်လာ (၃ ဒသမ ၉) သန်းအထိ ရှိခဲ့ သောကြောင့် အံ့အားသင့်စရာ ဖြစ်နေပါ လိမ့်မည်။ တယောမတီးတတ်သူ များသည် အီတလီ လက်မှု ပညာရှင် အန်တိုနီယိုစတာရာဒီဗာရီ ဖန်တီးသည့် တယောများကို သိရှိကြားဖူးကြပါ လိမ့်မည်။ ၂၀၀၇ ခုနှစ်က ပြုလုပ်သော လေလံပြပွဲတွင် အန်တိုနီယိုစတာရာဒီဗာရီ၏ အဘိုးဖြစ်သူ ဂူရာနီရီ ဖန်တီး ပြုလုပ်ခဲ့သော တယောကို ရောင်းချရာတွင် စံချိန်တင် ဈေးရရှိ ခဲ့သည်။ သက်တမ်အားဖြင့် နှစ် ပေါင်း (၂၅၀) ကျော်ရှိပြီး၊ ယင်းတယောကို (၂၅၀)ခုသာ ပြုလုပ် ခဲ့ပြီး၊ ရုရှားနိုင်ငံက ရှေ့နေ တစ်ဦး ပိုင်ဆိုင် ထားခြင်း ဖြစ်သည်။ ယင်းတယောကို နှစ်ပေါင်း (၇၀) အတွင်း ပထမဆုံးအကြိမ် တီးခတ်မှု အဖြစ် မော်စကိုတွင် ပြုလုပ်ခဲ့သည်။

၈။ ဆံပင်
ရော့ခ်အင်ရိုးဘုရင် ပရက်စလေ၏ ဆံပင်ကို ရောင်းချရာတွင် ဒေါ်လာ (၁၁၅၀၀၀) ရရှိခဲ့သည်။ ၂၀၀၂တွင် လေလံတင် ရောင်းချခဲ့ရာ အံ့အားသင့်စရာ ဈေးပေးပြီး ၀ယ်ယူသွားခြင်း ဖြစ်သည်။ ပရက်စလေ၏ ဆံသ ဆရာသည် ဆံပင် များကို သိမ်းဆည်းပြီး အွန်လိုင်းတွင် လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။ ပရက်စလေ၏ ဆံပင်သည် လေလံတင် ရောင်းချသည့် ဆံပင်များတွင် တန်ဖိုး အကြီးဆုံး ဖြစ်ခဲ့သည်။ ထင်ရှား ကျော်ကြားသူများ ဖြစ်သည့် ဂျွန်အက်ဖ်ကနေဒီ၊ ဂျွန်လင်နွန်၊ ဘီသိုဗင် စသူများ၏ ဆံပင်များ ကိုလည်း လေလံ တင်ရောင်းချခဲ့ ဖူးသည်။
messenger news journal

No comments:

Post a Comment