Friday, 16 October 2015

ဘယ်မှာ ရှင်သန်မလဲ

 https://divinekingdom.files.wordpress.com/2015/03/hell_vs_heaven_by_i_r_s.jpg
(၁)
ရှေးအခါကဂျပန်ဧကရာဇ်တစ်ဦးဟာဇင်ဘုန်းတော်ကြီးတစ်ပါးထံကို ရောက်လာပြီး မေးခွန်းတစ်ခု မေးခဲ့တယ်။ သူ့မေးခွန်းက “ငရဲဆိုတာ ဘာလဲ၊ ကောင်းကင်ဘုံဆိုတာ ဘာလဲ”ဆိုတဲ့ မေးခွန်းပဲ ဖြစ်တယ်။

မေးခွန်းမေးပြီးတာနဲ့ ဇင်ဘုန်းတော်ကြီးဟာ ဧကရာဇ်မျက်နှာကို သေချာကြည့်ပြီး “ခွေးမသား .. မင်း ဒီနေ့ မှန်ကော ကြည့်ခဲ့ရဲ့လား။ ငါဖြင့် ဒီလောက် ညစ်ပတ်စုတ်ပဲ့တဲ့ မျက်နှာမျိုး တစ်ခါမှ မကြည့်ဖူးဘူး”လို့ ပြောလိုက်တယ်။ ဧကရာဇ်ကြီးဟာ မျက်နှာကြီး နီရဲတွန့်လိမ်သွားကာ ဒေါသတွေ အကြီးအကျယ် ထွက်သွားခဲ့တယ်။ သူ့ကို အဲဒီလို ပြောရဲသူ တစ်လောကလုံးမှာ မရှိဘူးလို့ တွေးထားတဲ့သူကိုး။ ဒီလောက်ကြီးကျယ်မြင့်မြတ်တဲ့ ဘုန်းတော်ကြီးဆီက ဒီလို စကားမျိုးကြားရလိမ့်မယ်လို့လည်း လုံးဝမတွေးထားခဲ့မိဘူး။ ဘုန်းတော်ကြီးက ဒါနဲ့တင် မရပ်သေးဘူး။ “ကြီးကျယ်မြင့်မြတ်တဲ့သူတော်စင်ဆိုတာကို မင်း မသိဘူးလား။ မင်းက မလောက်လေးမလောက်စား သူတော်စင်လို့ ထင်နေသလား။ တကယ့်သူတော်စင်ဆိုတာ ကြောင်ကလေး မဟုတ်ဘူး။ ကျားကွ ကျား”လို့ ထပ်ပြောလိုက်ပြန်တယ်။ ဒီအခါ ဧကရာဇ်ဟာ ဒေါသတွေ အထွတ်အထိပ်ရောက်ကာ ဓားအိမ်ထဲက ဓားကို ဆွဲထုတ်လိုက်တယ်။ ဘုန်းတော်ကြီးခေါင်းကို ဖြတ်မယ်ဆိုပြီး အနားတိုးလာခဲ့တယ်။

ဓားက လည်ပင်းနားရောက်တဲ့အခါ ဘုန်းတော်ကြီးက “ခဏ … ခဏ စောင့်ပါဦး … အခု သင်ဟာ ငရဲဘုံကို ဝင်ပါတော့မယ်။ ဒါဟာ ငရဲဘုံရဲ့ ဂိတ်ပေါက်ဝပါပဲ”လို့ ပြောလိုက်တယ်။

ဒါနဲ့ ဧကရာဇ်ဟာ ဘုန်းတော်ကြီးဆိုလိုတာကို သဘောပေါက်ပြီး ဓားကို ပြန်ရုတ်လိုက်တယ်။ ပါးစပ်ကလည်း “မှန်လိုက်လေ”လို့ဆိုကာ ဓားကို အဝေးကို လွှင့်ပစ်လိုက်ပြီး ဘုန်းတော်ကြီးကို ဦးချအရိုအသေပြုလိုက်တယ်။

အဲဒီအခါ ဘုန်းတော်ကြီးက ရယ်မောရင်းနဲ့ “ကဲ … ဒါကတော့ ကောင်းကင်ဘုံရဲ့ တံခါးဝပဲ။ အခု တစ်ခဏလေးအတွင်းမှာပဲ သင်ဟာ ငရဲဘုံလည်း ရောက်သွားတယ်၊ ကောင်းကင်ဘုံလည်း ရောက်သွားတယ်။ ကဲ … စဉ်းစားကြည့်လိုက်စမ်းပါ။ ငရဲနဲ့ကောင်းကင်ဘုံရဲ့ အကွာအဝေးဟာ ဘယ်လောက်တောင် နီးကပ်မှုရှိနေသလဲ”လို့ ပြောလိုက်ပါတယ်။

(၂)
ဒေါသတွေ၊ သောကတွေ၊ မယုံကြည်မှုတွေ၊ သံသယတွေ၊ ထိတ်လန့်မှုတွေ၊ ပြစ်တင်ဝေဖန်မှုတွေ၊ အချင်းချင်းခိုက်ရန်ဖြစ်မှုတွေ၊ အကောက်ကြံမှုတွေ … ဒါတွေနဲ့ ရှင်သန်နေရတဲ့ဘဝဟာ ““““““ငရဲ””””””ပါပဲ။

တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာမှုတွေ၊ အပြန်အလှန် လေးစားမှုတွေ၊ ကိုယ်ချင်းစာနာမှုတွေ၊ ယုံကြည်မှုတွေ၊ ကြည်နူးပျော်ရွှင်မှုတွေ၊ ဖေးမကူညီမှုတွေ … ဒါတွေနဲ့ ရှင်သန်နေရတဲ့ဘဝဟာ ““““““““ ကောင်းကင်ဘုံ”””””””ပါပဲ။

(၃)
အိုရှိုးရဲ့ ဒီစာလေးကို ဖတ်ပြီးတော့ “ငါ ဘယ်ဘုံမှာ ရှင်သန်နေသလဲ၊ ဘယ်ဘုံမှာ အသက်ရှင်နေသလဲ”ဆိုတာ စဉ်းစားလိုက်ပေါ့။

အရှင်ကုသလသာမိ(အတည်မဲ့)
ဝ၂၊ ဝ၁၊ ၂ဝ၁၄

No comments:

Post a Comment