
သိပ္ပံပညာရှင်များဟာ စကြ၀ဠာရဲ့ သက်တမ်းကို နှစ်ပေါင်း ၁၂ ဘီလီယံ မှ ၁၄ ဘီလီယံ လောက်ထိ ရှိပြီလို့ တွက် ချက်ထားပါတယ်။ အတိအကျအားဖြင့် ၁၃.၈ ဘီလီယံ နှစ်လို့ ဆိုပါတယ်။ ထို့အတူဘဲ နေအဖွဲ့အစည်း (နေ) ရဲ့ သက်တမ်းကိုလည်း ၄.၅ ဘီလီယံ နှစ်လို့ ဆိုပြန်ပါတယ်။ ဘယ်လိုသိပါသလဲ……
သိပ္ပံပညာရှင်များဟာ စကြ၀ဠာရဲ့ သက်တမ်းကို ပုံစံနှစ်မျိုးနဲ့ တိုင်းတာပါတယ်။ ပထမတစ်မျိုးက သက်တမ်းအရင့်ဆုံး ကြယ်ကို လေ့လာပြီး သုံးသပ်ပါတယ်။ လူတွေရဲ့ အရိုးကိုကြည့်ပြီး အသက်ကို တိုင်းတာသလိုပေါ့။ ကျောက်ဖြစ်ရုပ်ကြွင်းတွေကနေ လူတွေရဲ့ သက်တမ်းကို တိုင်းတာနိုင်သလို ကြယ်တွေရဲ့ သက်တမ်းကို ကြည့်ပြီး စကြ၀ဠာရဲ့ သက်တမ်းကို လေ့လာနိုင်ပါတယ်။
နောက်တစ်မျိုးကတော့ စကြ၀ဠာရဲ့ ပြန့်ကားမှုနှုန်းကနေ လေ့လာပါတယ်။ စကြ၀ဠာရဲ့ အစ ဟာ မဟာပေါက်ကွဲမှုကြီး (Big Bang) က စခဲ့တယ်၊မဟာပေါက်ကွဲမှုကြီးကနေ ကြယ်တစ်ခုဖြစ်ဖို့ ဆိုတာလည်း နှစ် ပေါင်းသန်းနဲ့ချီ ကြာပါသေးတယ်။ ပေါက်ကွဲမှုကြီးရဲ့ အရှိန်ကြောင့် စကြ၀ဠာကြီးက ပြန့်ကားနေတယ် ဆိုလျှင် ပြန့်ကားနေမှု နှုန်း (အရှိန်) ကို လေ့လာပြီး ဘယ်အချိန်က ပေါက်ကွဲခဲ့သလဲဆိုတာ ကို ပြန်လည်တွက်ချက်နိုင်ပါတယ်။
အဲ့ဒီ့လို ပုံစံနှစ်မျိုးနဲ့ တွက်ချက်ကြည့်လိုက်တော့ ကျနော်တို့ မြင်နေရတဲ့ စကြ၀ဠာရဲ့ သက်တမ်းဟာ ၁၃.၈ ဘီလီယံနှစ် ရှိနေပါပြီ လို့ ဆိုနိုင်ပါတယ်။
နေရဲ့သက်တမ်းကိုတော့ သူ့မှာရှိတဲ့ လောင်စာ၊ အရွယ်အစား၊ အရောင် နဲ့ သူနဲ့တူတဲ့ အခြားသော ကြယ်များရဲ့ သက်တမ်းကြာမြင့်မှုကို နှိုင်းယှဉ်တွက်ချက်ပါတယ်။ နေရဲ့သက်တမ်းဟာလည်း စဖြစ်ပေါ်ချိန်ကတွက်လျှင် သက်တမ်း ၄.၅ ဘီလီယံ ရှိနေပါပြီ။
သန့်ဦး (အာကာသနှင့် စကြဝဠာ)
No comments:
Post a Comment