Wednesday 23 November 2016

Black Holes

https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/14666056_572282102963172_5348804120325916176_n.jpg?oh=6fdc83df792f1cda0eab2dffdcf55158&oe=58CD4FDC
အာကာသဟာ အမြဲလိုလို မှောင်မိုက်နေသော နေရာတစ်ခုပါ။ အမှောင်တကာ့ အမှောင်ဆုံးကတော့ တွင်းနက်လို့ခေါ်တဲ့ ဆွဲအားပြင်းထန်တဲ့ (အပြင်းထန်ဆုံး) နေရာတွေပါပဲ..။ ဘယ်လောက်တောင်ဆွဲအားပြင်းသလဲ ဆိုလျှင်..တစ်စက္ကန့်ကို မိုင် ၁၈၆၀၀၀ ကျော်သွားနိုင်တဲ့ အလင်းတောင်မှ သူ့အနီးကိုရောက်ရင်.. ပြေးလို့မလွတ်နိုင်တော့ပါဘူး။
တွင်းနက်များကို စတင်ဖော်ထုတ်နိုင်ခဲ့တဲ့ သူကတော့ ရူပဗေဒ ပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein) ပါဘဲ..။ ၁၉၁၆ ခုနှစ်လောက်တုန်းကပေါ့..။ ဒါပေမယ့် အဲ့ဒီ့အချိန်တုန်းက သူရဲ့ သီအိုရီအရ စကြ၀ဠာအတွင်းမှာ တွင်းတွေရှိနိုင်တယ်လို့ဘဲ တွက်ပြခဲ့တာပါ။ တွင်းနက် (Black Hole) ဆိုတဲ့ နာမည်ကိုတော့ အမေရိကန် အာကာသပညာရှင် ဂျွန်ဝှီလာ (John Wheeler) က အမည်ပေးခဲ့တာဖြစ်ပြီး အာကာသအတွင်းမှာ ၁၉၇၁ ခုနှစ်ကမှ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိနိုင်ခဲ့တာဖြစ်ပါတယ်။
တွင်းနက်များဟာ ကြယ်များ သေဆုံးခြင်း (သက်တမ်းကုန်ဆုံးခြင်း) မှ စတင်ဖြစ်ပေါ်ပါတယ်။ ကျနော်တို့ရဲ့ နေလိုမျိုး ကြယ်သေးလေးတွေမဟုတ်ပါဘူး..။ နေထက် အဆသန်းပေါင်းများစွာ အင်အား ကြီးမားတဲ့ ကြယ်တွေသေဆုံးတဲ့အခါ ဖြစ်ပါတယ်..။ သူတို့ရဲ့ ကြီးမားတဲ့ ဒြပ်ထုကြီးတွေကိုအလွန် သေးငယ်တဲ့ အရွယ်အစားထဲတစ်ခုထဲ ကျုံ့ဝင်သွားစေတဲ့အခါ (တနည်း ) ဧကဝုစ်ပြုလိုက်တဲ့အခါ မှာ သေးငယ်ပေမယ့် စွမ်းအားကြီးသော အရာတစ်ခု ဖြစ်ပေါ်လာပါတယ်။
ပုံမှာ ကျနော်တို့ မြင်နေရတဲ့ စက်ဝိုင်းမည်းကြီးဟာ အပြင်စက်ဝန်း တစ်ခုသာဖြစ်ပါတယ်။ အဲ့ဒီ့စက်ဝန်းကို Event Horizon လို့ ခေါ်ပါတယ်။ အဲ့ဒီ့စက်ဝိုင်းအမည်းကြီးထဲ (တနည်း) အလယ်ဗဟိုချက်မှာ ဧကဝုစ်ပြုထားတဲ့ဆွဲအား အလွန်ပြင်းသော အရာတစ်ခု ရှိနေပါတယ်။ ဆွဲအားပြင်းထန်လွန်းတဲ့အတွက် အလင်းအပါအဝင် အရာအားလုံးကို စုပ်ယူသိမ်းပိုက်ပါတော့တယ်။ အလင်းမထွက်နိုင်တဲ့အတွက် မည်းမှောင်လို့ နေပါတယ်။ ထိုအရာကို အမှောင်တွင်း (သို့) တွင်းနက် လို့ ခေါ်ခြင်းဖြစ်ပါတယ်..။
တွင်းနက်အနားကို မည်သူမျှ မရောက်ဖူး၊ မသွားဖူးပါ။ ဒါပေမယ့် သီအိုရီအရတော့ တွင်းနက်အနား ရောက်သွားလျှင် စပါကတီ (ဂျုံခေါက်ဆွဲ) လို ဆွဲဆန့်လိုက်သလို ဖြစ်ပြီး တွင်းနက်ထဲကို ကျရောက်သွားမှာပဲ ဖြစ်ပါတော့တယ်..။

တွင်းနက်များကို အခြေခံအားဖြင့် (၃) မျိုးခွဲခြားထားပါတယ်။ ၄င်းတို့ကတော့..
၁။ stellar black holes (ကြယ်မှဖြစ်သော တွင်းနက်များ)
၂။ supermassive black holes (ဧရာမ တွင်းနက်ကြီးများ)
၃။ intermediate black holes (အလယ်အလတ်ကျသော တွင်းနက်များ)


၁။ ကြယ်မှဖြစ်သော တွင်းနက်များ (stellar black holes)
https://scontent-sit4-1.xx.fbcdn.net/v/t1.0-9/11096642_387518424772875_542148698583532768_n.jpg?oh=864ec81fc6701941df5fd6ef30d086e8&oe=58B8FD18
သေးငယ်ပေမယ့် အစွမ်းထက်တဲ့ တွင်းနက်တွေပါ..။
ကြယ်တွေလောင်စာကုန်ခန်းလို့ တောက်လောင်စရာမရှိတော့တဲ့အခါမှာ ယိုယွင်းပျက်စီးလာကြပါတယ်။ သေးငယ်တဲ့ကြယ်များ (ဥပမာ။ နေ (သို့) နေထက် ထုထည် သုံးဆလောက်သာကြီးမားတဲ့ ကြယ်များ) ကတော့ နယူထရွန်ကြယ် (သို့) အဖြူရောင်ကြယ်ပု (white dwarf) အဖြစ် အဆုံးသတ်ကြပါတယ်။ (ပုံ)
ဒါပေမယ့် နေထက် အဆပေါင်းများစွာ ထုထည်ကြီးမားတဲ့ ကြယ်များ လောင်စာကုန်လို့ ယိုယွင်းပျက်စီးပြီဆိုလျှင်တော့.. တွင်းနက် တွေအဖြစ်ကို ပြောင်းလဲသွားတတ်ကြပါတယ်။ ဒါကို ကြယ်မှဖြစ်သော တွင်းနက် (stellar black holes) လို့ခေါ်ပါတယ်။
ကြယ်တစ်လုံးမှ ဖြစ်သော တွင်းနက်များဟာ အများအားဖြင့် သေးငယ်လှပါတယ်။ ဘယ်လောက်တောင် သေးသလဲဆိုရင် ကမ္ဘာပေါ်က မြိုကြီးတစ်မြို့စာလောက်ကို သေးသွားတာပါ။ ဒါပေမယ့် သိပ်သည်းဆတော့ သိပ်များတယ်။ နေထက် သုံးဆ မက ကြီးတဲ့ ကြယ်တစ်လုံးကနေ မြို့တစ်မြို့စာလောက်ဖြစ်သွားတဲ့ သိပ်သည်းဆဟာ ဘယ်လောက်ကြီးမားပြီး ဘယ်လောက်ဆွဲအားများမလဲဆိုတာ ခန့်မှန်းကြည့်ရုံနဲ့ ကြောက်စရာကောင်းနေပါပြီ..။
သူ့အနားကို ရောက်လာတဲ့ ဖုန်မှုန့်တွေ ဓါတ်ငွေ့တွေကို စုပ်ယူ စားသုံးပါတော့တယ်..။ ပြီးတော့မှ တဖြည်းဖြည်း ပြန်လည် ကြီးထွားလာကြတာဖြစ်ပါတယ်။
သေးငယ်ပေမယ့် သေလောက်အောင် အစွမ်းထက်တဲ့ တွင်းနက် တစ်မျိုးပါဘဲ..။

၂။ ဧရာမ တွင်းနက်ကြီးများ (Supermassive Black Holes)
https://upload.wikimedia.org/wikipedia/commons/4/46/Black_hole_consuming_star.jpg
ဧရာမ ဆိုတာကတော့ မြန်မာလို ကြီးမားခြင်း၊ ကျယ်ပြန့်ခြင်းလို အဓိပ္ပါယ်ရပါတယ်။ အင်္ဂလိပ်စာလုံး "Giant" နဲ့ အဓိပ္ပါယ် ဆင်တူပါတယ်။ Supermassive giant black holes ကျတော့ ထုထည်ကြီးမားလွန်းတဲ့ ဧရာမတွင်းနက်ကြီးတွေလို့ ဘဲ ဆိုရမှာပေါ့..။
ဧရာမ တွင်းနက်ကြီးတွေဟာ ဒြပ်ထု (mass) ဘယ်လောက်တောင်ကြီးသလဲဆိုရင်.. ကျနော်တို့နေထက် ဒြပ်ထု (mass) အဆပေါင်း သန်းဂဏန်းမှ ကုဋေဂဏန်းထိအောင်ကို ကြီးမားပါတယ်။ အရွယ်အစားအားဖြင့်ကျတော့ ကြယ်လေးတစ်လုံးစာလောက်ပဲ ရှိနေပြန်ပါတယ်။ အဲဒီတော့ သူရဲ့သိပ်သည်းဆဟာ အလွန့်အလွန်ကို ကြီးမားလွန်းလှပါတယ်။
နောက်ပြီး ဒီ ဧရာမ တွင်းနက်ကြီးတွေဟာ ဂလက်ဆီအားလုံးရဲ့ အလယ်မှာ ရှိနေပါတယ်။ ကျနော်တို့ နေအဖွဲ့အစည်းတည်ရှိရာ နဂါးငွေ့တန်းဂလက်ဆီရဲ့ အလယ်မှာလည်း ရှိပါတယ်။ ဂလက်ဆီတွေရဲ့ အလယ်မှာနေပြီး..သူ့အနီးနားမှာရှိတဲ့ ဖုန်မှုန့်များ၊ ဓါတ်ငွေ့များနဲ့ ကြယ်၊ ဂြိုဟ်များစွာကို ဖမ်းယူစားသုံးကာ ထုထည် အရွယ်အစားကို ကြီးထွားစေပါတယ်။ (တချို့သီအိုရီများကတော့ ကြယ်များ၊ ဂြိုဟ်များဟာ တွင်းနက်ကြီးထဲကို ခုန်ဆင်းသွားကြတာလို့ ဆိုပြန်ပါတယ်။)
သိပ္ပံပညာရှင်များအတွက် ဒီလို ကြီးမားတဲ့ တွင်းနက်ကြီးတွေ ဘယ်လိုပေါက်ဖွားလာကြတယ်ဆိုတာကတော့ ပဟေဠိတစ်ခုအဖြစ် ရှိနေဆဲပါ။
တချို့သိပ္ပံပညာရှင်များကတော့ ဧရာမ တွင်းနက်ကြီးတွေဟာ သေးငယ်တဲ့ တွင်းနက်တွေစုပေါင်းပြီး ဖြစ်လာတယ်လို့ ယူဆထားကြပါတယ်။ နောက်ပြီး ကြီးမားတဲ့ ဓါတ်ငွေ့တိမ်တိုက်တွေဟာလည်း သူတို့ဖြစ်ပေါ်မှုကို အကူအညီ အထောက်အပံ့ ဖြစ်စေတယ်လို့လဲ ယူဆထားပါတယ်။ နောက်တစ်ချက်ကတော့ ကြီးမားတဲ့ ကြယ်များ စုပေါင်းပြီး အတူတကွ ပျက်ဆီးရာက ဖြစ်လာတယ်လို့လဲ ယူဆထားကြပါတယ်။
မည်သို့ပင်ဆိုစေ..ကျနော်တို့ ကမ္ဘာပါဝင်တဲ့ နေအဖွဲ့အစည်းကတော့ နဂါးငွေ့တန်းဂလက်ဆီရဲ့ အလယ်က ဧရာမ တွင်းနက်ကြီးကို ဗဟိုပြုပြီး အလင်းနှစ် ၂၆၀၀၀ အကွာမှ လှည့်ပတ်လျက် ရှိနေပါတော့တယ်..။

၃။ အလယ်အလတ်ကျသော တွင်းနက်များ (intermediate black holes)
http://ru.fishki.net/picsw/092012/17/post/andromeda/tn.jpg
ယခင်တုန်းက အာကာသ သိပ္ပံပညာရှင်များဟာ တွင်းနက်တွေကို ဆိုဒ်ကြီး (Supermassive Black Hole) နဲ့ ဆိုဒ်သေး (Stellar Black Hole) တွေဘဲ ရှိတယ်လို့ ထင်ထားကြတာပါ။
ဒါပေမယ့် မသေးလွန်း မကြီးလွန်းသော အလယ်အလတ် တွင်းနက်များလည်း ရှိကြောင်းကို အာကာသ သုတေသန ပညာရှင်များ နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဘယ်လိုနေရာတွေမှာ တွေ့ရှိခဲ့သလဲဆိုတော့ ကြယ်ဖြစ်ထွန်းမှု သိပ်ကိုများတဲ့ ကြယ်အစုအဝေး တွေမှာပါ။
အဲ့ဒီ့ ကြယ်အစုဝေးများထဲမှ ကြယ်များဟာ အချင်းချင်း တိုက်မိ ခိုက်မိရာမှ တဖြည်းဖြည်းချင်း၊ တဆင့်ပြီးတဆင့် တွင်းနက်အဖြစ်ကို ပြောင်းလဲလာကြတာကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။
အချို့သော အလယ်အလတ် တွင်းနက်များဟာ နောက်ပိုင်းမှာ (အချို့နေရာတွေမှာ) ဂလက်ဆီရဲ့ အလယ်ကို စုဝေးရောက်ရှိပြီး ကြီးမားတဲ့ တွင်းနက်များအဖြစ် ပြောင်းလဲရောက်ရှိသွားတတ်ကြတာ ဖြစ်ပါတော့တယ်..။

သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:

Post a Comment