Sunday 26 July 2015

ပုဂံ နဲ အနော်ရထာ

ပုဂံ
File:The plains of Bagan (02).jpg
ပထမဘုရင်ကပျူစောထီးလို့ ဖော်ပြတယ်။ သူက တကောင်းဘုရင် မဟာသတိုးရာဇာနဲ့ သူ့သားတော်သရေခေတ္တရာ ဘုရင်မဟာသမ္ဘဝတို့ရဲ့မျိုးနွယ်၊ သတိုးအာဒိစ္စရာဇာဆိုတဲ့ မင်းမျိုးက မွေးလာတဲ့ သားတော်လို့ဆိုပါတယ်။ဖော်ပြချက်က ခပ်မှိန်မှိန်ဖြစ်ပါတယ်။ ပျူစောထီးရဲ့ ရှေ့မှာ ဘုရင်၂ပါး ရှိပြန်တယ်။ ဖခင်သမုဒ္ဒရာဇ်မင်း။
နောက်တော့အိမ်ရှေ့မင်း ပျူစောထီးက သူ့ဆရာကို မင်းလုပ်ပါဆိုပြီး ဦးစားပေးခဲ့လို့ ရသေ့လူထွက် ရသေ့ကြောင်မင်း အုပ်စိုးခဲ့တယ်။
နောက်မှပျူစောထီး မင်းဖြစ်လာခဲ့ပါတယ်။
နောက် ပျူစောထီးရဲ့သားတော် ထီးမင်းယဉ် ကနေ သည်ထန်မင်းအထိ မင်း ၆ ပါးအုပ်စိုးခဲ့တယ်။
ထီးမင်းယဉ်၊
ယဉ်မင်းပိုက်၊
ပိုက်သေလည်၊
သေဉ်လည်ကြောင်၊
ကြောင်ဒူရစ်၊
သည်ထန်။
သေဉ်လည်ကြောင်မင်းလက်ထက်မှာ ပန်းပဲမောင်တင့်တယ် မောင်နှမ ဖြစ်တဲ့ မဟာဂီရိနတ် စတင်ပေါ်ပေါက် ခဲ့ပါတယ်။ စွမ်းအားကြီးတဲ့ မောင်တင့်တယ်ကို ဖမ်းဖို့လုပ်၊ ထွက်ပြေး။ သူ့ညီမ/ချစ်သူကို သေဉ်လည်ကြောင်က မိဖုရားမြှောက်။ တစ်ဖက်လှည့်နဲ့ မောင်တင့်တယ်ကိုဖမ်း၊ မီးရှို့ကွပ်မျက်။ နှမလုပ်သူ မိဖုရားကမီးပုံထဲခုန်ဆင်း လိုက်သေ။ အဲ့ဒီမှာ မောင်နှမ/ချစ်သူနှစ်ဦး မင်္ဂလာဂီရိ နတ်မောင်နှမ ဖြစ်သွားကြပါတယ်။ နောက်ပိုင်း မင်းမျိုးမဟုတ်တဲ့ အမတ်သုံးပါး မင်းလုပ်တယ်။ သူတို့မျိုးဆက် မင်း ၈ ပါးဆက်အုပ်စိုးခဲ့ပါတယ်။ နောက် ထွန်ချစ်မင်း ကနေ မင်းခွေးအထိ မင်း ၃ ဆက်။ နောက်မင်းမျိုးမဟုတ်ပြန်တဲ့ သူကြွယ် မြင်းကျွေးမင်း။ နောက်မင်းမျိုး သိင်္ခမင်း ကနေ တန်နက်မင်းအထိ မင်း၁၀ ပါး။ နောက် စလေငခွေး က မြင်းစောင်းမှာ လုပ်ကြံပြီး မင်းဖြစ် (ငခွေး အမည်နဲ့ မင်း၂ပါး တွေ့ရပါတယ်)။ နောက်စလေငခွေးရဲ့ သား သိန်းဃိုဠ်မင်း။ ထို့နောက်မှ ငခွေး မျိုးဆက်မဟုတ်တဲ့ တောင်သူကြီး ပညာရှိ ညောင်ဦး စောရဟန်း မင်းဖြစ်ပါတယ်။ နောက် တန်နက် ဘုရင်ရဲ့မျိုးဆက် ကွမ်းဆော်ကြောင်းဖြူမင်း တက်လာပါတယ်။ မိဖုရားသုံးပါးကနေ သားတော် သုံးပါး ကြီးစဉ်ငယ်လိုက် မွေးရာမှာ ကျည်စိုး၊ စုက္ကတေး၊ အနော်ရထာ တို့ ဖြစ်တယ်။
ပထမ ကျည်စိုး မင်းဖြစ်တယ်။ မုဆိုးကသမင်နဲ့ မှားပစ်လို့ ကံကုန်ရတယ်။
နောက် စုက္ကတေးမင်း။ စုက္ကတေးက အနော်ရထာ့ မိခင်၊ သူ့ဖခင်ရဲ့မိန်းမကို ဆက်ပြီး မိဖုရားမြှောက်တယ်။ အနော်ရထာကို “ညီသားနောင်မယ်” လို့ လူဘုံရှေ့ခေါ်ရာမှာအနော်ရထာက နားမလည်လို့ ဖခင် ကြောင်းဖြူမင်းကို မေးတော့မှ သူ့မိခင်ကိုသိမ်းတယ်ဆိုတဲ့အဓိပ္ပါယ်ကို သိတယ်။ အဲ့ဒီမှာ ဖခင်ရဲ့ အကြံအစည်၊ အစီအမံနဲ့ ပုပ္ပါးမှာ အင်အားစုပြီး ပုဂံကိုပြန်တိုက်တယ်။ အစ်ကို စုက္ကတေးနဲ့စီးချင်းထိုးတော့ စုက္ကတေးသေ။ အနော်ရထာရဲ့မိခင်က သားကိုမပူလင်အသစ်က ပူပြီး ရင်ဝတ်ကျွတ်တဲ့ နေရာမှာ “ရင်ဝတ်ကျွတ်ဘုရား”၊ “ပုတ္တလင်”လို့ အော်မြည်ငိုကြွေးတဲ့ နေရာမှာ “ပုတ္တလင်ဘုရား” တွေ တည်တော်မူ ခဲ့တယ်လို့ မှန်နန်းက ဆိုပါတယ်။
အနော်ရထာကသူ့အဖေကို နန်းပြန်တက်ဖို့ ပြောပေမယ့် သူ့အဖေက ငြင်းလို့ သူပဲ နန်းတက်ခဲ့ပါတယ်။ မိဖုရားက တစ်ပါးတည်းရှိသတဲ့။ အဲ့ဒီမှာ ရာဇတမန်အမတ်ကို မိဖုရား ရှာပေးဖို့ ခိုင်းစေခဲ့ပါတယ်။ ဝေသာလီပြည်က ဘုရင့်သမီး အချောအလှ ပဉ္စကလျာဏီကို နောက်ဆုံး မတတ်သာတော့ အနော်ရထာဆီ ဆက်သလိုက်ရတယ်။ လမ်းမှာ ရာဇတမန်အမတ်က စိတ်မထိန်းနိုင်လို့ မင်းသမီးနဲ့ ရောနှောမိတယ်လို့ မှန်နန်းကရေးတယ်။ ဦးကုလားကတော့ သံဝါသဖြစ်တယ် လို့ ဆိုပါတယ်။ သူ့အပြစ်ကို ဖုံးဖို့ရာ ရာဇတမန်က ပဉ္စကလျာဏီဟာ ဘုရင့်သမီးတော်အစစ် မဟုတ်ဘူးလို့ လျှောက်တင်ရာမှာ အနော်ရထာကလည်း ယုံပြီး မင်းသမီးကို ပရိမ္မအရပ်ကို နှင်စေပါတယ်။ အဲ့ဒီအချိန်မှာ မင်းသမီးဟာ ကိုယ်ဝန် အရင့်အမာနဲ့ ဖြစ်ပါတယ်။ ပရိမ္မရောက် ပဉ္စကလျာနီက မွေးဖွား လာတာကတော့ ကျန်တပ်မတော်သားပဲ ဖြစ်ပါတယ်။ (ကျန်တပ်မတော်သား အဖေဟာ အနော်ရထာလို့ မှန်နန်း တချို့နေရာမှာ ဆိုငြားသော်လည်း ရာဇတမန်လည်းဖြစ်နိုင်ချေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျန်တပ်မတော်သား ဟာ ရခိုင်-ဗမာ တစ်ယောက် ဖြစ်ပါတယ်။)
အနော်ရထာဟာသူ့ကိုအံတုမယ့် မင်းအဖြစ် ကျန်တပ်မတော်သားကို အရွယ်အမျိုးမျိုးမှာ တောက်လျှောက် လိုက်သတ် နေခဲ့ပါတယ်။ ဟူးရားဖြူ ဟူးရားညိုတို့ရဲ့ ဟောချက် အရလို့ ဆိုတယ်။
ဗိုက်ကြီးသည်၇၀ဝ၀။
လွတ်သွားတော့နို့စို့ကလေး ၆၀ဝ၀။
လွတ်သွားတော့နွားကျောင်းသားအရွယ် ၅၀ဝ၀။
အနော်ရထာအမိန့်နဲ့ သတ်ခဲ့ပါတယ်။ အဲ့ဒီလို သတ်ရဲ့ကနဲ့ ကျန်ရစ်တဲ့အတွက် ကျန်စစ်မင်းလို့ တွင်သတဲ့။နောက်ဆုံး ဟူးရားတို့က မင်းကြီး နောက်တစ်ဆက်မှ မင်းဖြစ်မယ်လို့ ဟောတော့မှ အနော်ရထာစိတ်လျှော့တော်မူတယ်။ အဲ့ဒီအချိန်မှာ ကျန်တပ်မတော်သားနဲ့ အနော်ရထာ တွေ့နေပါပြီ။ စိတ်မလျှော့လို့ကသူနဲ့ ယှဉ်မယ့်သူ ဆိုပြီးသတ်ပစ်မယ့် သဘောရှိပါတယ်။
(ဒါ အနော်ရထာရဲ့သားအရင်း ဖြစ်နိုင်ပါ့မလား။ ရာဇဝင်လာ ပန်းဦးဆွတ်ထားတဲ့ ရာဇတမန်သာ ကျန်တပ်မတော်သားရဲ့ ဖခင်ဖြစ်နိုင်ချေပိုများပါကြောင်း။)
(အတွဲ-၄မှာတော့ ပုဂံမင်းတွေ အကြောင်း အသေးစိတ် ဖော်ပြမှာဖြစ်ပါတယ်။)


အနော်ရထာ(အေဒီ ၁၀၁၇-၁၀၅၉)

https://upload.wikimedia.org/wikipedia/commons/thumb/f/ff/Anawrahta_at_National_museum.JPG/220px-Anawrahta_at_National_museum.JPG 

(သမိုင်းသုတေသီတွေကတော့ ရာဇဝင်လာ ပုဂံမင်းဆက် အတော်များများကို အထောက်အထား ခိုင်ခိုင်မာမာ မတွေ့ရဘူး ဆိုကြတယ်။ အနော်ရထာ မတိုင်မီ မင်း ၂ ဆက်လောက် ကိုပဲ အထောက်အထားနဲ့ တွေ့ရတယ် ဆိုပါတယ်။ သမိုင်းဆိုပေမယ့် ခုနှစ်တွေဟာ သမိုင်းသုတေသီတွေနဲ့ ကွဲလွဲမှုရှိတဲ့ အတွက် မဖော်ပြခဲ့ပါ။ အနော်ရထာမှ စ၍သာ မှန်နန်း ရဲ့ သက္ကရာဇ်တွေကို ဖော်ပြသွားပါ့မယ်။ ဒါလည်း ကွဲလွဲမှုတချို့ ရှိဆဲပါ။ ဥပမာ-ဒေါက်တာသန်းထွန်း က အနော်ရထာကို ၁၀၄၄-၁၀၇၇၊ နန်းသက် ၃၃ နှစ်လို့ ဖော်ပြတာ တွေ့ရပါတယ်။) အနော်ရထာဟာ အစ်ကိုကိုသတ်မိလို့ ၆လလောက် ကောင်းကောင်း အိပ်မပျော်ခဲ့ဘူးဆိုတယ်။ ကျန်တပ်မတော်သားဟာ သူ့နောက် တစ်ဆက်ခြား မင်းဖြစ်မယ် ဆိုတာ သိလိုက်ရတော့ သူ့နန်းကိုလုမှာမဟုတ်တဲ့ အတွက် အရည်အချင်းကို သဘောကျပြီးသား ဖြစ်တာနဲ့ အပါးခေါ်ထားပါတယ်။ နောက်ပုဂံသူရဲကောင်း၎ ယောက်လို့ ကျော်ကြားတဲ့ ငထွေရူး၊ ငလုံးလက်ဖက်၊ ညောင်ဦးဘီးတို့ကို ဆက်လက် စည်းရုံးနိုင်ခဲ့တယ်။
(ရာဇဝင်လာမဟုတ်ပေမယ့်ဒေါက်တာသန်းထွန်းရဲ့ ပြောပြချက် တချို့ကိုအခြေခံ ရေးသားထားတဲ့ ဒေါ်ခင်မျိုးချစ်ရဲ့ Anawrahta of Burma စာအုပ်ထဲ မတော့ ဒီသူရဲကောင်း ၄ ယောက် အကြောင်း အတော် အကျယ်တဝန့် ရေးထားပါတယ်။)
အနော်ရထာဟာလူတစ်ယောက်ရဲ့ အရည်အသွေးကို ကောင်းကောင်း ကြည့်တတ်သူဖြစ်တယ်။ ညောင်ဦးဘီးဟာ ဧရာဝတီမြစ်ကိုဟိုဘက်ကမ်း၊ ဒီဘက်ကမ်း မနားတမ်း ကူးလာ၊ ဒီဘက်ကမ်း ပြန်ရောက်တော့လည်း ညောင်ဦးကမ်းပါးကို မနားတမ်း ပြေးတက်နိုင်သတဲ့။ သူဟာ အနော်ရထာရဲ့ ရေတပ်ချုပ်ဖြစ်လာခဲ့ပါတယ်။ ငထွေရူးကတော့ ထန်းပင်တစ်ထောင်ကို မနားတမ်း တက်ပြီး ထန်းလှီးနိုင်ပါတယ်။ဒီလို စွမ်းနိုင်အောင် ခိုင်းကြတာက အနော်ရထာရဲ့ရဲမက်တွေ ဖြစ်တယ်လို့ ဒေါ်ခင်မျိုးချစ်ကဆိုပါတယ်။ ငလုံးလက်ဖယ် ကတော့ နွားအရှဉ်း ၃၀ ကို မနားတမ်း ထွန်ရေးက နိုင်သူ ဖြစ်သတဲ့။ ဒေါ်ခင်မျိုးချစ်ထဲမတော့ ငလုံးလက်ဖယ်ဟာ မိုးမရွာလို့ နတ်ပူဇော် နေသူတွေနဲ့ ခွဲထွက်ပြီး ချောင်းတွေကနေ မြောင်းဖောက် ရေသွယ်ပြီး တီထွင် ကြံဆ စိုက်ပျိုးနိုင်လို့ အနော်ရထာက သဘောကျခဲ့တာလို့ ရေးပါတယ်။ ဇာတ်လမ်း အနေနဲ့လည်း အနော်ရထာဟာ သာမန်အရပ်သား ယောင်ဆောင်ပြီး တိုင်းခန်းလှည့်လည်ရာကနေ ဒီသူရဲကောင်း တွေကို ရှာတွေ့ခဲ့တာလို့ ဖော်ပြတယ်။

ပန်းဦးလွှတ်
သူရဲကောင်းတွေစုစည်းမိပေမယ့် အနော်ရထာ မင်းဖြစ်ကာစမှ ဘဝင်မကျတာ တစ်ခုရှိတယ်။ အဲ့ဒါ အရည်းကြီး တွေပါ။ဗုဒ္ခဘာသာ အမည်ခံ ဝိဇ္ဇာလိုင်းပေါ့။ မင်္ဂလာဆောင်မယ့် သတို့သမီးကို ညဥ့်ဦးကတည်းက အရည်းကြီးတွေဆီ ပို့ထားရတယ်။ မနက် မိုးသောက်မှ သတို့သားနဲ့ လက်ထပ်ခွင့်ရှိပါတယ်။ အဲ့ဒီခေတ်မှာ မင်္ဂလာဦးည ဆိုတာ မရှိဘဲ မင်္ဂလာနှောင်း နံနက်ပဲ ရှိခဲ့တယ်လို့ဆိုရမှာပါ။ ဒါကို “ကျောင်းလွှတ် ပူဇော်တယ်”၊ “လွှတ်တယ်” စသည်ဖြင့် ကဗျာဧချင်းတွေမှာ စပ်ဆိုကြပါတယ်။ ဒီကိစ္စကို အနော်ရထာက မှားတယ်လို့ တနုံ့နုံ့ ထင်နေတယ်။ ဒါပေမယ့် အရည်းကြီးတွေကို ဖယ်လိုက်ရင်ဘာကိုးကွယ်ရမှန်းလည်း သူ မသိ။ မှန်သောတရားကို ရလိုပါ၏ လို့ အနော်ရထာ တောင့်တမိပါတယ်။

သထုံမှ ရှင်အရဟံ
တမ္မဒီပတိုင်းခေါ်တဲ့ ပုဂံပြည်မှာ သာသာနာပြုဖို့ နတ်သား ဝင်စားတဲ့ မွန်ပြည်မှ ရှင်အရဟံ (မွန်အမည်ဓမ္မဒဿီ) ဟာသထုံမှ ကြွလာပါတယ်။ ပထမဆုံး တောထဲမှာ မုဆိုးကတွေ့ပြီး ထူးဆန်းတယ်ထင်ကာ ဘုရင်ထံဆက် ပါတယ်။ တွေ့တွေ့ချင်း သင့်ရာမှာ ထိုင်ဖို့ အနော်ရထာ ဆိုရာမှာ ရှင်အရဟံကပလ္လင်ထက်မှာ တက်ထိုင်တယ်။ နောက်ဆုံး အနော်ရထာဟာ သူရှာနေတဲ့ တရားစစ်၊ တရားမှန်ကိုရှာတွေ့ပြီးအရည်းကြီး တွေကို နှိမ်နင်းပါ တော့တယ်။ ဒီလိုနဲ့ မြန်မာ ပြည်ကြီး ဗုဒ္ခသာသာ ထွန်းလင်းလာခဲ့ပါ တော့တယ်။

ကုလားညီနောင်
မွန်ဌာနီသထုံပြည်ကို ကုလားညီနောင် ၂ ပါး သင်္ဘောပျက်ပြီး ရောက်လာပါတယ်။ အချိန် ကာလအားဖြင့် ၁၁ရာစု ဆိုတော့ကာ ပင်လယ်ထဲမှာ ကျွန်တော်တို့ နားလည်တဲ့ ကုလားတွေ မရှိပါဘူး။ အဲ့ဒီအချိန်မှာအင်္ဂလိပ်တွေတောင် ပင်လယ်ထဲ မရောက်ကြသေးဘူး။ ဗမာတွေက အားလုံးကို သိမ်းကြုံးပြီး ကုလားခေါ်ခဲ့ ကြတာပါ။ ထိုစဉ်က ကုလားရဲ့ အဓိပ္ပါယ်က မြတ်သောမျိုးနွယ် ဖြစ်သတဲ့။
(ဒါကြောင့်ကျွန်တော်တောင် စဉ်းစား မိသေးတယ်။ ဗမာကြီး ဖြစ်တဲ့ ဦးကုလားက ဘာကြောင့်များ ဒီနံမည်မှည့်ထားရပါလိမ့်လို့။)
(သေချာတာကဒီကုလားညီနောင်ဟာ ဥရောပသားတွေ ဖြစ်ကြပါတယ်။ တချို့ ဆရာများ ပေါ်တူဂီလို့ ယူဆကြတယ်။ ဒါကမ္ဘာ့သမိုင်းနဲ့ နှိုင်းချိန် ယှဉ်ထိုးပြီး ပြောတာဖြစ်ပါတယ်။ မှန်နန်းထဲမှာ ညီနောင်ရဲ့အမည်တွေ မပါ။ ဗြတ်ဝိ၊ ဗြတ္တ လို့တော့ ကျွန်တော်တို့ သိထားပါတယ်။)
ဒီညီနောင်ကိုသထုံမင်း ဆရာတော်က မွေးစားတယ်။ တစ်နေ့ ဇော်ဂျီဓိုရ် ဖိုဝင်သား စားမိလို့ ဆင်ပြောင်ကြီးလိုအားရှိ လာကြသတဲ့။ နောက် ဗြတ်ဝိ အိမ်ထောင်ကျတယ်။ ဘုရင်က သူတို့ အစွမ်းကို ထိတ်လန့်တဲ့အတွက်ဖမ်းပြီးသတ်တော့ အစ်ကိုဖြစ်သူ ဗြတ်ဝိ သေ။ ညီဗြတ္တ က ပုဂံကို ထွက်ပြေးပါတယ်။
ဗြတ်ဝိရဲ့ဘယ်လက်၊ ညာလက်၊ ဘယ်ပေါင်၊ ညာပေါင်၊ ခေါင်း၊ အူအသည်းတွေကို သထုံပတ်လည် အရပ်မျက်နှာတွေမှာ မြှုပ်နှံခဲ့ကြတယ်။ အစောင့်အရှောက် သဘောပေါ့။ ဒါ့ကြောင့် ဘယ်ရန်သူမှ သထုံကို မဝင်နိုင်ဘူးဆိုတယ်။
အနော်ရထာကဗြတ်တ ကို ပုပ္ပါးက စံပယ်ပန်း တစ်နေ့ ဆယ်ခေါက် အခူး ခိုင်းတယ်။ ပုဂံနဲ့ ကျောက်ပန်းတောင်းဆိုတော့ မိုင် ၃၀ လောက်ရှိမပေါ့။ သိပ်နီးတဲ့ ခရီးတော့ မဟုတ်ပါဘူး။ အဲ့ဒီ ပုပ္ပါးမှာဘီလူးမ နဲ့ ဗြတ်တ သံဝါသပြုတယ်လို့ မှန်နန်းက ရေးတယ်။ နံမည် မပါပေမယ့် ဘီလူးမဟာ မယ်ဝဏ္ဏလို့သိထားတယ်။ အဲ့ဒီမှာ ကလေး ၂ ယောက်မွေး။ အမြွှာလို့ မပါပါ။ အဲ့ဒီကလေး ၂ ယောက်ကိုတော့ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး လို့ မှန်နန်းက အမည် ဖော်ပြထားပါတယ်။ သူတို့လည်း အဖေ ဗြတ်တလိုစွမ်းကြပါသတဲ့။

သထုံတိုက်ပွဲ
အနော်ရထာဟာဗုဒ္ခဘာသာ ဖြစ်သွားတဲ့နောက် ပိဋကတ်သုံးပုံကို အလွန်အမင်း လိုချင်ခဲ့ပါတယ်။ သထုံမှာ ပိဋကတ်သုံးပုံ အစုံ ၃၀ ရှိကြောင်း၊ ဓာတ်တော်မွေတော်တွေလည်း ရှိကြောင်း ရှင်အရဟံကနေတဆင့် သူသိထားတယ်။ ပထမ တမန်လွှတ်ပြီး တောင်းတယ်။ နောက် မရတော့ တိုက်တယ်ပေါ့။ တပ်မတော်သားဟာ ရှစ်ကုဋေ ဆိုတော့အတော်လေး ယုတ္တိလွန်ပါတယ်။ အဲ့ဒီတုန်းက လူဦးရေက အများဆုံးရှိလှ တစ်ကုဋေပေါ့။ စစ်ကြောင်းချီရာမှာ ရေတပ်ဆိုရင် ပုဂံကနေ ပဲခူးအထိ ဧရာဝတီမြစ်ရိုး တလျှောက် ရှည်လျားသတဲ့။ ဆင်တွေ၊မြင်းတွေ၊ လူတွေ တန်းစီသွားတော့ကာ ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ ဒီလို တပ်အင်အားနဲ့ တိုက်တာတောင်ပထမ မနိုင်ပါဘူး။ နောက် ဗြတ်တက သူ့မရီးဆီကို ခိုးဝင်ပြီး အစ်ကိုဖြစ်သူရဲ့ ခန္ခာအစိတ်အပိုင်းတွေ မြှုပ်ထားတဲ့နေရာစုံစမ်း၊ နောက် အဲ့ဒီအစိတ်အပိုင်းတွေ တူးဖော်၊ ပင်လယ်ထဲ လွှင့်ပစ်။ ပြီးမှ ပြန်တိုက်တော့ သထုံကို ရပါတယ်။
သထုံကနေအနော်ရထာ ရခဲ့တာ ပိဋကတ်သုံးပုံ တစ်ခုထဲ မဟုတ်ပါဘူး။ “ပန်းပု၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းရန်၊ပန်းတော့၊ ပန်းထိမ်၊ ပန်းပဲ၊ ပန်းတဉ်း၊ ပန်းတယား၊ ပန်းတမော့၊ ဆင်အတတ်၊ မြင်းအတတ်၊ ဆံထုံးအပြင်အဆင်အတတ်၊ အကြော်အလှော် အပေါင်းအကျစ် အတတ်”စတဲ့ မွန်ယဉ်ကျေးမှု တစ်ခုလုံးကြီးကို ရရှိခဲ့တာဖြစ်ပါတယ်။
တကယ်တော့သထုံမနူဟာမင်းဟာ အညံ့ခံ ခဲ့တာမဟုတ်။ ဖမ်းမိခဲ့တာသာ ဖြစ်တယ်။ ဒါပေမယ့် အမြော်အမြင်ရှိတဲ့ အနော်ရထာဟာ မွန်ဘုရင်ကို မသတ်ခဲ့သလို ယဉ်ကျေးမှုကိုလည်း မဖျက်ဆီးဘဲ အကောင်းပကတိ ဆောင်ကြဉ်းသွားခဲ့ပါတယ်။
အနော်ရထာဟာ မနူဟာမင်းကို အခြွေအရံ၊ စည်းစိမ်နဲ့ ကောင်းကောင်းထားတယ်လို့ ဆိုတယ်။ အနော်ရထာဘက်က ကြည့်ရင်တော့ သူလုပ်ပေးနိုင်တာ ဒါပဲ ဖြစ်ပါလိမ့်မယ်။ မနူဟာမင်းဘက်က ကြည့်ပြန်တော့ သူက တကယ့် မဟာယဉ်ကျေးမှုကြီးရဲ့ဥသျှောင် ဖြစ်ခဲ့တာကိုး။ ရင်ထဲ ဘယ်ကျေနပ် နိုင်ပါ့မလဲ။
သူ့ရင်ထဲကခံစားမှုကို မနူဟာဘုရားတည်ပြီး သမိုင်းမှာ တွင်ကျန်ရစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပုဂံဘုရားတွေထဲ ဒီဇိုင်း အတတ်ပညာ၊ လက်ရာမြောက်မှု တွေနဲ့ဘုရားပုထိုး အမြောက် အများ ရှိတဲ့အနက်မနူဟာဘုရား ဟာဖြင့် ရသအမြောက်ဆုံး ထင်မိပါတယ်။ မနူဟာဘုရား ထဲ ဝင်လိုက်တာနဲ့ မနူဟာဘုရင်ရဲ့ရင်ထဲကိုဝင်လိုက်ရသလို ကူးစက် ခံစားရတယ်။ အနိမ့်စံ ဘဝရဲ့ မွန်းကြပ်မှု၊ မလွတ်လပ်မှု၊ စစ်ရှုံးခဲ့ရတဲ့သိမ်ငယ်မှု စတဲ့ ဆင်းရဲ ဒုက္ဓတွေ ကြားထဲက အေးမြတဲ့ ဘုရားရိပ်၊ တရားရိပ်ကလေး မစို့မပို့ခံစားရမှု၊ကြီးမားတဲ့ နှလုံးထဲက တရားတော်နဲ့ ကျဉ်းကြပ်တဲ့ အပြင်လောကီဘဝအကြား လောင်မြိုက် နေရတဲ့ဘဝ။ အော် ... မနူဟာ၊ မနူဟာလို့ အဲ့ဒီဘုရားဖူးတိုင်း အောင့်မေ့ သတိရမိပါတယ်။
မနူဟာ ဘုရားတည်ပြီးလို့အနော်ရထာ က လာဖူးရာမှာ “နောင်တော် ငါ့ကို အထင်လွဲလေပြီ”လို့ ရေရွတ်ပြီး ကြီးစွာ စိတ်မကောင်းဖြစ်ရကြောင်း ဒေါ်ခင်မျိုးချစ် ဝတ္ထုထဲမှာ ဖော်ပြထားလေရဲ့။
မှန်နန်းလာမနူဟာရဲ့ စကားကို “သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကို မဖြစ်လို” လို့ ဖော်ပြတယ်။ မနူဟာဘုရင်ရဲ့ ရင်ထဲက ခံစားချက်တွေကိုတော့ ကောင်းကောင်းကြီး နားလည်မိ ပါကြောင်း။

ဂန္ဓာလရာဇ်တိုင်း
အနော်ရထာရဲ့သဒ္ဓါလောဘဟာ သထုံ တိုက်တာနဲ့တင် မပြီးသေးပါဘူး။ တရုတ်မှာ ဗုဒ္ဓစွယ်တော် ရှိတယ် သိတဲ့အခါ ဂန္ဓာလရာဇ်တိုင်း ခေါ် တရုတ်ပြည်ကို စစ်ချီပါတယ်။ တရုတ်ဘုရင် ဦးတည်ဘွားက မြို့တံခါးကိုပိတ်ပြီး ခံတယ်လို့ ဆိုတယ်။ ဦးတည်ဘွားက ထွက်တောင်မတွေ့တဲ့ သဘော ရှိတယ်။ ဒါနဲ့ အနော်ရထာက ဦးတည်ဘွားရဲ့ ဆရာရသေ့ထံ သွားတွေ့၊ လာရင်းကိစ္စကိုလျှောက်တင်ပြီး ဦးတည်ဘွားကို တဆင့် အပြောခိုင်းတယ်။ ဒါလည်း ဦးတည်ဘွား က ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။အနော်ရထာ ဒေါသောင်းကျန်းသူထကာ ရွှေဖျဉ်းညီနောင်ကို မြို့တွင်း ခိုးဝင်ခိုင်းပြီး ဦးတည်ဘွားကိုယ်မှာထုံး သုံးတန်အတားခိုင်း လိုက်တယ်။ အနော်ရထာ ပေးအပ်တဲ့ တာဝန်ကို ရွှေဖျဉ်းညီနောင်က အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ခဲ့တယ်။ အဲ့ဒီအခါကျမှ ဦးတည်ဘွားက ထိတ်လန့်ပြီး အနော်ရထာကို လက်ခံတွေ့ဆုံပါတယ်။ နောင် ၃လတိုင်တိုင် လက်ဆောင် ပဏ္ဍာမျိုးစုံ၊ ဟင်းလျာမျိုးစုံကို အနော်ရထာထံဆက်သ သတဲ့။ အပြန်အလှန် ဆွေးနွေးကြရင်း နောက်ဆုံး ဦးတည်ဘွားက စွယ်တော်မြတ်ကို ပင့်ဖို့ခွင့်ပြုပါတယ်။ဒါပေမယ့် အနော်ရထာ ကိုယ်တိုင်ပင့်တာ ပင့်လို့မရ။ အဲ့ဒီမှာ သိကြားမင်းက ဝင်ရှင်းတယ်လို့ရေးထားပါတယ်။ ဘုရားဗျာဒိတ်တော်အရ စွယ်တော်မြတ်ဟာ တရုတ်ပြည်မှာပဲ ကိန်းဝပ်ရမယ်၊ မင်းအနော်ရထာကိုတော့ နဖူးသင်းကျစ် ဓာတ်တော်ပေးရန် ဟောခဲ့ပြီးအဲ့ဒီ ဓာတ်တော်ကိုတော့ ဒွတ္တပေါင်မင်း လက်ထက်က သရေခေတ္တရာမှာ စေတီတည်ထား ကိုးကွယ်ခဲ့ကြောင်း သိကြားမင်းက အနော်ရထာကို ရှင်းပြပြီး မြရုပ်တုပေးပါသတဲ့။
ဒါနဲ့ပဲအနော်ရထာ စွယ်တော် မရဘဲ တပ်ခေါက် ပြန်ခဲ့ရပါတယ်။ မောပြည်၊ စောမွန်လှ၊ ရွှေဖျဉ်းညီနောင်နိဂုံးနဲ့ အနော်ရထာဖျက်ခဲ့တဲ့ သရေခေတ္တရာ တရုတ်က အပြန်မှာ မောပြည်ဆိုတဲ့ ရှမ်းပြည်ကို အနော်ရထာ လှည့်ဝင်တယ်။ ရှမ်းစော်ဘွားက သူ့သမီး စောမွန်လှကို ဆက်တယ်။
ကျောက်စည်အရပ်ရောက်တော့ ရွှေဖျဉ်းညီနောင်ကို မယုံကြည်တဲ့အတွက် အနော်ရထာက သတ်စေလို့ အမိန့်ပြုသတဲ့။ အဲ့ဒီလို ကွပ်မျက်ပြီး ခရီးဆက်အထွက်မှာ ဝိညာဉ် ဖြစ်သွားတဲ့ ညီနောင်က ဖောင်ကို ဆွဲထားလို့မထွက်နိုင်ဖြစ်ရတယ်။ ဒါနဲ့ပဲ အနော်ရထာက ရွှေဖျဉ်းညီနောင်ကို တောင်ပြုံးမှာ ကွန်းဆောက်ပြီးနေစေလို့ ဆိုတဲ့အခါကျမှာ ဖောင်တော် ခရီးဆက်လို့ ရခဲ့ပါတယ်။
မိဖုရားစောမွန်လှရဲ့ ပြဿနာ အစကတော့ နားတောင်းပဲဖြစ်တယ်။ အဲ့ဒီ နားတောင်းက ရောင်ခြည်လွှတ်တဲ့ အတွက် စုန်းအတတ်ဖြစ်မယ်လို့ ဘေးကဝိုင်းဆို၊ အနော်ရထာ မျက်စိနဲ့ တပ်အပ်လည်း မြင်ရော၊ နန်းတော်နဲ့ မထိုက်ဆိုကာ နေရပ် ပြန်လွှတ်ပါတယ်။စောမွန်လှ မောပြည် အပြန်လမ်းမှာ နားတောင်း ရေထဲပြုတ်ကျ၊ ပြန်ရှာမတွေ့၊နောက် ကောင်းကင်မှာ ပြန်တွေ့။
အဲ့ဒီ အရပ်မှာစောမွန်လှ ဘုရားတည်တယ်။ ရွှေစာရံ ဘုရားဖြစ်ပါတယ်။ ဒီလို ဘုရားတည်တဲ့ သတင်း အနော်ရထာ ကြားတဲ့အခါ ဂူဘုရား မျက်နှာတော်ဟာ မောပြည်ဘက် လှည့်ထားရင် စောမွန်လှအား သတ်စေလို့ အမိန့်ရှိသတဲ့။ ဒါကိုစောမွန်လှ သိတဲ့အခါ သိကြားမင်း အကူအညီနဲ့ ညတွင်းချင်း ဘုရားမျက်နှာတော်ကို ပုဂံပြည်ဘက် ပြန်လှည့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီကနေ အနော်ရထာဟာ သရေခေတ္တရာဘက် ခရီးဆက်တယ်။ဒွတ္တပေါင်မင်း တည်တဲ့ စေတီကိုဖျက်၊ ဓာတ်တော် နဖူးသင်းကျစ်ကို ယူပြီး ပုဂံမှာ ရွှေစည်းခုံစေတီတည်ပါတယ်။ သရေခေတ္တရာမြို့ကိုလည်း ရန်သူတို့ အသုံးချမှာစိုးရိမ်တဲ့အတွက် ဖျက်ဆီး ပစ်ခဲ့တယ်လို့ ဆိုတယ်။ ရခိုင်ရာဇဝင်မှာတော့ အနော်ရထာ ရခိုင်ချီပြီးမဟာမြတ်မုနိ ဘုရားကိုပင့်တာ မရတဲ့ အတွက် သင်းကျစ်ဓာတ်တော်ကိုပဲ ပင့်ဆောင် သွားရတယ်လို့ဖော်ပြထားကြောင်း မှန်နန်းက ဖော်ပြပါတယ်။ မှန်နန်းကတော့ သင်းကျစ်တော် ဓာတ်တော်၂ခု (ရခိုင်တစ်ခု၊ သရေခေတ္တရာတစ်ခု) ဖြစ်မယ်လို့ ယူဆကြောင်း ရေးသားထားပါတယ်။

ကျန်တပ်မတော်သားတို့ကယ်တဲ့ပဲခူး နဲ့ မဏိစန္ဒာ
တစ်နေ့မှာပဲခူးကို ဂျွမ်းစစ်သည်တွေ လာတိုက်တဲ့အတွက် အနော်ရထာကို စစ်ကူ တောင်းပါတယ်။ အနော်ရထာက မြင်းစစ်သည် ၄ သိန်း စေလွှတ်မယ်ဆိုကာ သူရဲကောင်း စစ်သည် ၄ ဦး နဲ့ ကုလားခြေလျင် တပ်သား၄၀ စေလွှတ် လိုက်တယ်။ မြင်း ၄ ကောင်ပဲ မြင်တော့ ပဲခူးဘုရင် စိတ်ထဲသိပ်မကြည်မလင် ဖြစ်ရတယ်။ ဒါပေမယ့် ကျန်တပ်မတော်သားတို့ အစွမ်းပြကာ ဂျွမ်းတပ်မတော် ဗိုလ်ချုပ် ၄ယောက်ကို အရှင်ဖမ်းနိုင်ခဲ့တယ်။ ပဲခူးဘုရင်ကအလွန်အထင်ကြီးပြီး အနော်ရထာဘုရင်ကို သူ့အချစ်ဆုံး သမီးတော် ရွှေအဆင်းရှိ မဏိစန္ဒာကိုဆက်သတယ်။ မဏိစန္ဒာနဲ့ အလေးချိန်တူတဲ့ ခြင်္သေ့ရုပ်တု ကိုလည်း တစ်ပါတည်း လက်ဆောင်ပေးတယ်။ဒါတွေကို လမ်းမှာ သူရဲကောင်း ၄ ယောက် တစ်ညစီ ကင်းစောင့်ရသတဲ့။ ကျန်တပ်မတော်သား စောင့်တဲ့အလှည့်မှာ မဏိစန္ဒာနဲ့ ဖောက်ပြားမိတယ်။ နောက် အနော်ရထာဆီရောက်လို့ အလေးချိန် ပြန်ချိန်တဲ့ အခါမှာ ခြင်္သေ့ရုပ်က မဏိစန္ဒာ မင်းသမီးထက် ပိုပြီး ပေါ့နေပါသတဲ့။ အဲ့ဒီမှာ ကျန်သူရဲကောင်း ၃ ယောက် ဖြစ်တဲ့ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့က ဒီလိုဖြစ်ရတဲ့လက်သည် တရားခံဟာ ကျန်တပ်မတော်သား ကိုယ်တော် ဖြစ်ပါကြောင်း အနော်ရထာကို ပြန်လည် လျှောက်တင်ကြပါတော့တယ်။ အနော်ရထာလည်း ဒေါသအိုး ပေါက်ကွဲခဲ့ရတယ်။ ငါ့လို ဘုရင်၊ ငါ့ရဲ့ ဘဏ္ဍာကိုမှ လုပ်ရက်လေခြင်း ပေါ့လေ။

ထွက်ပြေးတဲ့ကျန်တပ်မတော်သားနဲ့ သမ္ဘူလ
အနော်ရထာဟာအမျက်ဒေါသ ချောင်းချောင်းထွက်ပြီး ကျန်တပ်မတော်သားကို ကြိုးတုပ်ကာ ရှေ့တော်သွင်းစေတယ်။ ရှေ့ရောက်လာတဲ့ ကျန်တပ်မတော်သားကို ဒေါသထွက်လွန်းလို့ လက်ထဲက အရိန္ဒမာလှံနဲ့ လှမ်းပစ်ရာမှာလှံက ကြိုးကိုထိပြီး ကြိုးတွေ ပြတ်ထွက် သွားပါတယ်။ ဒါကို အခွင့်ကောင်းယူကာ ကျန်တပ်မတော်သားကလှံကို ကောက်ကိုင်ပြီး တဟုန်ထိုး ထွက်ပြေးတော့တာပါပဲ။
ရေတစ်တန်၊ကုန်းတစ်တန် ပြေးတဲ့ ကျန်တပ်မတော်သားကို အနော်ရထာက ကုလားတပ်မတော်သား ၇ ယောက် လွှတ်ပြီး အသတ်ခိုင်းပါတယ်။ အဲ့ဒီ တပ်မတော်သား ၇ယောက်ဟာ ကျန်တပ်မတော်သားကို လင်းလင်းရှင်းရှင်း မတိုက်ရဲဘဲ သူအိပ်ပျော်မှ တိုက်မယ်လို့ ရည်ရွယ်ပြီး ခြုံထဲပုန်းနေစဉ်မှာ ဘယ်လိုမှ လှံစိုက်မရတဲ့ ကျန်တပ်မတော်သား၊ ဒေါသထွက်ထွက်နဲ့ ခြုံထဲ ပစ်ထည့်လိုက်တဲ့ လှံက အဲ့ဒီ ၇ယောက် စလုံးကို ထုတ်ချင်းပေါက်ပန်းသီသလို ထိုးစိုက် သွားပါသတဲ့။ မိန်းမကိစ္စကြောင့်အသက်လု ထွက်ပြေးလာရတဲ့ ကျန်တပ်မတော်သားဟာ ကြောင်းဖြူ အရပ်ကို ထွက်ပြေးရင်း မထီးရသေ့ရဲ့ တူမ၊သမ္ဘူလ ဆိုတဲ့ အပျိုချောလေး နေတဲ့အရပ်ကို ရောက်လာပါတယ်။ (တော်လေးဝ၀င် သမ္ဘူလမဟုတ်။) အဲ့ဒီမှာလည်းကျန်တပ်မတော်သားဟာ နောက်ထပ် ဇာတ်လမ်း တစ်ပုဒ် ဆက်ခဲ့ပါတယ်။
(ရာဇတမန်အမတ်နဲ့ ပဉ္စကလျာနီ အကြောင်း၊ ပြီး ကျန်တပ်မတော်သား နဲ့မဏိစန္ဒာ အကြောင်းတွေကို နှိုင်းယှဉ် စဉ်းစားရင်း အဲ့ဒီခေတ်က အကြောက်ရဆုံးဖြစ်တဲ့ မင်းပြစ်မင်းဒဏ် သေဒဏ်ကိုမှ မကြောက်၊ တဏှာရာဂ အတွက် မင်းဘဏ္ဍာကိုပင် ခိုးချင်ခိုးရပါစေ အသက်ကိုပင် စွန့်ဝံ့ခဲ့တဲ့ သားအဖနှစ်ယောက်၊ နှစ်ကြိမ်တိုင်တိုင်ဘဏ္ဍာတိုက် အဖောက်ခံရတဲ့ မင်းအနော်ရထာတို့အကြောင်း လေးလေးနက်နက် တွေးဆဆင်ခြင် နေခဲ့မိပါတယ်။)

သီဟိုကစွယ်တော်
အနော်ရထာဟာဆင်ဖြူတစ်ကောင်လက်ဆောင်ပေးပြီး သီဟိုစွယ်တော်ကို တောင်းပြန်ပါတယ်။ အနော်ရထာ စေလွှတ်တဲ့ တမန်လှေဟာ သီဟိုကို ၇ ရက်နဲ့ ရောက်သတဲ့။ သိကြားမင်းအကူနဲ့ စွယ်တော် တစ်ဆူပွား၊ နောက်ဘုရင်ကိုယ်တိုင် ခေါင်းရွက် သယ်ဆောင်၊ ရေထဲ လည်ပင်းမြှုပ်သည် အထိပင့်ပြီးမှ လှေပေါ်တင်ပါတယ်။ ပုသိမ်ဆိပ်ကမ်းမှာ စောင့်နေတဲ့ အနော်ရထာကိုလည်း ထိုနည်း အတိုင်း စွယ်တော်အသယ်ခိုင်း ပါတယ်။ ပထမ နည်းမမှန်လို့သင်္ဘော ပြန်လှည့် သွားပါတယ်။ နောက်မှ အနော်ရထာကိုယ်တိုင် လည်မြှုပ်အောင်ရေထဲဆင်း ပင့်ဆောင်မှ ပင့်လို့ ရပါသတဲ့။ အဲ့ဒီ စွယ်တော်ကို ရွှေစည်းခုံမှာ ဌာပနာ ခဲ့ပါတယ်။

အနော်ရထာနိဂုံး
အနော်ရထာမင်းညောင်ရွှေဘက်က ဘုရားတည်ပြီး ပုဂံပြည်အပြန်၊ မြို့ထဲ အဝင်မှာ မုဆိုးတစ်ယောက်က ကျွဲရိုင်းတစ်ကောင် သောင်းကျန်း နေကြောင်းလာလျှောက်တယ်။ အဲ့ဒီမှာ အနော်ရထာက နန်းတော်ဘက်က ပြန်လှည့်ကာ ကိုယ်တိုင်ဆင်စီးပြီး ကျွဲကိုတိုက်ရာမှာ ကျွဲခတ်လို့ သေတယ်။ သေတဲ့အချိန်မှာသက်တော် ၇၅ နှစ် ရှိပါပြီ။ မသေခင်မှာ ဖားအထီး အသေကို ထမ်းပြီး ငိုနေတဲ့ ဖားမနဲ့ နိမိတ်ပြ ခဲ့တယ်လို့ ဆိုတယ်။

အနော်ရထာသုံးသပ်ချက်
မြန်မာရယ်လို့စတင် ဖြစ်လာတာ ကတော့ အနော်ရထာ ကြောင့်ပဲဖြစ်ပါတယ်။ သူက လက်ရှိ မြန်မာပြည်မြေပုံနဲ့ ခပ်ဆင်ဆင် အနေအထား အင်ပါယာတစ်ခုကို စတင် ထူထောင်နိုင်ခဲ့တာ ဖြစ်တယ်။ ဒါကြောင့်ပဲ သူ့ကို ပထမမြန်မာနိုင်ငံ တည်ထောင်သူလို့ သမိုင်း မော်ကွန်းတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိကအောင်မြင်မှုတွေက မွန်ကို သိမ်းနိုင်ခဲ့တာ နဲ့ ဗုဒ္ဓသာသနာ ထွန်းကား လာတာတွေ ဖြစ်တယ်။မွန်စာကို အခြေခံတဲ့ မြန်မာစာ ပေါ်လာတယ်။ ရှမ်းကို သိမ်းသွင်းနိုင်ခဲ့တယ်။ ရခိုင်ကိုသိမ်းသွင်း နိုင်ခဲ့တယ်။
မကောင်းတာတချို့လည်း ရှိတယ်။ ကျန်တပ်မတော်သားကို သတ်ချင်ဇောနဲ့ မဆင်မခြင် အပြစ်မဲ့တဲ့ ပြည်သူ ထောင်ချီ သတ်ခဲ့တာ၊ မိန်းမကိစ္စနဲ့ ပတ်သက်လာရင် သဘောထား သေးသိမ်လွန်းတာ၊ ဘေးစကားကို မချင့်မချိန်ယုံတတ်တာ၊ စတာတွေ ဖြစ်ပါတယ်။
ကောင်းတာနဲ့မကောင်းတာ ချိန်ထိုးကြည့်လိုက်ရင် ကောင်းတဲ့ဘက်က အများကြီး အလေးသာ နေတာကို တွေ့ရတယ်။
မြန်မာ ဆိုတာကိုဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု အဆင့်အတန်းတွေနဲ့ ကမ္ဘာ့ အလယ်မှာ စတင် မွေးဖွားပေးနိုင်ခဲ့တဲ့ အနော်ရထာဟာ မြန်မာ့သမိုင်းအတွက် ဂုဏ်အပြုထိုက်ဆုံး ဘုရင်တစ်ပါးလို့ ယူဆမိပါတယ်။ အဲ့ဒီတော့ တစ်ဆက်တည်း ပါပဲ။ စစ်လှပါပြီ ဆိုတဲ့ မြန်မာလူမျိုးဟာ ဘာလူမျိုး တွေများ ပါနေမလဲ စဉ်းစားကြည့်မိတယ်။ ဗမာတစ်မျိုး တည်းလား။ မဖြစ်နိုင်ပါဘူး။ ရာဇဝင်မှာ မှတ်တမ်းတင်ခဲ့တဲ့ အုပ်ချုပ်သူ လူတန်းစားမှာ တစတစသွေးနှော လာခဲ့တာကို ထောက်ရှုပြီး အောက်ခြေ ပြည်သူလူထုမှာ ဘယ်လောက်များ သွေးနှောနေခဲ့မလဲ၊ ဆက်တွေးကြည့်မိတယ်။
ကနဦး မူလအစကတော့ ဗမာပေါ့လေ။ နောက်တော့ ပျူသွေးနည်းနည်း၊ ရခိုင်သွေးနည်းနည်း၊ မွန်သွေးနည်းနည်း၊ ရှမ်းသွေးနည်းနည်း ရောလာခဲ့တယ်။ ဒါကပဲ မြန်မာအစစ် ဖြစ်တယ်လို့ ယူဆရမှာ ဖြစ်ကြောင်း ဆင်ခြင် သုံးသပ်မိပါတယ်။

2 comments:

  1. ဆရာရေ အနော်ရထာကောင်းတာထက်ပိုဆိုးတာတွေလက်မခံနိုင်စရာပါ

    ReplyDelete
  2. ဟုတ်ပါတယ်။ အနော်ရထာဟာ ရာဇ မာန်ကြီးတယ်လို့ ပြောလို့ ရပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်ရယ်လို့ ပေါ်ထွန်းလာတာပါ။ အလောင်းဘုရားလည်း ထို့နည်းတူပါပဲ။

    ReplyDelete