Sunday 26 July 2015

ကျန်တပ်မတော်သားမင်း


Statue of Kyan Sit Thar.JPG
စောလူးနဲ့ငရန်မန် ကျဆုံးပြီးတဲ့နောက် ကျန်တပ်မတော်သား မင်းဖြစ်လာပါတယ်။ ပုဂံမင်းဆက် မဟုတ်။ အထက်ကဆိုခဲ့သလို ကျန်တပ်မတော်သားဟာ ရခိုင်-ဗမာ ဖြစ်ပါတယ်။ ကျန်တပ်မတော်သားမှာ မိဖုရား ၄ ပါးရှိပါတယ်။ ပရိမ္မသားလို့ အမည်တွင်တဲ့ ကျန်တပ်မတော်သားနဲ့ ငယ်သူငယ်ချင်း ပရိမ္မအရပ်က အပယ်ရတနာ၊ ပဲခူးဥဿာမင်းသမီး ခင်ဦး၊ မထီးတူမ သမ္ဘူလ နဲ့ ထီးလှိုင်ရွာစားသမီး ခင်တန်တို့ ဖြစ်ပါတယ်။ နောက်ဆုံးမှရာဇကုမာရ်ကို ချီပြီးရောက်လာတဲ့ သမ္ဘူလကို ဦးဆောက်ပန်းဘွဲ့ပေးခဲ့တယ်။
မိဖုရားကြီးအပယ်ရတနာနဲ့ရတဲ့ သမီးက ရွှေအိမ်သည်။ တချို့စာအုပ်က ရွှေအိမ်စည်လို့ ရေးတယ်။ မှန်နန်းအခေါ် အဲ့ဒီရွှေအိမ်သည်နဲ့ ပထမဆုံး ချစ်ကြိုက်မိသူက ဟိန္ဒူကုလား ပဋိက္ကရားမင်းသား။ ကျန်တပ်မတော်သားက သဘောမတူဘဲ စောလူးရဲ့သား ခြေမသန်တဲ့ စောယွန်းနဲ့ ပေးစားတယ်။ အလောင်းစည်သူကို မွေးတယ်။ အနော်ရထာရဲ့ မြစ်၊ ကျန်တပ်မတော်သားရဲ့ မြေး ပေါ့။ ကျန်စစ်က မြေးဖြစ်သူ အလောင်းစည်သူကို အိမ်ရှေ့အရာပေးတယ်။ အဲ့ဒီနောက်မှ သားတော် ရာဇကုမာရ်ပေါ်လာသတဲ့။
မှန်နန်းက ဇေယျခေတ္တရာဆိုတဲ့ ဘွဲ့အမည်ကိုသာ ဖော်ပြပြီး ရာဇကုမာရ် အမည် မတွေ့ရ။ သားဖြစ်ရက်ကနဲ့ ထီးနန်းအမွေ မရခဲ့သူပါ။ အဲ့ဒီကနေ“သားကားအရင်း၊ မြေးကား အဖျား” ဆိုတဲ့ ဆိုရိုးစကားပေါ်လာပါသတဲ့။
(မှန်နန်းမှာမပါပေမယ့် ရာဇကုမာရ် ရေးထိုးခဲ့တဲ့ မြစေတီကျောက်စာဟာ ပျူ၊ မြန်မာ၊ ပါဠိ၊ မွန် ဘာသာတွေနဲ့ ရေးထိုးထားပြီး မြန်မာစာရဲ့ အစ လို့သုတေသီတို့ မှတ်တမ်းတင် ထားတယ် ဆိုတဲ့ အချက်ကလေးကြားဖြတ် ပြောလိုပါတယ်။)
အလောင်းစည်သူကို ရွှေအိမ်သည်ရဲ့ ငယ်ရည်းစား ပဋိက္ကရား သေပြီး ဝင်စားတာလို့ ဆိုတယ်။ တချို့ သမိုင်းအဆို ကျန်တပ်မတော်သားက မွန်-ဗမာချစ်ကြည်ရေး အတွက် ရွှေအိမ်သည်ကို မနူဟာရဲ့သားနဲ့ လက်ဆက်ပေးခဲ့တာ ဖြစ်သတဲ့။
ကျန်တပ်မတော်သား ထီးနန်းအတွက် ပြန်တိုက်ရာမှာ မွန်တို့က အဓိက အကူအညီပေးခဲ့လို့ လို့ ဆိုပါတယ်။ ဒါပေမယ့် ရွှေအိမ်သည်ရဲ့ ယောကျာ်းဟာ စောယွန်းပဲ ဖြစ်ဖြစ်၊ မနူဟာရဲ့သားပဲ ဖြစ်ဖြစ် အလောင်းစည်သူ ကတော့ မွန်သွေးပါတာ အမှန်ပါ။ စောယွန်းရဲ့ မိခင်ဟာဘယ်သူဆိုတာ မှန်နန်းက မရေးထား သော်ငြား စောလူးရဲ့ တစ်ဦးတည်းသော မိဖုရားဟာ ခင်ဦး ဖြစ်နေခဲ့လို့ပါ။

ကျန်တပ်မတော်သားသုံးသပ်ချက်
ကျန်တပ်မတော်သားကတော့အနော်ရထာ့ခြေရာ နင်းနိုင်တယ်လို့ ဆိုရမယ်။ သူ့လက်ထက်မှာ အနော်ရထာရဲ့ အောင်မြင်မှုတွေ ဆတိုးပွားလာခဲ့တယ်။ အနော်ရထာ မပြီးပြတ်ခဲ့တဲ့ ရွှေစည်းခုံကို အပြီးတည်တယ်။ အာနဒ္ဒာလို လက်ရာမြောက် တန်ခိုးကြီး ဘုရားတွေ တည်ခဲ့တယ်။ ပိုပြီး ကျစ်လစ်ခိုင်မာတဲ့ မြန်မာ အင်ပါယာတစ်ခု ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ အတိုချုပ် ပြောရရင်တော့ မြာပွေလွန်းတာ သို့မဟုတ် မြာစွံလွန်းတာကလွဲလို့ ကျန်စစ်မင်းဟာ ရာဇဝင်လာ မင်းကောင်းတစ်ပါး ဖြစ်တယ်လို့ အကြမ်းဖျဉ်းယူဆမိပါတယ်။


No comments:

Post a Comment