ဦးပိန်တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် ခရစ်သက္ကရာဇ် ၁၈၄၉ ခုနှစ်
ပုဂံမင်းလက်ထက်က မြို့စာရေး ဦးပိန်ဦးဆောင်ကာ အင်းဝနန်းတော်ရှိ
အဆောက်အဦးများကို ဖြိုဖျက်ရာမှ ရရှိလာသော ကျွန်းတိုင်များဖြင့်
တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၆၀ ကျော်အထိ သက်တမ်းရှည်ခဲ့သည့်
တံတားကြီးတစ်စင်းလည်းဖြစ်သည်။
အဆိုပါ ဦးပိန်တံတားကြီးအား
ဇရပ်အခန်းတိုင်များအပါအ၀င် ကျွန်းတိုင်ပေါင်း ၁၀၈၆ တိုင်၊ အရှည်ပေ ၃၉၆၇ ပေ၊
အခန်းပေါင်း ၄၄၇ ခန်းပါဝင်ပြီး ကမ္ဘာ့အရှည်ဆုံး
ရှေးဟောင်းအမွေအနှစ်ကျွန်းသစ်တံတားအဖြစ် ကမ္ဘာကျော်နေခဲ့သည်မှာ
ယနေ့အချိန်ထိပင်ဖြစ်သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျ
နေက မျက်နှာတည့်တည့်၊ ချွေးတွေက စွတ်ကျယ်အပေါ်ပိုင်းထိ စိုစိုရွှဲရွှဲ၊
ညာခြေတစ်ဖက် ရှေ့တိုးထားပြီး ဘယ်ညာ လက်နှစ်ဖက်နဲ့ ပြိုင်တူလှော်ခေတ်နေတဲ့
ငှက်လှေလှော်သမားတစ်ဦး သူ့နာမည်က ငှက်လှေသမား ကိုစိုးဝင်း။ ဟုတ်ပါတယ်၊ သူက
တောင်သမန်အင်းလို့ လူသိများတဲ့ အင်းကြီးထဲမှာ ငှက်လှေတစ်စီးနဲ့ လှော်ခေတ်
ရင်း ၀မ်းရေးကို ဖြေရှင်းနေတဲ့ သူတစ်ယောက်။ “အလုပ်တွေ အများကြီးရှိတယ်၊
ကျွန်တော်ဆို ရေတွင်းတူးလုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင်ကို လုပ် တတ်တယ်၊
ဒါပေမယ့် ကျွန်တော် ဒီအလုပ်ကို မစွန့်လွှတ်နိုင်ဘူး၊ ဘာလို့လဲလို့မေးရင်
ကမ္ဘာမှာနာမည်ကျော်တဲ့ ဦးပိန်တံတား သူတို့တွေ ငါ့တို့ မြန်မာပြည်ကအလှကို
ခံစားလို့ရအောင်နောက် ဒါမျိုး ငါတို့ဆီမှာပဲ ရှိတယ်ကွလို့ သူတို့ သိအောင်
ပြရတဲ့ အလုပ်မို့လို့ပဲ” လို့ ကိုစိုးဝင်းက သူရဲ့ ခံစားချက်ကို ပြောပါတယ်။
ငှက်လှေသမားတွေ၊ အတိအကျပြောရရင်
တောင်သမန်အင်း ငှက်လှေသမားတွေဘ၀က တခြား ငှက် လှေသမားတွေလို ပိုက်ဆံရပြီးရော
ခရီးသည်သွားချင်တဲ့နေရာ ရောက်ရင်ပြီးရော ဆိုတာတစ်ခုထဲတင်မ ဟုတ်၊ သူတို့တွေ
အများစု လှော်ခေတ် ပီးလိုက်ပို့ရတာ အနောက်နိုင်ငံက လူတွေ၊ အိမ်နီးချင်းက
လူတွေ ဒါပေမယ့် သေချာတာတစ်ခုက ကိုယ့်နိုင်ငံတွင်းက လူတွေ မဟုတ်၊ ဒါကပဲ
သူတို့အတွက် ဂုဏ်ယူစရာ၊ တခြားဘယ်နိုင်ငံ မှာမှ မရှိတဲ့ ကျွန်းတိုင်ပေါင်း
၁၀၈၆ တိုင်နဲ့ နှစ် ၁၀၀ ကျော်သက် တမ်းရှိနေတဲ့ ဦးပိန်တံတား ၊
ဒီတံတားကြီးကို လာပြီး အထူးအဆန်းသဖွယ်လာလေ့လာကြတယ်၊ လာမှတ်တမ်းတင်ကြတယ်၊
လာပြီး သဘာဝအရသာကို ခံစားကြ တဲ့ တိုင်းတပါးသားတွေကို လိုက်ပို့ဆောင်ရတာ
ကြည်နူးတယ်၊ ဦးပိန်တံတားကြီး ပိုင်ဆိုင် ရတာကို သူတို့တွေ ပျော်တယ်၊
နောက်ဆုံး မန္တလေးသားဖြစ်ရတာကို သူတို့တွေ ဂုဏ်ယူကြတယ်။ တံတားကြီးရဲ့
ကျေးဇူးကလည်း သူတို့အတွက် မသေးလှ၊ တံတားကြီးကို မှီခိုပြီး တစ်နေ့စာ
ဝမ်းရေး တွေကို ဖြေရှင်းသူတွေက အများသား၊ ငါးဖမ်းကြ တဲ့ ရေလုပ်သားတွေ၊
တံတားကြီးအနီးက စားသောက်ဆိုင် တွေ၊ တံတားပေါ်က လက်တင်ဈေးသည်တွေ၊ တံတားကြီး
ပတ်ချာ လည်မှာရှိနေတဲ့ နိုင်ငံခြားသားအကြိုက် မြန် မာ့လက်မှုပစ္စည်းဆိုင်တွေ၊
နောက်ဆုံး သူတို့ တောင်သမန် ငှက်လှေ သမားတွေ ကိုယ်တိုင်လဲ မှီခိုနေရတာပါ။
“တောင်သမန်ရောက်ရင် ပုဇွန်ကြော်စားမယ်”၊
“ဦးပိန်သွားပြီး အုန်းရေသောက်ရအောင်’’ ၊ “အကြော်စုံ ပူပူလေး တစ် ပွဲလောက်
ပေးပါအုန်း” ဒီအသံလေးတွေက မန္တလေးသားတွေ မန္တလေးကိုလာလည်ကြတဲ့ သူတွေ ကြားမှာ
ပြောဖူးတဲ့ ကြားဖူးတဲ့ စကားတွေဆိုတာ အမှန်ပေါ့။
“ငှက်လှေလှော်သမားတစ်ယောက်ဖြစ်ဖို့ဆိုတာ
တကယ်က မလွယ်ပါဘူး၊ သာမာန်လှေသမားထပ်ပေါ့ လေ၊ ဟန်ချက်ညီမှု၊ အချိုး ကျကျ
ခတ်တတ်မှု ဒါတွေက အဓိက လိုအပ်တယ်၊ တကယ် ငှက်လှေခတ်တတ် တဲ့ သူတစ်ယောက်
ခတ်တာကို ကြည့်တာနဲ့ သိသာတယ်၊ တကယ် ဆရာသမားနဲ့ ကျကျနန သင်ထားတဲ့ သူတွေ
ခတ်တဲ့ပုံစံက ကျနတယ် လှတယ်ပေါ့ ကျွန်တော်တို့လို ငှက်လှေသမားတွေက တင်စားတယ်
က တယ် လို့” လို့လည်း ကိုစိုးဝင်းက ငှက်လှေလှော်ခတ်မှုကို ပြောပြန်ပါတယ်။
ငှက်လှေဆိုတာ သာမာန်လှေလိုမဟုတ်ပဲ နောက်လေမြီးမှာ အတောင်အလက်နဲ့
ပုံစံထွင်းထားတာကို ခေါ်တာတစ်ခုထဲ မဟုတ်ပါဘူး၊ လှော်တက်နှစ်ခုကို
ရင်ညွှန့်နေရာစုံမှတ်မှာ ထားပြီး ဟန်ချက်ညီညီနဲ့ လှော် ခေတ်ရတာမျိုးပါ၊
လှော်ခေတ်သူရဲ့ သန်ရာ ခြေတစ်ချောင်းကို ရှေ့တစ်လှမ်းတိုး အားယူတဲ့ဟန်နဲ့လက်ဘယ်ညာအားထည့်မှု ပေါင်းစပ်ပြီး လှော်ခတ်ရတာပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“တခြားလှော်တဲ့သူတွေတော့ မသိဘူး ကျွန်တော်တော့
ဂုဏ်ယူတဲ့ဗျာ၊ ဒီတံတားကြီးရဲ့ ထူးဆန်းမှု၊ ပြီး တော့ တံတားနောက်ခံနဲ့
နေ၀င်နေထွက်အလှဒါတွေကို နိုင်ငံတကာလူတွေက တကယ်ကြိုက်တာနော်၊ တချို့ တွေ
သိရင်သိလိမ့်မယ် ဒါပေမယ့် ကျွန်တော်တို့က သူတို့နဲ့အနီးကပ်ငှက်လှော်ရင်း
လိုက်ရတာဆိုတော့ သိသာ တယ်၊ တစ်ခါခါ ပြန်ပြန်ပြောတယ် သူတို့က ဒီနေ၀င်အလှကို
သူတို့ ဘယ်မှာမှ မတွေ့ဘူးဖူးလို့၊ အဲဒါကြောင့် လည်း နိုင်ငံတကာက လူတွေက
မန္တလေးရောက်ရင် ဦးပိန်ကို မလာမဖြစ်လာကြတာ၊ ကျန်တာတွေက နောက်မှ သွားကြတာ
ဦးပိန်ကတော့ ရောက်ရောက်ချင်းကို လာကြတာ” လို့လည်း ကိုစိုးဝင်းက ပြောတယ်။
မန္တလေးရောက်ရင် မဟာမြတ်မုနိဘုရားကြီး
ဖူးမြှော်ဖို့၊ မန္တလေးတောင်ကြီး ဦးခိုက်ဖို့၊ မြွေကြီးနှစ်ကောင် နဲ့
ဓာတ်ပုံရိုက်ဖို့၊ ကျုံးဘေးမှာ လေညှင်းခံဖို့တွေထပ် ပိုတဲ့အရာက
ဦးပိန်တံတားက နေ၀င်အလှကို ကြည့်ဖို့ဆို ရင် ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။
တံတားကြီးပေါ်က နားနေထိုင်ခုံမှာ ထိုင်ရင်း တောင်အင်းမြောက်အင်းက
တိုက်ခတ်တဲ့ လေနုအေး၊ တံတားအောက်ရေပြင်ဆီက တက်လာမဲ့ ရေခိုးရေငွေ့
အငွေ့အသက်၊ အနောက်ဘက်ဆီ တဖြည်းဖြည်းတိုး ၀င်နေတဲ့ နေလုံးဝိုင်းဝိုင်းကို
လက်ထဲမှာ ကိုင်ထားမိတဲ့ အုန်းရေလေးနဲ့ လွမ်းမိလွမ်းရာ လွမ်းစရာလေးတွေကို သာ
ငေးမောနေချင်မိပါတယ်။ ရေလယ်စပ်ကို ရောက်နေတဲ့ ငှက်လှော်လေးပေါ်က
လှော်တက်နှစ်ခုကို ရင်ဝယ်ပိုက်ထားမိရင်း၊ တဖျက်ဖျက် တလက်လက်နဲ့
ဓာတ်ပုံရိုက်နေကြတဲ့ အနောက်နိုင်ငံက ဧည်သည်များကို ကြည့်ရင်း ကိုစိုးဝင်း
တစ်ယောက် ပြုံးရုံလေးပြုံးကာ တံတားနောက်ခံနားက နေမင်းကြီးကိုသာ
ကြည့်နေမိပါတော့တယ်။
Writer : ကျော်ဝေမင်း
No comments:
Post a Comment