Wednesday, 11 May 2016
အားရော အားကြရဲ့လား
‘ကဲ . . . ဒီကအစ်ကိုကြီး။ ပြန်ထွက်လို့ရပါပြီ’
တာဝန်ကျ မီးသင်္ဂြိုဟ်လုပ်သားရဲ့ စကားအဆုံး မီးတောက်တွေကြားက ကျုပ်သူငယ်ချင်းရဲ့ ရုပ်အ လောင်းကို ကျောခိုင်းပြီးတံခါးပေါက်ကနေ ပြန်ထွက်လာခဲ့တယ်။
ကျုပ်လေ ရင်ထဲမကောင်းလိုက်တာဗျာ။ ဝမ်းနည်းလွန်းလို့ ရှိုက်ကြီးတငင် ငိုချလိုက်တာဗျာ။ ဝမ်းနည်း လွန်းလို့ ရှိုက်ကြီးတငင် ငိုချလိုက်ချင်ပေမယ့် မျက်ရည်တွေက မဆိုစလောက်လေးပဲ စိမ့်ထွက်လာ တယ်။ အခေါင်းတစ်လုံးကို ရဲရဲတောက်နေတဲ့ မီးညွန့်တွေပေါ် တုတ်ပိုင်းကြီးနဲ့ ထိုးတင်လိုက်တာများ အေးခင်တို့သားအမိတွေမြင်ရင် ခံနိုင်ရည်တောင် ရှိနိုင်ပါ့မလားလို့ ကျုပ်တွေးမိတယ်။ အင်းလေ ဒါကြောင့်မို့လည်း သူတို့သားအမိတွေ ဝင်မကြည့်ကြတာတူပါရဲ့။ မီးရှို့တဲ့အခန်းထဲ ကွယ်လွန်သူရဲ့ မိသားစုဝင်တစ်ယောက်၊ နှစ်ယောက်ဝင်ကြည့်ဖို့ခေါ်တော့ စိတ်မခိုင်လို့ဆိုပြီး သူတို့ကဝင်မကြည့်ကြ ဘူးလေ။ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ကျုပ်ကိုပဲဝင်ကြည့်လိုက်ပါတဲ့။
သူငယ်ချင်း မျိုးမင်းရေ၊ ဟောဒီရေဝေးသုသာန်ရဲ့ မီးတောက်တွေကြားထဲက ပြာမှုန့်ကလေးတွေထဲမှာ မင်းရဲ့ခန္ဓာ နိဋ္ဌိတံသွားတော့မှာပေါ့။ မင်းရဲ့မိန်းမနဲ့ သမီးသုံးယောက်။ ပြီးတော့ကျုပ်။ ပြီးတော့ ဟောဒီ သတ္တလောကကြီးထဲမှာရှိနေတဲ့ သက်ရှိလူသားတွေအားလုံးဟာ တစ်နေ့နေ့တော့ မင်းနောက်ကို မုချမ လွဲလိုက်လာကြမှာပါ။ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လိုပုံစံမျိုးနဲ့သာမသိသေးတာပါ။ လိုက်လာရမှာ တော့ ဧကန်ပဲလေ။ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့အေးခင်တို့သားအမိကိုကြည့်ပြီး ကျုပ်ဘယ်နှစ်သိမ့်ရ မလဲလို့ တွေးကြည့်မိတယ်။
ဒါပေမဲ့ သေချာတာတစ်ခုက ကျုပ်ကိုယ်ကျုပ်တောင် မနှစ်သိမ့်တတ်သေးဘူးလေ။ လက်ထဲမှာကိုင် ထားတဲ့ ယပ်တောင်ကလေးကို ငုံ့ကြည့်လိုက်တော့ မျက်ရည်တွေကြားကနေ ခပ်ဝါးဝါးတွေ့လိုက် တယ်။ ဦးမျိုးမင်း အသက် (၄၅) နှစ်တဲ့။ အဲဒါ ကျုပ်သူငယ်ချင်းကြီးပေါ့။ ကျုပ်နဲ့ ဟိုး လေး၊ ငါးနှစ်သား အရွယ်ကတည်းက ပခုံးဖက်ပြီးပေါင်းလာကြတဲ့ ငယ်သူငယ်ချင်း အရင်းကြီးပေါ့ဗျာ။
သူဟာ တကယ်တော်တဲ့ လူတော်တစ်ယောက်ပါ။ ဟိုးအရင်ခပ်ငယ်ငယ် ကျောင်းသားဘဝကတည်း က အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်ခဲ့တဲ့ လူတစ်ယောက်ပေါ့။ အပျော်အပါး အလေအလွင့်စိတ်ဆို တာ သူ့ဆီမျာတစ်ခါမှမတွေ့ခဲ့ဖူးဘူး။ ဘာမှလုပ်စရာမရှိရင်တောင် စာဖတ်နေတဲ့ လူစားမျိုး၊ ကျောင်း သားဘဝတုန်းကပေါ့။
အသက်ကလေးရလာလို့ အိမ်ထောင်တွေ ဘာတွေကျတော့လည်း ကြိုတင်အစီအစဉ်ချထားတဲ့ ရှေ့ ဆက်လုပ်စရာတွေက သူ့ဆီမှာမနည်းမနော။ အလုပ်နဲ့လက်နဲ့ကိုမပြတ်တာ။ ‘သူငယ်ချင်း မင်းကြည့်ရ တာ ပင်ပန်းလိုက်တာကွာ’ အဲဒီလိုကျုပ်ပြောတော့ သူဘာပြန်ပြောတယ်ထင်သလဲ။ ‘အရွယ်ရှိတုန်း ကြိုးစားထားရမယ် သူငယ်ချင်း။ အခုချိန်အပင်ပန်းခံမှ နောင်တစ်ချိန် သက်သာမှာ။ မင်းလည်းကြားဖူး ပါတယ်။ အရိပ်လိုချင်နေပူထဲကစောင့်ဆိုတာလေ။ အသက်ကြီးမှ နောင်တမရချင်ဘူးကွာ’
သူပြောတာလည်း ဟုတ်သားဗျ။ ဒါကြောင့် သူတို့မိသားစု အဆင်ပြေပြေနေနိုင်တာ။ ကျုပ်ကဖြင့် အဲဒီ လိုမဟုတ်ပေါင်။ အခွင့်အရေးရရင်ရသလို အပျော်အပါးက ခပ်များများရယ်။ အနာဂတ်အစီအစဉ်ဆို တာလည်း ကျုပ်ဆီမှာလုံးဝမရှိခဲ့ဖူးဘူး။ ဒါကြောင့်မို့ထင်ပါရဲ့။ ဆင်းရဲတဲ့မိသားစုတွေဆီက ကြီးပြင်းလာ ကြသူချင်းအတူတူ သူကပဲတစ်ဟုန်ထိုး တိုးတက်သွားတယ်။ ကျုပ်မှာဖြင့် နည်းနည်းချင်းပဲ စုဆောင်း နိုင်ခဲ့တယ်။ တစ်ခါတလေ ကျုပ်အခက်အခဲရှိရင် သူ့ဆီကတောင် ပြန်ချေးငှားနေရသေး။ အဲဒီအချိန်မျိုး ဆို သူပြောတတ်တာတစ်ခုရှိတယ်။ ‘အချိန်တွေကို အကျိုးရှိရှိအသုံးချစမ်းပါကွာ’ တဲ့။ တစ်ခါတုန်းက လည်း တရားပွဲသွားမလို့ဆိုပြီး သူ့ကိုကျုပ်ခေါ်ဖူးသေးတယ်။ ညပိုင်းလုပ်စရာအရေးကြီးတဲ့ကိစ္စတွေရှိ လို့ဆိုပြီး သူငြင်းခဲ့တယ်။ ‘အူမတောင့်မှ သီလစောင့်နိုင်မှာ သူငယ်ချင်း။ အူမတောင့်ဖို့အတွက် ကြုံ တုန်းလေး ဖြည့်ထားပါရစေဦး’ တဲ့။
အင်းလေ။ သူအဲဒီလို စီးပွားရေးလုံးပန်းခဲ့လို့လည်း သူတို့မိသားစု မတောင့်မတ မကြောင့်မကြနေနိုင် တာ ထင်ပါရဲ့။ ကျုပ်အမျိုးသမီးကဆို သူ့ကိုအရမ်းချီးကျူးတာ။ ‘ကိုမျိုးမင်းဟာ တော်တော်အလုပ်လုပ် နိုင်တယ်နော် အံ့ရော။ သူ့ကြည့်လိုက်ရင် အလုပ်နဲ့လက်ပြတ်တာ မမြင်ဖူးသလိုပဲ’။ အဲဒီလိုများပြောရင် ကျုပ်စိတ်ထဲ သိပ်မကြိုက်ချင်ဘူး။ ဒါပေမဲ့ ကျုပ်ကိုလည်းအပြစ်ပြောပြီး ဝေဖန်တာမျိုးတော့ မရှိဘူး။ ကိုယ့်ကိုယ်ကိုယ်မို့ ပြောတာမဟုတ်ဘူး။ ကျုပ်လည်း တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ခါတလေ အခက်အခဲရှိလို့ စီးပွားရေးလေးမဆိုစလောက် ကျပ်တည်းတတ်တာကလွဲပြီး ချို့ချို့တဲ့ တဲ့တော့ မဟုတ်ပါဘူး။ ကျုပ်သူငယ်ချင်းလို အုတ်ခံတိုက်အိမ်မျိုးနဲ့ မထားနိုင်ခဲ့ပေမယ့် ပျဉ်ထောင်သွပ် မိုးထက်တော့ မနိမ့်ခဲ့ပါဘူး။ ဆီအပြည့်၊ ဆန်အပြည့်နဲ့ ရွှေခံရွှေရံလေးလောက်တော့ အပိုအလျှံရှိပြီး သား။ ဘာပဲဖြစ်ဖြစ်တော့ ကျုပ်နဲ့ကျုပ်သူငယ်ချင်းက နံ့သာဆီနဲ့အီး။
ကျုပ်သူငယ်ချင်းမှာ ရွှေဖြူ၊ ရွှေဝါ၊ ရွှေခင်ဆိုပြီးတော့ သမီးသုံးယောက်ရှိတယ်။ သူအခုကြိုးစားလုပ်နေ ရတာ အိမ်ထောင်မကျသေးတဲ့ သူ့သမီးတွေ နောင်ရေးအတွက်တဲ့။ ဖခင်ကောင်းပီသတာများ ပြောပါ တယ်။ သူ့နောက်ဆုံးရည်မှန်းချက်က သူမသေခင် သူ့သမီးသုံးယောက်အတွက် အိမ်နဲ့ခြံ တစ်ယောက် တစ်ကွက်စီဝယ်ပေးထားနိုင်ဖို့တဲ့။ တော်တော်တောင် နီးစပ်နေပြီပြောတယ်။ အဲဒီရည်မှန်းချက်နဲ့ပဲ သူ့ရဲ့အချိန်ဇယားထဲမှာ အားလပ်ချိန်ဆိုတဲ့စာသား ပျောက်နေခဲ့တယ်။ ဟောအခုကြည့်။ သူ့ရည်မှန်း ချက်တွေမပြည့်ခင် ရုတ်တရက်ကြီး ဆုံးပါးသွားခဲ့ပြီ။ မအားလပ်တဲ့ကြားကပဲ ထားသွားရက်ခဲ့ပြီ။ သူငယ်ချင်းရေ ကောင်းရာသုဂတိ လားပါစေကွာ။ မင်းမရှိတဲ့နောက်ပိုင်း မင်းမိသားစုတဖြည်းဖြည်း အသားကျသွားမှာပါ။ စိတ်ဖြောင့်ဖြောင့်သာ သွားပေတော့။ ရေဝေးသုသာန်ကြီးကတော့ မီးခိုးလုံးကြီး တွေ၊ မျက်ရည်ပေါက် ကြီးငယ်တွေ၊ ဝမ်းနည်းပူဆွေးမျက်နှာတွေ၊ အော်ဟစ်ငိုယိုသံတွေနဲ့ ကြိတ်ကြိတ် တိုးလို့ပေါ့။ နောက်ထပ်နောက်ထပ် ရောက်လာကြတဲ့ အသက်မဲ့ခန္ဓာတွေထည့်ထားတဲ့ ခေါင်းတလား အပြင်ဘက်တွေမှာ ဦး၊ ဒေါ်၊ ကို၊ မနဲ့ နာမည်တွေ အမျိုးမျိုး ရေးထိုးထားကြတယ်။ အသက်အရွယ်တွေ ကလည်း ကိန်းဂဏန်းအစုံအလင်။
သြော် . . . သူတို့တွေလည်း ဒီလိုရောက်လာကြတာ အားရောအားကြရဲ့လား။
No comments:
Post a Comment