Saturday, 9 April 2016
လိုချင်တာရအောင်ယူ
အဆိုအမိန့်လေးတစ်ခု ဖတ်ဖူးပါတယ်…
“လိုချင်တာကို ရအောင်ယူပါ
လိုချင်တာကို ရအောင်မယူနိုင်တဲ့သူဟာ
ရထားတာတွေ ဆုံးရှုံးတတ်တယ်…”
တကယ့်ကို အနှစ်သာရရှိတဲ့စာသားလေးပါပဲ… ကျွန်တော်တို့လူသားတွေမှာ လိုအင်ဆန္ဒတွေကိုယ်စီရှိကြပါတယ်… ဖြစ်ချင်တဲ့ဆန္ဒ… မက်ခဲ့တဲ့အိပ်မက်… ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်… ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖော်ပြကြပေမဲ့ လိုရင်းကတော့ လိုအင်ဆန္ဒလို့ပဲ ဆိုရပါမယ်…
လိုအင်ဆန္ဒဆိုတာကလည်း အမျိုးမျိုးပါပဲ… ဆင်းရဲတဲ့သူကချမ်းသာချင်တယ်… နိမ့်ကျတဲ့သူကတိုးတက်အောင်မြင်ချင်တယ်… ချမ်းသာတဲ့သူကလည်း ထင်ရှားကျော်ကြားချင်တယ်… ထင်ရှားကျော်ကြားတဲ့သူကလည်း ချမ်းသာချင်မယ်… သြဇာအာဏာရှိချင်မယ်… ကိုယ်ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ တူတူနေချင်ကြမယ်… လူငယ်လူရွယ်တွေက ပညာထူးချွန်ချင်တယ်… စူးစမ်းသိမြင်ချင်မယ်… လိုအင်ဆန္ဒတွေဟာ ပြင်းပြမှုအမျိုးမျိုးနဲ့ ကျွန်တော်တို့စိတ်ထဲမှာ နေရာယူထားတတ်ပါတယ်…
ဘဝမှာ တိုးတက်အောင်မြင်ချင်တယ်ဆိုရင်တော့ ရည်မှန်းချက်တွေ ဝေဝါးတွေဝေနေလို့မရပါဘူး… တစ်နည်းအားဖြင့် လိုအင်ဆန္ဒအသေးလေးတွေကို အလိုလိုက်လို့မရပါဘူး… ကိုယ်တကယ်အဖြစ်ချင်ဆုံး အရချင်ဆုံး လိုအင်ဆန္ဒကို အဓိကထားဖြည့်ဆည်းရပါမယ်… အဲ့ဒီအတွက် လိုအင်ဆန္ဒအသေးလေးတွေကို စွန့်လွှတ်ကောင်းစွန့်လွှတ်ရပါလိမ့်မယ်… ဒီလိုဖြည့်ဆည်းရင်း တစ်ချို့လိုအင်ဆန္ဒအသေးလေးတွေလည်း အလိုလိုပြည့်ဝလာကောင်းပြည့်ဝလာပါလိမ့်မယ်…
တစ်ခုခုကို ဖြစ်ချင်ပြီ ရချင်ပြီ လိုချင်ပြီဆိုရင်တော့ မရရအောင် ကြိုးစားရပါမယ်… မဖြစ်နိုင်တာတွေကိုတွေးနေမယ်… အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေမယ်ဆိုရင်တော့ လိုချင်တာမရနိုင်တဲ့အပြင် ရထားတာတွေကိုပါ ဆုံးရှုံးသွားနိုင်ပါတယ်… ခုနက ဥပမာကို ပြန်သွားရင် ထူးထူးချွန်ချွန်အောင်မြင်ချင်ပေမဲ့ ဒီကျောင်းသားက သူ့ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ မကြိုးစားဘူးဆိုပါစို့… ပုံမှန်စာမကျက်တဲ့အတွက် စာကြွေးတွေပိုလာမယ်… မေးလိုက်တိုင်းစာမရတဲ့အတွက် ဆရာဆရာမတွေနဲ့ သူငယ်ချင်းတွေရဲ့ အထင်သေးမှုကိုခံရမယ်… ကိုယ့်ကိုယုံကြည်မှုလည်း လျော့ကျသွားတဲ့အတွက် မူလရှိပြီးသား ဥာဏ်ရည်ဥာဏ်သွေးလေးတွေ တဖြည်းဖြည်းမှေးမှိန်သွားမှာဖြစ်ပါတယ်… ရှေ့ဆက်မတိုးတဲ့သူဟာ မူလနေရာမှာ ဆက်ပြီးရပ်တည်နိုင်ဖို့မလွယ်ပါဘူး… တဖြည်းဖြည်းနောက်ကိုရွေ့သွားမှာသေချာပါတယ်…
လူမှုစီးပွားဝန်းကျင်တွေမှာလည်း ဒီသဘောပါပဲ… တစ်စုံတစ်ခုကို ဖြစ်ချင်ရချင်ပြီဆိုရင် ရယူအောင်မြင်ဖို့ မဖြစ်မနေကြိုးစားဖို့လိုပါမယ်… လိုအင်ဆန္ဒတွေ ရည်မှန်းချက်တွေဆိုတာ စိတ်ကူးယဉ်နေဖို့ အိပ်မက်မက်နေဖို့သက်သက်မဟုတ်ပါဘူး… အကောင်အထည်ဖော်ဖြည့်ဆည်းရမယ့် အရာဖြစ်ပါတယ်… ပြိုင်ဆိုင်မှုတွေ အဘက်ဘက်ကများပြားပြင်းထန်နေတဲ့ ဒီနေ့ခေတ်မှာ ပိုသိသာပါတယ်… တွေဝေစဉ်းစားနေတဲ့အချိန်မှာ ဘဝရဲ့အဆင့်အတန်းက အများကြီးကွားခြားသွားနိုင်ပါတယ်…
နောက်တစ်နည်းကြည့်မယ်ဆိုရင် သင်က သင့်မိန်းကလေးသူငယ်ချင်းတစ်ယောက်အပေါ် တိတ်တခိုးချစ်နေတယ်ဆိုပါစို့… သင့်လိုအင်ဆန္ဒက သူမရဲ့ မေတ္တာကိုရဖို့ဖြစ်ပါတယ်… သင်လိုချင်တဲ့အတိုင်းဖြစ်လာဖို့ သင့်အနေနဲ့ကြိုးစားရပါမယ်… သင့်မေတ္တာကိုမြင်အောင်ပြမယ်… သူ့ကိုမေတ္တာရှိကြောင်း ဖော်ပြမယ်… သူ့အတွက် လိုအပ်တာတွေကို ဖြည့်ဆည်းပေးမယ်… သင့်အပေါ်မေတ္တာရှိလာနိုင်မယ့်နည်းလမ်းအားလုံးကို သုံးပြီးသင်ကြိုးစားရပါလိမ့်မယ်… သင့်မေတ္တာကိုအကြောင်းတစ်ခုခုကြောင့် မတုံ့ပြန်နိုင်ရင်တောင် သင်ဟာသူ့ဘဝအတွက်အကောင်းဆုံးလူတစ်ယောက်ဆိုတာကို အသိအမှတ်ပြုခံရပါလိမ့်မယ်… အဲ့ဒီလိုမျိုးကြိုးစားအားထုတ်မှုလည်း မလုပ်ခဲ့ဘူး… သင့်ဘာသာတိတ်တခိုးလေးနဲ့ ကျေနပ်နေမယ်ဆိုရင် သာမန်အားဖြင့် သူငယ်ချင်းဆိုတဲ့သင့်နေရာလေးမှာ သင်ရပ်နေမိသလိုပါပဲ… ဒါပေမဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူမအတွက်သင့်တော်တဲ့သူတစ်ယောက်ကိုတွေ့သွားမယ်… အဲ့ဒီလို ချစ်သူရည်းစားနဲ့ယှဉ်လိုက်တဲ့အခါ သူငယ်ချင်းဆိုတာ အရေးပါးမှုတော်တော်နည်းသွားပါပြီ… ဒီလိုနဲ့ တဖြည်းဖြည်းစိတ်ချင်းလူချင်းဝေးသွားကြပါမယ်… ဒါကလည်း ရထားတဲ့အခြေအနေတစ်ရပ် ဆုံးရှုံးသွားတာပါပဲ…
တစ်ခုခုကိုလိုချင်တဲ့အခါ ရပ်တန့်မနေပါနဲ့… ရယူနိုင်ဖို့ကြိုးစားပါ… အကြောင်းတစ်ခုခုကြောင့် လိုချင်တာကိုမရနိုင်ခဲ့ရင်တောင် ကြိုးစားမှုရဲ့အကျိုးရလဒ်တစ်ခုခုကို သင်လက်တွေ့ခံစားရပါလိမ့်မယ်… တွေဝေလေးဖင့်နေမယ်ဆိုရင်တော့ လက်ရှိအခြေအနေ အခွင့်အရေးတွေကိုတောင် သင်ဆုံးရှုံးသွားနိုင်ပါတယ်…
နှိုင်းရင့်နွေ
No comments:
Post a Comment