Tuesday, 18 August 2015
သူ့နေရာနဲ့သူ
ဗညားကျန်းတောအမတ်ဟာ အလွန်ဆင်စီးတော်တယ်လို့ သာလွန်မင်းကသိထားတယ်။ ဒါနဲ့ တစ်နေ့တော့ အမတ်ကြီးကို သူ့ဆင်တွေထဲက အကြမ်းဆုံး၊ အရိုင်းဆုံး ဆင်တစ်ကောင်ကို ယူစေပြီး
“နင်နဲ့ငါ နှစ်ယောက်တည်း ဆင်စီးထွက်ကြမယ်” လို့ဆိုလိုက်တယ်။ ဘုရင်က အမတ်ကို ဘယ်လောက် ယုံကြည်တယ်ဆိုတာ ပြလိုက်တာပဲ။ တစ်နည်းအားဖြင့် ဆင်ရိုင်းနဲ့မွန်လက်မှာ သူ့အသက်ကို အပ်လိုက်တဲ့ သဘော။ ဆင်ကလည်း ရိုင်းသလားမပြောနဲ့။ ဗညာကျန်းတောကလည်း ဆင်ရိုင်းကို လမ်းကြမ်း လမ်းရိုင်းတွေမှရွေးပြီး ဒုန်းစိုင်းစီးတယ်။ ဘုရင်လည်း “ငါ့အသက် နင့်လက်တွင်ရှိပေါ့။ နင်ကြိုက်သလိုပြုစမ်း” ဆိုပြီး မထီသလိုပြောတယ်။ ဒီတော့ ဗညားကျန်းတော ကလည်း ချွန်းကုန်ဖွင့်ပြီး ဆင်ကိုပြေးစေတယ်။
လမ်းဘေးတစ်နေရာမှာ ဆီသည်မတစ်ယောက်က ဆီထိုင်ရောင်းနေတယ်။ ဆင်လည်း အဲဒီဆီသည်မကို ထိုးမယောင်ပြုပြီး အတင်းကိုတိုးသွားတယ်။ ဗညားကျန်းတောကလည်း “ဟဲ့ .. ဆီသည်မ ပြေးဟ” လို့ ဆိုလိုက် တယ်။ ဆီသည်မက ပြောင်းဖူးဖက်သောက်မပျက် ဂရုတောင်မစိုက်ဘူး။ ဒါနဲ့ ဗညားကျန်းတောလည်း ဆင်ကို ဆီသည်မအနီးမှ ချွန်းကိုသတ်ပြီး ရပ်စေလိုက်တယ်။ ဘုရင်ကလည်း “သွားပြီဟ” ဆိုပြီး မျက်နှာကို လက်နဲ့ ကွယ်လိုက်တယ်။ ဗညားကျန်းတောက ဆီသည်မကို “ကံကောင်းလို့ပေါ့ကွယ်။ ငါ့ချွန်းနိုင်လို့သာ နင်အသက် ချမ်းသာရာရတယ်” လို့ပြောလိုက်တယ်။ ဒီတော့ ဆီသည်မက “ အလိုလေ့ ကျွမ်းကျင်ရာလိမ္မာ အထင်ကြီးစရာမရှိပါ” လို့ ပြော လိုက်တော့ ဗညားကျန်းတော စိတ်ထဲမှာ အောင့်သက်သက်ဖြစ်သွားတယ်။
ဗညားကျန်းတောလည်း ဆင်ပေါ်ကဆင်းပြီး “မယ်မင်းစကား ငါ့ကို စော်ကားလှတယ်။ ငါသာ အချိန်မီ ချွန်းမ သတ်နိုင်လျှင် နင်သေဖွယ်ရာရှိတယ်” လို့ပြောလိုက်တယ်။ ဆီသည်မက “အရှင်လည်း ဆင်အရာကျွမ်းပေမပေါ့။ ကျွန်ုပ်အရာတော့ မကျွမ်းနိုင်” လို့ပြန်ပြောတယ်။ ဗညားကျန်းတော လည်း ဘာပြောရမှန်းမသိဖြစ်နေတုန်း ဆီသည်မက “အရှင် ဤဗူးခါးထဲသို့ ဆီမှုတ်ကို တစ်ထွာလောက်ခွာပြီး လောင်းထည့်နိုင်သလော” လို့ မေးလိုက်တယ်။
လက်ညှိုးလုံးလောက် ဗူးခါးသီးခြောက် အပေါက်ထဲကို ဆီမှုတ်ထဲကဆီ တစ်ထွာလောက်ခွာပြီး ဘယ်လို လောင်းထည့်နိုင်ပါ့မလဲ။ “မယ်မင်း လုပ်ပြလေ။ စွမ်းသမို့လား” လို့ပြောလိုက်တော့။ ဆီသည်မက အိုးထဲက ဆီကို မှုတ်နဲ့ခပ်ပြီး ဗူးသီးခြောက်ထဲကို တစ်ထွာအကွာကနေ တစ်စက်မျှ မဖိတ်အောင် လောင်းထည့် ပြလိုက် တယ်။
“တော်ပါ့ပေ့ မယ်မင်းရယ်။ သူ့နေရာနဲ့သူ အစွမ်းမတူပေါ့။ ငါ့ကိုယ်ငါ ဇမ္ဗူတစ်လူလို့ထင်နေတာ မယ်မင်းက အသိပေးလိုက်တာပဲ။ ကျေးဇူးကြီးပါပေ့” လို့ပြောပြီး ဆင်နဲ့အတူ ပြန်လည်ထွက်ခွာသွားတော့တယ်။
Credit: Sayar U Tin Nyunt
No comments:
Post a Comment