Wednesday, 1 July 2015

အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ဆိုရင်

 အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်း, SMEs, ဥပဒေများ
တလောက ဖတ်လိုက်ရတဲ့ သတင်းတခုမှာ မြန်မာနိုင်ငံမှာ အက်စ်အမ်အီး လို့ ခေါ်တဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် မလာသေးတာဟာ လိုအပ်သလောက် ချေးငွေ မရရှိတာကြောင့် ဖြစ်ရတယ် လို့ ဆိုပါတယ်။ ဒီဟာက ဂျာမန်အစိုးရ စီးပွားရေး ဖွံ့ဖြိုးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။
ချေးငွေ လိုအပ်သလောက် မချေးနိုင်တာကြောင့် ဆိုတာ ယေဘုယျအားဖြင့်တော့ မှန်ပါတယ်။ ဒါပေမယ့် ကနေ့ မြန်မာပြည်ရဲ့ အထွေထွေ အခြေအနေများ ကိုလည်း ထည့်သွင်းသုံးသပ်ဖို့ လိုပါတယ်။
အကြမ်းဖျင်းအားဖြင့် ပြောရရင် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ မြန်မာပြည်မှာ တိုးတက်လာဖို့ ဆိုတာ ချေးငွေအလုံ အလောက် မရရှိတာ အပြင် တခြားသော အချက်အလက် အတော်များများနဲ့ ပတ်သက်နေပါတယ်။ အခြေခံအားဖြင့် မရှိမဖြစ် လိုတာက ချေးငွေဆိုတာ ဟုတ်ပါတယ်။ သို့သော် နောက်ထပ် ထည့်တွက်ရ မယ့် ကိစ္စတွေ ကို အောက်မှာ ဆက်ဆွေးနွေးထားပါတယ်။
၁။ ချေးငွေနဲ့ပတ်သက်ရင် ရှင်းရှင်းလင်းလင်း ရှိဖို့လိုလာပါတယ်။ ဘတ်ဂျက် အချိန်အတိုင်းအတာ ကာလအတွင်း အစိုးရက ချေးနိုင်တဲ့ ငွေကြေးပမာဏဟာ ဘယ်လောက်ရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း တင်ပြနိုင်ရပါမယ်။ အဲဒီအထဲမှာ ဘယ်လို အသေးစား အလတ်စားတွေကို ဦးစားပေးပြီး ချေးငှားမယ် ဆိုတာ ကိုလည်း တင်ပြဖို့ လိုပါတယ်။ ချေးငွေဟာ အတိုးမဲ့ချေး ငွေလား၊ အတိုးနည်းနည်းနဲ့ နှစ်တိုချေးငွေလား၊ ဒါမှ မဟုတ် အတိုးနည်း နှစ်ရှည်ချေးငွေလား အစရှိသဖြင့် ချေးငွေ စနစ် အမျိုးမျိုး ရှိဖို့လိုပါတယ်။ ချေးငွေကို ဘယ်လို ပြန်ဆပ်နိုင်မလဲ။ လုံးခနဲ ပြန်ဆပ်ရမှာလား။ အရစ်ကျ ပြန်ဆပ်ရမှာလား။
၂။ အစိုးရက အကာကွယ်ပေးမှု
ဒီကိစ္စမှာ အစိုးရဘက်က လုပ်ရမှာက မိမိပြည်တွင်းက တိုင်းရင်းသားပိုင် အသေးစားအလတ်စား စက်မှု လုပ်ငန်းရှင်တွေ နိုင်ငံခြားက ဈေးပေါပေါနဲ့ ဝင်လာတဲ့ ပစ္စည်းဈေးကို မပြိုင်ဆိုင်နိုင်ရင် ရှုံးမှာ ဖြစ်တာကြောင့် ဘယ်လို ပစ္စည်းများကို နိုင်ငံခြားကနေ တင်သွင်းခွင့်ပြုပြီး ဘယ်လို ပစ္စည်းမျိုးကိုတော့ တင်သွင်းခွင့် မပြုဘူး ဆိုတဲ့ အကာ အကွယ် ပေးမှုမျိုးပါ။ ဘယ်လိုပစ္စည်းမျိုးကို ပြည်တွင်းမှာ ထုတ်နိုင်ရဲ့သားနဲ့ နိုင်ငံခြားကနေ ဈေးပေါပေါနဲ့ တင်သွင်း လာရင် အခွန်ကို ဘယ်လောက်အထိ တိုးမြှင့်ကောက်မယ် ဆိုတဲ့ စနစ်မျိုးနဲ့ အကာအကွယ် ပေးဖို့လည်း လိုပါတယ်။ ဥပမာ တခုလောက် တင်ပြရမယ် ဆိုရင် အထက် မြန်မာ ပြည်က တွင်ခုံတွေ မျိုးတုံးလုလု ဖြစ်သွားတာဟာ ဈေးပေါပေါနဲ့ တရုတ်က တင်သွင်းလာတဲ့ စက် အပိုပစ္စည်းများကြောင့် ဖြစ်ပါတယ်။
၃။ နည်းပညာ
စက်မှုလုပ်ငန်း လုပ်တော့မယ် ဆိုရင် နည်းပညာကို မေ့ထားလို့ မရတော့ပါဘူး။ နည်းပညာကို အစိုးရက တိုင်းရင်းသား လုပ်ငန်းရှင်များ အတွက် နိုင်ငံခြားကနေ ရှာဖွေတင်သွင်း ပေးနိုင်ဖို့ လိုပါတယ်။ သင်တန်းတွေ အများအပြား လိုအပ်ပါ တယ်။ ဂျပန်နိုင်ငံမှာ ဒုတိယ ကမ္ဘာစစ်အပြီး နိုင်ငံခြားကနေ နည်းပညာမျိုးစုံ တင်သွင်းဖို့ ဝန်ကြီးဌာန တခု သတ်သတ်ဖွဲ့စည်းပြီး နည်းပညာ မျိုးစုံကို သူ့နိုင်ငံက လုပ်ငန်းရှင်များ အတွက် ရှာဖွေပေးပါတယ်။ တိုးတက်ပြီးသား နိုင်ငံကြီးများကနေ နည်းပညာရဖို့ ဆိုတာ အစိုးရကိုယ်၌က အဲဒီ နိုင်ငံခြား အစိုးရများနဲ့ ပြေလည်မှသာ ရှောရှောရှူရှူ ရနိုင်ပါလိမ့်မယ်။ နည်းပညာ ကောင်းမှသာ အရည်အသွေး ကောင်းမွန်တဲ့ ပစ္စည်းများကို ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အရည်အသွေး ကောင်းမှ သူများပစ္စည်းနဲ့ ပြိုင်ရောင်း နိုင်မှာပါ။
၎။ ဈေးကွက်ရှာဖွေပေးနိုင်မှု
အသေးစား အလတ်စား စက်မှုလုပ်ငန်းရှင်များ အနေနဲ့ သူတို့ကိုယ်တိုင် ဈေးကွက်လိုက်ရှာဖို့ ဆိုတာ ခက်ခဲပါတယ်။ သူတို့ အလုပ်နဲ့သူတို့ မအားမလပ် ဖြစ်နေတဲ့ သဘာဝကြောင့် ပါ။ ပြည်တွင်းဈေးကွက်၊ အိမ်နီးချင်း ဈေးကွက်၊ တခြား နိုင်ငံရပ်ခြား ဈေးကွက်များကို ရှာဖွေဆက်စပ် ပေးဖို့ လိုပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်များက ဈေးကွက်နဲ့ ပတ်သက် လို့ မေးမြန်းလာရင် အစိုးရကိုယ်တိုင်က ဈေးကွက်နဲ့ ပတ်သက် ဆက်စပ်နေတဲ့ သတင်း အင်ဖော်မေးရှင်းတွေ ထောက်ပံ့ဖို့ လိုအပ်ပါတယ်။
၅။ လမ်းပန်းဆက်သွယ်ရေးစနစ်
လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူ ပို့ဆောင်ရေး ခက်ခဲနေသေးတယ် ဆိုရင် ဘယ်လိုမှ အလုပ်ဖြစ်နိုင်မှာ မဟုတ် သေးပါ။ ဒါကြောင့် ကားလမ်း၊ ရေလမ်း၊ သင်္ဘောဆိပ်၊ လေဆိပ်တွေဟာ အမြဲတမ်း အဆင်ပြေ လွယ်ကူစွာ အသုံးပြုနိုင်ဖို့ လိုပါတယ်။ လမ်းပန်းဆက်သွယ်ရေးက မကောင်းရတဲ့ကြားထဲ လမ်းပေါ်မှာ ဂိတ်တွေဖွင့်ပြီး အကြောင်းပြချက် မျိုးစုံနဲ့ ငွေညှစ်တာ ငွေကောက်တာမျိုး မလုပ်ဖို့လည်း လိုပါတယ်။
၆။ လျှပ်စစ်စွမ်းအင် ဈေး ချိုချိုသာသာနဲ့ ရရှိရေး
လျှပ်စစ်စွမ်းအင် ဈေးချိုဖို့ ဆိုတာ အခုအထိ အိပ်မက်လို ဖြစ်နေတုန်းပါ။ လျှပ်စစ် မလုံလောက်တဲ့ သို့မဟုတ် လုံလောက်သော်လည်း ဈေးကြီးတဲ့ နိုင်ငံတခုဟာ ဘယ်လိုနည်းနဲ့မှ အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ မရှိပါ။ မြန်မာပြည်က ထွက်နေတဲ့ သဘာဝ ဓာတ်ငွေ့တွေကို ပြည်တွင်း လုပ်ငန်းရှင်တွေ ဈေးချိုချိုနဲ့ သုံးနိုင်အောင် မစီစဉ်နိုင် သေးသမျှ စက်မှုလုပ်ငန်း တိုးတက်ဖို့ ဆိုတာကို မေ့ထားဖို့ပဲ ရှိပါတယ်။ လျှပ်စစ် လုံလောက်အောင် ဆိုပြီး ကျောက်မီးသွေး ဓာတ်အား ပေးစက်ရုံများများ ဆောက်လိုက်ရင်လည်း လျှပ်စစ်တော့ရပါရဲ့ နောင်မှာ ကိုယ်ကျိုးနည်းမယ့် ကိန်းကလည်း ရှိနေပါသေးတယ်။
၇။ အာဏာပိုင်များ ဘက်က နှောင့်ယှက် စွက်ဖက်တာမျိုး မရှိရေး
ဒီကိစ္စကို ပြောရတာက မြန်မာပြည်က အာဏာပိုင် အဆင့် ဆင့်ဟာ အရင် စိတ်ထားအဟောင်း၊ လုပ်ရပ်အဟောင်း တွေကို မစွန့်နိုင်သေးတာ ကြောင့်ပါ။ ဆိုလိုတာကတော့ စက်ရုံ၊ အလုပ်ရုံများကို အကြောင်းအမျိုးမျိုးပြပြီး ငွေကောက် ခံတာနဲ့ လာဘ်မပေးရင် ဘာမှ ဆောင်ရွက် မပေးတဲ့ အမူအကျင့်တွေကို ပြောတာ ဖြစ်ပါတယ်။
၈။ တသီးပုဂ္ဂလ ပိုင်ဆိုင်မှု အခွင့်အရေး
လုပ်ငန်းရှင်များ ပိုင်ဆိုင်တဲ့ စက်ပစ္စည်း၊ စက်ရုံ၊ မြေနဲ့ တခြား မရွှေ့ မပြောင်းနိုင်တဲ့ ပစ္စည်းဥစ္စာများကို လုံခြုံရေး အကြောင်းပြ၊ ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး သိမ်းယူတာမျိုး မလုပ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် တသီးပုဂ္ဂလ ပိုင်ဆိုင်မှု အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေမျိုးတွေ ခိုင်ခိုင်ခံ့ခံ့ ရှိဖို့လိုပါတယ်။ ခရိုနီတွေ မောင်ပိုင်စီး ထားတဲ့ လယ်သမားတွေရဲ့ မြေတွေကို တရားဝင် ခရိုနီပိုင် ဖြစ်လာ စေဖို့ လုပ်ပေးတာမျိုးတော့ မဖြစ်ဖို့လိုပါတယ်။
၉။ လိုအပ်တဲ့ သဘာဝအရင်းအမြစ်
စက်မှုလုပ်ငန်းလုပ်ပြီ ဆိုတော့ သဘာဝ အရင်းအမြစ်တွေ လိုလာပါတယ်။ စက်မှုလုပ်ငန်းရှင်တွေ လိုအပ်တဲ့ သဘာဝ အရင်းအမြစ်တွေ ရှာဖွေပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ တချိန် တည်းမှာလည်း အဲဒီ စက်မှုလုပ်ငန်းတွေကို အကြောင်းပြပြီး အလွန်အကျွံ သဘာဝအရင်းအမြစ် ထုတ်ယူတာမျိုး ကိုလည်း ရှောင်ရှားဖို့ လိုပါတယ်။
၁၀။ လုပ်သားအင်အား
လုပ်သား မရှိရင် စက်မှုရော လက်မှုရော စိုက်ပျိုးရေးရော မတိုးတက်နိုင်ပါ။ ယနေ့ မြန်မာလုပ်သားတွေ နိုင်ငံ ခြားထွက် အလုပ် လုပ်နေတာ များလာတာကြောင့် လုပ်သား အင်အားရှားပါးစပြုလာပါတယ်။ ဒါကို သတိပြုဖို့ လိုပါတယ်။ နိုင်ငံခြားထွက်တာ များရတာကလည်း ပြည်တွင်းလုပ် အားခက နည်းပါးလွန်းတာကြောင့်ပါ။ အဲဒါကြောင့် လုပ်သားများရဲ့ တနေ့တာ လုပ်အားခဟာ ခေတ်နဲ့ အညီ ဖြစ် ရပါလိမ့်မယ်။ လုပ်အားခနည်းလွန်းရင် ဘယ်သူမှ လုပ်ချင်မှာ မဟုတ်ပါ။ နိုင်ငံခြားပဲ ထွက်ကြပါလိမ့်မယ်။
၁၁။ အသေးစားအလတ်စား စက်မှုလုပ်ငန်းများနဲ့ ဆက်စပ်တဲ့ ဥပဒေများ
ဒီကိစ္စနဲ့ ပတ်သက်လို့ ဥပဒေများနည်းဥပဒေများ ပြုစုမယ် ဆိုရင် နိုင်ငံတော်တခုလုံး အတွင်းမှာ အကျုံးဝင်ပြီး ပတ်သက်ဆက်စပ်နေတဲ့ ဥပဒေမျိုးတွေ ဖြစ်ဖို့လိုသလို သက်ဆိုင်ရာပြည်နယ်များ၊ တိုင်းဒေသကြီးများရဲ့ ထူးခြားချက်များ အရလည်း အကျုံးဝင်စေတဲ့ ဥပဒေမျိုး ဖြစ်ဖို့လိုပါတယ်။ သဘောကတော့ ချင်းပြည်နယ်မှာ အဆင်ပြေ ညီညွတ်နေတဲ့ ဥပဒေပြဋ္ဌာန်းချက်တချို့ဟာ ရှမ်းပြည်နယ်တို့၊ မန္တလေးတိုင်း တို့မှာ အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒီသဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပဒေက ခိုင်ခိုင်ခံ့ခံ့ တရားမျှမျှတတ ရှိထားတယ် ဆိုရင် လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို အတော်လေး အဟန့်အတား ဖြစ်စေနိုင်တာကြောင့်ပါ။ လာဘ်ပေးလာဘ်ယူ ပုံစံမျိုးနဲ့ ကြီးကြီးမားမား ဆက်သွားနေတယ် ဆိုရင် စက်မှုဘယ်တော့မှ ထွန်းကားလိမ့်မည် မဟုတ်ပါ။ လတ်တလောမြင်တာကို ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အခုလက်ရှိ အခြေအနေမျိုးမှာ အသေးစား စက်မှုကော၊ အလတ်စား စက်မှုကော ဖွံ့ဖြိုးလာလိမ့်မယ် လို့ မထင်ပါကြောင်း။     ။

No comments:

Post a Comment