Thursday, 18 June 2015
ဘယ်ကွင်းမှာမှ မြန်မာ မရှုံးချင်ဘူး
မြန်မာတို့အဘက်ဘက်က ရှုံးနိမ် နေခဲ့ကြရသည်မှာ အချိန်ကာလ အတော်အတန်ကြာညောင်းခဲ့ပါပြီ။ ပညာရေးမှာ ရှုံးပါ၏။ မြန်မာ နိုင်ငံက အပ်နှင်းသည့် ဘွဲ့များ၊ ဒီဂရီများကို လူရိုသေ ရှင်ရိုသေ ကမ္ဘာ့ပညာအသိုက်အမြုံက အသိအမှတ်မပြုတာ အားလုံးအသိ။ ကျန်းမာရေးမှာ ရှုံးပါ၏။ မြန်မာ နိုင်ငံသားတို့ အသက်တိုကြတာ၊ မကြံ့ခိုင်၊ မတောင့်တင်းကြတာ အားလုံးအသိ။ စီးပွားရေးမှာ ရှုံးပါ ၏။ တစ်ဦးချင်း ဝင်ငွေနိမ့်ကျတာ၊ ကြွေးပတ်လည်ဝိုင်းနေတာ အားလုံးအသိ။ နိုင်ငံရေးမှာ ရှုံးပါ၏။ ယခုအထိ တည်ငြိမ်အေးချမ်းမျှတ လွတ်လပ်သည့် အနေအထားကို မဖန်တီးနိုင်သေးတာ အားလုံး အသိ။ ကိုယ်ကျင့်တရားမှာ ရှုံးပါ၏။ ခြစားမှု၊ အဂတိလိုက်စားမှု၌ ကမ္ဘာ့စံချိန်ဝင် နိုင်ငံဖြစ်နေကြောင်းကို အားလုံးအသိ။ စည်းကမ်း လိုက်နာမှုမှာ ရှုံးပါ၏။ ကားကို မောင်းချင်သလို မောင်း၊ လူတွေက ဆင်းချင်သလိုဆင်း၊ တက်ချင်သလို တက်၊ အမှိုက်ကို ပစ်ချင်သလို ပစ်၊ ကွမ်းတံထွေးကို ထွေးချင်သလို ထွေးနေကြကြောင်း လူတိုင်းအသိ။ ထို့အတူ အားကစား လောကမှာကလည်း မြန်မာတို့ရှုံးဆဲဖြစ်ပါသည်။ အထူးသဖြင့် ဘောလုံးကဲ့သို့သော ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် အားကစားနည်း၌ မြန်မာတို့ ဗိုလ်လုပွဲ မတက်နိုင်ခဲ့သည်မှာ ကြာခဲ့ပါပြီ။
မည်သည့်အားကစားနည်းတွေမှာ ရွှေမည်မျှရရ၊ ဘောလုံးပွဲမှ မနိုင်လျှင် လူရာမဝင်သလို ဖြစ်နေသည့် အားကစားကမ္ဘာကြီးထဲ ၌ အပြင်ဘက်က လူတွေနှင့်ကန်သည့် ပွဲတိုင်းတွင် မြန်မာတို့ နိုင်ချင်ကြပါသည်။ မြန်မာနိုင်ငံတွင် လူလာဖြစ်ရခြင်းအတွက် သြဇာနှင့် အာဏာကြီးသူတို့၏ ထင်သလို အပေးအယူလုပ်ကစားသည့် ပွဲတိုင်းတွင် ရှုံးပြီးရင်း ရှုံးခဲ့ကြရသည့် မြန်မာလူထုက ဘောလုံးပွဲတွေထဲမှာဖြင့် မြန်မာကို နိုင်စေချင်ကြမြဲ ဖြစ်ပါသည်။
(နှစ်)
အတ္တလန္တိတ် သမုဒ္ဒရာကြီး၏ တောင်ဘက် အစွန်နားဆီက အာဂျင်တီးနား(Argentina)ဟူ သည့် နိုင်ငံကလေးကို လူသိများ ပါသည်။ ထိုနိုင်ငံ၏မလှမ်းမကမ်းမှာက ကျွန်းကလေးတစ်ကျွန်းရှိပါသည်။ ဖောက်ကလန်(Folkland) တဲ့။
ထိုကျွန်းကို ၁၈၃၃ ခုနှစ်ကတည်းက ဗြိတိသျှတို့က ကိုလိုနီပြု ထားခဲ့ရာ ၁၉၈၂ ခုနှစ်တွင် အာဂျင်တီးနားစစ်တပ်၏ဦးဆောင်မှုဖြင့် ဗြိတိသျှသြဇာအာဏာကို အာခံ တော်လှန်သည့် လှုပ်ရှားမှုဖြစ်ပွားခဲ့ပါသည်။ ဝန်ကြီးချုပ် မာဂရက် သက်ချာက ထိုပြဿနာကို စစ်ရေးဖြင့်ပင် ဖြေရှင်းပစ်ခဲ့လိုက်ပါသည်။ တိုတိုပြောရလျှင် အာဂျင်တီးနား ရှုံးသည့်ပွဲ။ အာဂျင်တီးနားနိုင်ငံသားတို့ စိတ်ဒဏ်ရာရခဲ့သည့်ပွဲ။ ဖြစ်နိုင်လျှင် မည်သည့် နည်းနှင့်ပဲ နိုင်ရ နိုင်ရ ဗြိတိသျှတို့အပေါ် နိုင်လိုသည့်စိတ်ကို ပျိုးပေးလိုက်သည့်ပွဲ။
၁၉၈၆ တွင်ကား အာဂျင်တီးနားက အင်္ဂလန်ကို နိုင်ကြောင်းပြဖို့ အခွင့်အလမ်းပေါ်လာပါသည်။ ထိုနှစ် မက္ကဆီကိုတွင် ကျင်းပသည့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အင်္ဂလန်နှင့် အာဂျင်တီးနားတို့တွေ့ကြ ခြင်းပင်ဖြစ်ပါသည်။ ဘောလုံး ကွင်းထဲတွင် သေနတ်မပါဘဲ ဖြစ်ကြသည့် စစ်ပွဲ၌ တစ်ဂိုးစီ သရေနှင့် အဆုံးသတ်လုလု ဖြစ်နေစဉ် အာဂျင်တီးနား ကစားသမားတစ်ယောက် ကန်တင်ပေးလိုက်သည့် ဘောလုံးကို ကမ္ဘာကျော် အာဂျင်တီးနား ဘောလုံးမင်းသား မာရာဒိုနာ(Maradona)က ခေါင်းတိုက်သလိုလိုနှင့် လက်ဖြင့် အသာအယာပုတ်ကာ သွင်းထည့်လိုက်ခြင်းပင်ဖြစ်ပါသည်။ မမြင်လိုက်သူ ဒိုင်က ထိုဂိုးကို ပေးလိုက်သည့်အတွက် အာဂျင်တီးနားဗိုလ်စွဲသွားပုံမှာ ရိုးရိုးဗိုလ်စွဲခြင်း မဟုတ်ဘဲ ဖောက်ကလန်ကျွန်းစစ်ပွဲတွင် မိမိတို့ကို နိုင်ထားသည့် ဗြိတိသျှကို လက်စားချေလိုက်သည့် အောင်ပွဲအဖြစ် အာဂျင်တီးနားတစ်နိုင်ငံလုံး စိတ်ခံစားမှုတွေ ဝုန်းခနဲ မြင့်တက်သွားပါတော့သည်။
(သုံး)
ထိုသို့ ဖောက်ကလန်ကျွန်း နှင့်ဆက်နွှယ်သည့် အာဂျင်တီးနား ၏ခံစားမှုကို War Fever ဟု သုံးကြပါသည်။ စစ်၏အပူငွေ့၊ စစ်၏ အဖျားရှိန်တဲ့။ ဘောလုံးပွဲများက ခံစားမှု ပြင်းထန်မြဲဖြစ်ပါသည်။ Passion တဲ့။ မာနလည်း လွှမ်းမိုး ပါသည်။ Pride တဲ့။ ကမ္ဘာကျော် ဖရန်စစ်ဖူကူကားမား (Francis Fukuyama)ပြောသကဲ့သို့ လူ၏ ရန်လိုစိတ်၊ တိုက်ခိုက်လိုစိတ်ကို ယဉ်ကျေးသိမ်မွေ့အောင် လမ်းလွှဲ ပေးလိုက်သည်မှာ ဘောလုံးပွဲပါ ဆိုသည့် စကားက လက်ဖျားခါ လောက်ပါသည်။
(လေး)
မြန်မာတို့အဘက်ဘက်၌ ရှုံးကြောင်း ရှေ့တွင် စကားဆိုခဲ့ပါ၏။ မြန်မာ့ Passport နီညိုရောင်ကလေးကိုမြင်လျှင် မြန်မာမှန်း တန်းသိကာ ဗိုလ်ကျမှာ၊ အနိုင်ကျင့်မှာ၊ အထင်သေးမှာစိုးလို့ဟု ဆိုပြီး Passport စာအုပ်ကို အခြား အရောင် တစ်ရောင်ရောင်ဖြင့် ဖုံးပြီး ကိုင်ဖြစ်ခဲ့ကြောင်း ဝန်ခံသည့် ပြည်တော်ပြန် မြန်မာတစ်ယောက်နှင့် စကားလက်ဆုံကျဖူးပါသည်။ ထိုင်းနိုင်ငံ ရော်ဘာခင်းတွေထဲမှာ ညအခါ ရော်ဘာစေးခြစ်သည့် မြန်မာမကလေး အဓမ္မအကျင့်ခံရ ပြီး အသတ်ခံရတာ၊ မလေးရှား လမ်းကြိုလမ်းကြားက အလုပ်ပြန် မြန်မာလူငယ်ကလေး ခုတ်ထစ် သတ်ဖြတ်ခံလိုက်ရတာ။ သြော်... ကိုယ့်ရေ ကိုယ့်မြေမှာပဲ နေနေ၊ ရေခြားမြေခြားကိုပဲ ထွက်ထွက် ရှုံးပြီးရင် ရှုံးနေရသည့် မြန်မာတို့က ဘောလုံးပွဲမှာတော့ဖြင့် နိုင်ချင်ကြပါသည်။
ဆဲချင်တဲ့အခါ ဆဲပစ်လိုက်။ ဆိုချင်တဲ့အခါ ဆိုပစ်လိုက်။ ကချင်က၊ ခုန်ချင်ခုန်၊ အော်ချင်အော်၊ ဟစ်ချင်ဟစ်။ ရှုံးထားခဲ့ရတာတွေကို ဘောလုံးပွဲထဲမှာ ဖွင့်ထုတ်ပစ်လိုက်ကြရဖို့။
(ငါး)
၂၀၀၇ ဇန်နဝါရီ ၂၂ တွင် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အန်ဂျလိစ်တွင် အနိစ္စရောက်ခဲ့သူ ဆရာတင်မိုး၏ ဘောလုံးပွဲကဗျာကလေးကို ကျွန်တော်သွားပြီး အမှတ်ရမိပါသည်။
ထမင်းတစ်နပ်၊ ငတ်ပေါင်းများလှ
စိတ်မာန်ထနေသော
ဒေါသနှင့်အလုပ်သမားများ။
ရုံးအုပ်က ဆဲ၊ မိန်းမက မဲ
ကြွေးရှင်က ဆွဲ၊ မရဲမရွံ့
မဝံ့စိတ်ကျ
စိတ်မာန်ပွနေသော
ရုံးက စာရေးကလေးများ။
မှောင်ခိုကုန်တဲ့
ဘူတာရုံမှာ၊ ရှာဖွေရေးဆင်း
မျက်နှာတင်းလျက်
တောနင်းတရကြမ်း
အဖမ်းခံရ၊ ဘဝကိုနာ
စိတ်ဆာနေသော ကုန်သည်။
စာအုပ်တိုက်ပတ်ဗလစ်ရှာက
နောက်တစ်ခါမှ ငါးကျပ်ယူပါဟု
အခါခါ အချိန်းခံရသော စာရေး ဆရာ။
အလုပ်သမား၊ စာရေးစားနှင့်
ခါးကုန်းပိန်သေး၊ ရုံးစာရေးတို့
ဘောလုံးပွဲဆီ ပြေးပြီးလျှင်။
ဟေ့ကောင် နီတိုး၊ မအေရိုးကို
ခြေချိုးလိုက်ကွ။
ဟိုဘက်က စွပ်ပယား
ခေါက်ဆွဲစားသလား
ခွေးမသား စူဝက်။
စိတ်ထွက်ထွက်နဲ့၊လက်သီးဆုပ်ပြ
ဒေါသဖြစ်သမျှ
မိမိရရကော်ဆဲ
စိတ်ဆာတာနဲ့ အတော်ပဲ
ရင်ထဲ ဒါမှ ရှင်းလေသတည်း။
ဘောလုံးပွဲအပြီး
ထီးစုတ်ကလေးနှင့် စာရေးဆရာ
ပတ်ဗလစ်ရှာထံ
မျက်နှာချိုသွေး
အရေးဆိုရန်
ခပ်ကုပ်ကုပ်နှင့် သုတ်သုတ် ပြန်လေပြီ။
အလုပ်သမား
ဘတ်စ်ကားကို တိုး၊ ညှိုးလျလျ မျက်နှာနှင့်
သာကေတကို ပြန်ရရှာချေပြီ။
နောက်တစ်နေ့ မနက်
စာရေးကလေး ရုံးပြန်တက်သော်
ရုံးအုပ်ရှေ့မှာ ကြွက်
မျက်နှာကလေး ဆီးရွက်နှင့်
လက်နှိပ်စက် ရိုက်နေပြန်လေသတည်း။
နေရာတိုင်းမှာ ရှုံးရသူတို့ ဘောလုံးကွင်းအတွင်းသို့သွားကာ အော်ဟစ်ဆဲဆို ဖောက်ခွဲပစ်လိုက်ရပုံကို ဖွဲ့ထားသည့် ဆရာတင်မိုး၏ကဗျာဖြစ်ပါသည်။
မြန်မာကန်သည့် ဘောလုံးပွဲတိုင်းမှာ မြန်မာပရိသတ်က ထုကြီးထည်ကြီးနှင့် အားပေးကြတာကို နေရာတိုင်းမှာ တွေ့နိုင်ပါသည်။ မကျေနပ်သည်တို့ကို အော်ဟစ် ဖောက်ခွဲရင်းက မြန်မာလူထုကြီးက နိုင်ချင်နေကြပါပြီ။ အမြဲတမ်း အရှုံးပေးရသည့် ပတ်ဝန်းကျင်နိုင်ငံကြီးငယ်တို့ကို နိုင်ချင်သည်။ ဓမ္မ နှင့် အဓမ္မ ဗိုလ်လုသည့် ပွဲတွင်လည်း ဓမ္မက နိုင်ချင်သည်။ သင့်တင့်လျောက်ပတ်သည့် ပြိုင်ပွဲ စည်းကမ်းကို ရေးဆွဲကာ တော်တည့်မှန်ကန်သော ဒိုင်လူကြီးများ က စည်းကြပ်ပေးခဲ့ကြမည် ဆိုလျှင်ပေါ့။ ။
No comments:
Post a Comment